သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးချုပ် Merkel ပါတီခေါင်းဆောင်အဖြစ်မှ နောက်နှစ်ကုန် နုတ်ထွက်


ဂျာမဏီ ဝန်ကြီးချုပ် Angela Merkel ဟာ ရှေ့နှစ်ဒီဇင်ဘာလမှာ ကျင်းပမယ့် သူ့ရဲ့ Christian Democrats ပါတီညီလာခံမှာ ဥက္ကဌအဖြစ် ဝင်ရောက် အရွေးချယ်ခံတော့မှာ မဟုတ်ပဲ အခုတာဝန်ထမ်းဆောင်နေတဲ့ စတုတ္ထအကြိမ်မြောက် ဝန်ကြီးချုပ်သက်တမ်း ၂၀၂၁ မှာ ကုန်ဆုံးမယ့် အချိန် ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာလည်း ပဉ္စမမြောက်သက်တမ်း အတွက် ဝင်ရောက် အရွေးခံတော့မှာမဟုတ်ကြောင်း တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။ တလ အတွင်းမှာပဲ ဒုတိယအကြိမ်မြောက် ဒေသတွင်းရွေးကောက်ပွဲမှာ သူ့ရဲ့ ညွန့်ပေါင်း အစိုးရအဖွဲ့ ရှုံးနိမ့်ခဲ့တဲ့ နောက် အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ဂျာမဏီနိုင်ငံမှာ တနင်္ဂနွေနေ့ကကျင်းပတဲ့ Hesse ပြည်နယ် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် Angela Merkel ရဲ့ Christian Democrats ပါတီ ရှုံးနိမ့်ခဲ့သလို သူ့ရဲ့ ညွန့်ပေါင်းမဟာမိတ် ပါတီဖြစ်တဲ့ ဆိုရှယ် ဒီမိုကရက်တစ်ပါတီလည်း ရှုံးနိမ့်ခဲ့ပါတယ်။ အခုလို ကြွယ်ဝချမ်းသာတဲ့ ဟက်ဆီ Hesse ပြည်နယ်သားတွေက သူတို့ကို မဲမပေးပဲ ရှုံးနိမ့်ခဲ့တာဟာ အတိုက်အခံ Green party ရဲ့ အကြီးဆုံး အောင်ပွဲ တရပ် ဖြစ်တဲ့ နည်းတူ ဝန်ကြီးချုပ် Merkel ရဲ့ အနာဂတ်အတွက်လည်း မေးခွန်းထုတ်စရာတွေ ဖြစ်လာတာပါ။

ဒီလ အစောပိုင်းတုန်းကလည်း Merkel ရဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ ထဲမှာပါတဲ့ ပါတီတွေဟာ ဂျာမဏီ အရှေ့တောင်ပိုင်း Austria နဲ့ ချက်ပြည်သူ့သမ္မတ နိုင်ငံတွေနဲ့ ကပ်နေတဲ့ Bavaria ပြည်နယ် ရွေးကောက်ပွဲမှာလည်း အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

တနင်္လာနေ့ကတော့ သူ့ရဲ့ ခရစ်ယန်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရှိရာကို ရောက်လာတဲ့ ဝန်ကြီးချုပ် Merkel က သူ့ရဲ့ ဆန္ဒကို အခုလို သတင်းထောက်တွကို ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

"ကျမတို့အနေနဲ့ ကဏ္ဍသစ်တရပ် ဖွင့်ဖို့ လိုအပ်နေပြီလို့ထင်ပါတယ်။ ဒါကြောင့် အခုအချိန်ဟာ ကျမရဲ့ ဆုံးဖြတ်ချက် တချို့ကို မျှဝေပေးရမယ့် အချိန်ပါ။ လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ခရစ်ယန် ဒီမိုကရက်တစ်ပါတီရဲ့ ကွန်ဂရက်ကျရင် သမ္မတအဖြစ် ကျမဝင်ပြီး အရွေးခံတော့မှာ မဟုတ်ပါဘူး။ အခု စတုတ္ထအကြိမ်မြောက် သက်တမ်းဟာ ကျမရဲ့ ဂျာမဏီနိုင်ငံဝန်ကြီးချုပ်တာဝန်ထမ်းဆောင်တဲ့ နောက်ဆုံး သက်တမ်းဖြစ်ပါတယ်။ လာမယ့် ၂၀၂၁ လွှတ်တော်ရွေးကောက်ပွဲတွေမှာ ဝန်ကြီးချုပ်အနေနဲ့ရော၊ အစိုးရအဖွဲ့ထဲမှာရော တခြားဌာန ဘယ်ဌာန မှာမှ ဝင်ပြီး အရွေးခံမှာ မဟုတ်ပါဘူး။”

တနင်္ဂနွေနေ့ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက သူ့ရဲ့ ခရစ်ယန် ဒီမိုကရက်တစ်ပါတီ အတွင်းမှာပဲ သူ့ကို နောက်တကြိမ် ပြန်ပြီး ခေါင်းဆောင် အဖြစ် ပြန်အရွေးမခံသင့်ဘူးလို့ ပါတီတွင်း ဝေဖန်မှုတွေတိုးလာခဲ့တာပါ။ ဒါ့အပြင် ဂျာမဏီမှာ သမရိုးကျ အုပ်ချုပ်နေကျ ပါတီတွေကို လူထုရဲ့ ထောက်ခံမှု ကျဆင်းလာသလို မဲဆန္ဒနယ် အစိတ်အပိုင်းတချို့လောက်သာ သူတို့ကို ထောက်ခံမှုရှိတော့တယ် ဆိုတာကို သိသာစေပါတယ်။

၂၀၁၅ ရွှေ့ပြောင်းဝင်ရောက်လာသူတွေရဲ့ ပြဿနာ နဲ့ပတ်သက်ပြီး အဝေဖန် ခံရမှုတွေများနေချိန်မှာပဲ အခုလို တနင်္ဂနွေနေ့ ရွေးကောက်ပွဲ ရှုံးနိမ့်သွားခဲ့တာတာဟာ အပိုင်းပိုင်း ပြိုကွဲနေတဲ့ ဂျာမဏီနိုင်ငံရေးရဲ့ ပုံရိပ်ကို ပိုပေါ်လွင်လာစေတာဖြစ်ပါတယ်။

Hesse ပြည်နယ်မှာ Greens ပါတီအတွက် မဲပေးသူတွေဟာ အရင်က ၈ % လောက်ပဲ ရှိရာကနေ အခု ရာခိုင်နှုန်း ၂၀ အထိ တက်လာခဲ့တာ ဖြစ်ပြီး လက်ယာယိမ်းပါတီဖြစ်တဲ့ Alternative for Germany ပါတီက မဲအားလုံးရဲ့ ၁၂ ရာခိုင်နှုန်း ရခဲ့တာပါ။

အသက် ၆၄ နှစ် ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ် Angela Merkel ဟာ ဥရောပမှာ စီးပွါးရေး အကြီးထွားဆုံးဖြစ်တဲ့ ဂျာမဏီနိုင်ငံကို ၁၃ နှစ်ကြာ အုပ်ချုပ်ခဲ့သူပါ။ သူအခု နိုင်ငံရေးလောကကနေ အနားယူဖို့ စီစဉ် လိုက်တာဟာ သူ့ရဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်း မပြေလည်မှုတွေ အဆုံးသတ်သွားဖို့ မျှော်လင့် ထားတယ်လို့လည်း ပြောပါတယ်။ သူအခုလို နှုတ်ထွက်ဖို့ ကြေညာပြီးချိန်မှာတော့ သူ့နေရာကို ဆက်ခံဖို့ အနဲဆုံး ၄ ယောက်က ဝင်ရောက် အရွေးခံလိုတဲ့ ဆန္ဒရှိကြောင်း ထုတ်ပြောခဲ့ကြပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ် Merkel ကတော့ သူ့နေရာကို ဆက်ခံမယ့် သူအမည်စာရင်းကို တင်သွင်းမှာ မဟုတ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG