သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ ၄၁ ဦးမြောက် George Bush ကိုလွှတ်တော်မှာ နိုင်ငံသားတွေ ဂါရဝပြု


အမေရိကန်နိုင်ငံရဲ့ ၄၁ ဆက်မြောက် သမ္မတဖြစ်တဲ့ ကွယ်လွန်သူ George H.W. Bush အတွက် နိုင်ငံတော် ဈာပန အခန်းအနား မကျင်းပခင် အင်္ဂါနေ့မှာ အမေရိကန်အလံလွှမ်းခြုံထားတဲ့ သမ္မတ Bush ရဲ့ ရုပ်ကလပ်ထားရှိရာ ဝါရှင်တန် ဒီစီက လွှတ်တော် ဗဟိုခန်းမထဲကို ပြည်သူတွေ တဖွဲဖွဲ လာရောက် ဂါရဝပြုနေကြပါတယ်။

လာရောက်ကြသူတွေထဲမှာ သာမန် အမေရိကန်ပြည်သူတွေ ပါဝင်သလို သမ္မတ Bush လက်ထက်က တာဝန်မျိုးစုံ ထမ်းဆောင်ခဲ့ကြသူတွေနဲ့ CIA ဗဟိုထောက်လှန်းရေးဌာနက လက်ရှိနဲ့ အနားယူထားသူတွေလည်း ပါဝင်ကြပါတယ်။ ဒီအထဲမှာ အထက်လွှတ်တော် အများစု အမတ်ဟောင်း တဦးဖြစ်တဲ့ Bob Dole ကတော့ လွှတ်တော် ခန်းမထဲကို ဘီးတပ်ကုလားထိုင်နဲ့ လာရောက်ပြီး ဂါရဝ ပြုခဲ့တာပါ။

အမေရိကန် သမ္မတ Donald Trump နဲ့ သမ္မတ ကတော် Melania Trump တို့ကလည်း ကွယ်လွန်သူ သမ္မတ George H.W. Bush ရဲ့ သားဖြစ်သူ ၄၃ ဆက်မြောက် သမ္မတဖြစ်တဲ့ သမ္မတဟောင်း George W. Bush ၊ သမ္မတကတော်ဟောင်း Laura Bush နဲ့ Bush မိသားစုတို့ကို Blair House မှာ သီးသန့် လာရောက် တွေ့ဆုံပြီး ဝမ်းနည်းစကား ပြောကြားခဲ့ကြပါတယ်။

သမ္မတ Trump နဲ့ သမ္မတကတော်တို့ဟာ တနင်္လာနေ့ ညကလည်း လွှတ်တော် ဗဟိုခန်းမထဲမှာ ပြုလုပ်တဲ့ အောက်မေ့ဘွယ် အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။ သမ္မတ Bush ရဲ့ ရုပ်ကလပ်ဘေးမှာ သမ္မတ Trump နဲ့သမ္မတကတော် တို့ဟာ မိနစ်ပိုင်းလောက် ငြိမ်သက်စွာ ရပ်ပြီး နှလုံးသားရှိရာ ရင်ဘတ်ပေါ်မှာ လက်တင်ပြီး ဂါရဝ ပြုခဲ့ကြပါတယ်။

သမ္မတ Bush ဟာ စစ်မှန်တဲ့ အမေရိကန်ရဲ့ ကြီးမြတ်မှုအတွက် စံနမူနာဘဝကို ဦးဆောင်လမ်းပြခဲ့သူ ဖြစ်တယ်လို့ သမ္မတ Trump က လွှတ်တော်အမတ်တွေဆီ စာရေးသားပြီး သမ္မတ Bush ကို ဂုဏ်ပြုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG