သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာပဋိပက္ခမှာ သေဆုံးရတဲ့ သတင်းသမား အရေအတွက်များပြား


ဂါဇာဖက်မှပစ်လာတဲ့လက်နက်သံကြားကြောင့် အကာအကွယ်ယူနေကြတဲ့ သတင်းသမားများ၊ နိုဝင်ဘာ ၅၊ ၂၀၂၃။
ဂါဇာဖက်မှပစ်လာတဲ့လက်နက်သံကြားကြောင့် အကာအကွယ်ယူနေကြတဲ့ သတင်းသမားများ၊ နိုဝင်ဘာ ၅၊ ၂၀၂၃။

၂၀၂၃ ခုနှစ်ဟာ သတင်းအလုပ်လုပ်ရင်း သေဆုံးခဲ့ရတဲ့ မီဒီယာသမား အရေအတွက် မကြုံစဖူး မြင့်တက် လာတဲ့နှစ် ဖြစ်နေပြီး အများစုက ဂါဇာမှာဖြစ်တယ်လို့ ပြင်သစ်အခြေစိုက် နိုင်ငံတကာ သတင်းထောက် များ အဖွဲ့ချုပ် (IFJ) က ပြောပါတယ်။

ဒီနှစ်ထဲမှာ သတင်းမီဒီယာသမား ၉၄ ဦး အသတ်ခံခဲ့ရပြီး ၄၀၀ နီးပါး ထောင်ထဲတွင် ရှိနေကြောင်း ကမ္ဘာတဝှမ်းက သတင်းထောက်တွေကို ကိုယ်စားပြုတဲ့ အဲဒီအဖွဲ့ကြီးက သောကြာနေ့က ထုတ်ပြန်တာပါ။ သတင်းမီဒီယာသမားတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ အပေါ် စိုးရိမ်ပူပန်မိကြောင်းကြောင်း IFJ က ထုတ်ပြန်ခဲ့ပြီး အစိုးရတွေအနေနဲ့ “ဒီလူသတ်မှုတွေကို အလုံးစုံ စုံစမ်းဖော်ထုတ်ပြီး သတင်းသမားတွေ ဘေးကင်းရေးအတွက် အစီအမံတွေချမှတ်ဖို့” လည်း တိုက်တွန်းထားပါတယ်။

ဟာမတ်စ်နဲ့ အစ္စရေးစစ်ပွဲအတွင်းသေဆုံးရတဲ့ သတင်းသမားအရေအတွက်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် သုံးခုအတွင်း တခြားပဋိပက္ခတွေ အားလုံးထက် ကျော်လွန်သွားခဲ့ပါတယ်။ အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟာမတ်စ်က တိုက်ခိုက်ခဲ့ပြီးနောက်မှာ တရက်ကို သတင်းထောက် တယောက်နှုန်းနဲ့ သေဆုံးနေပြီး သေဆုံးသူက ၆၈ ဦးထက်မနည်း ရှိနေပြီလို့ ဆိုပါတယ်။

ဒါဟာ ဒီနှစ်အတွင်း ကမ္ဘာတဝန်း သေဆုံးရတဲ့ မီဒီယာသမား အားလုံးရဲ့ ၇၂ % ရှိပါတယ်။ ရုရှားတပ်တွေ ကျူးကျော်ခဲ့တာ နှစ်နှစ်နီးပါး ကြာပြီဖြစ်တဲ့ ယူကရိန်းဟာလည်း “သတင်းသမားတွေအတွက် အန္တရာယ်ရှိတဲ့နိုင်ငံ” အဖြစ်ဆက်‌ရှိနေပါတယ်။

ဒီနှစ်ထဲ ယူကရိန်းမှာ စစ်ပွဲအတွင်း သတင်းနဲ့ မီဒီယာသမား သုံးဦးသေဆုံးခဲ့ကြောင်း IFJ က ပြောပါတယ်။ ဒါ့အပြင်အာဖဂန်နစ္စတန်၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာလည်း သတင်းသမား တွေ သေဆုံးခဲ့ကြောင်းပြောပါတယ်။

ဒီနှစ်အတွင်းကမ္ဘာတဝှမ်း အကျဉ်းကျခံနေရတဲ့ သတင်းမီဒီယာသမား စုစုပေါင်းက ၃၉၃ ဦးရှိပါတယ်။ ဒီထဲမှာ တရုတ်နဲ့ ဟောင်ကောင်မှာ သတင်းသမား ၈၀ ဦး နဲ့ အများဆုံး အဖမ်းခံနေရပြီး သူ့နောက်မှာ တော့ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံက ၅၄ ဦးနဲ့ ဒုတိယ လိုက်ပါတယ်။ အဲဒီနောက်မှာတော့ တူရကီမှာ ၄၁ ဦး၊ ရုရှားမှာ ၄၀ ဦး၊ ရုရှားသိမ်းထားတဲ့ ခရိုင်းမီးယားမှာ ၃၅ ဦး၊ ဘယ်လာရုစ်မှာ ၃၅ ဦး၊ အီဂျစ်မှာ ၂၃ ဦး နဲ့ အသီးသီးနဲ့ သတင်းသမားတွေ အဖမ်းခံနေရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG