သုံးရလွယ်ကူစေသည့် Link များ

အနိုင်ရ ဂျာမနီဝန်ကြီးချုပ် Merkel အကဲစမ်းမှုများရင်ဆိုင်ဖို့ ပြင်ဆင်

  • ကိုကျော်အောင်လွင်

လက်ရှိဝန်ကြီးချုပ် Angela Merkel

ဂျာမနီနိုင်ငံမှာတနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် Angela Merkel က လေးကြိမ်မြောက် သက်တမ်းအတွက် အနိုင်ထပ်ရသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့သုံးလ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်ရုံးရေးတွေစလုပ်ခဲ့တဲ့ အချိန်ကတည်းက သူပဲ အနိုင်ရလိမ့်မယ် လို့အများကတွက်ထားကြတာပါ။ ဒါပေမယ့်လည်း ၀န်ကြီးချုပ် Merkel ရဲ့လက်ရှိ အာဏာရ ပါတီဖြစ်တဲ့ ခရစ်ယာန်ဒီမိုကရက်ပါတီက မျှော်လင့်ထားတာထက်မဲရတာပိုနည်းခဲ့ပြီး လက်ယာစွန်းပါတီက ထင်တာထက်မဲတွေ ပိုရခဲ့ပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ပြောပြပါလိမ့်မယ်။

ဂျာမနီရွေးကောက်ပွဲရဲ့တရားဝင်မဲရလာဒ်တွေကိုကြေညာလိုက်တော့ လက်ရှိဝန်ကြီးချုပ် Angela Merkelကို ထောက်ခံသူတွေက ၀မ်းသာအားရအော်ဟစ်ခဲ့ကြတဲ့အသံတွေပါ။ ခရစ်ယာန်ဒီမိုကရက်ပါတီ CDUနဲ့ ခရစ်ယာန်ဆိုရှယ် ယူနီယံ CSUတို့က ပူးတွဲပါတီပါ။ တနင်္ဂနွေနေ့ကရွေးကောက်ပွဲမှာ ဒီပူးတွဲပါတီက မဲအရေအတွက်အားလုံးရဲ့ ၃၃ရာခိုင် နှုန်းကိုရခဲ့လို့ လက်ရှိဝန်ကြီးချုပ် Angela Merkelဟာ စစ်ပြီးခေတ် ဂျာမနီဝန်ကြီးချုပ်တွေထဲမှာ သက်တမ်း၎ကြိမ်ဆက် တိုက်အာဏာရခဲ့သူ၃ဦးထဲမှာ တဦးအပါအ၀င်ဖြစ်သွားခဲ့ပါပြီ။

CDUနဲ့CSUပူးတွဲပါတီက မဲအားလုံးရဲ့ ၃၆ရာခိုင်နှုန်းကနေ ၃၉ရာခိုင်နှုန်းလောက် နဲ့နိုင်လိမ့်မယ်လို့လူထုသဘောထား ကောက်ယူမှုတွေအရခန့်မှန်းထားကြပေမဲ့ ထင်တာထက်လျှော့ပြီးမဲရခဲ့ပါတယ်။

Alternative for Germanyလို့ခေါ်တဲ့ AFD ပါတီက အခုတခေါက်ရွေးကောက်ပွဲမှာ လူကြိုက်များတဲ့ပါတီတခုဖြစ်ခဲ့ပြီး ဒီပါတီက အငြင်းပွါးစရာလက်ယာစွန်း အမျိုးသားရေးပါတီပါ။ AFD ပါတီက မဲအားလုံးရဲ့၁၃ရာခိုင်နှုန်းလောက်ရခဲ့တာပါ။ ၀န်ကြီးချုပ် Merkelက ရှေ့မှာကြုံရမယ့် အခက်အခဲတွေကို ကျော်ဖြတ်သွားမယ်လို့ဆိုပါတယ်။

“လာမယ့်သီတင်းပတ်တွေကတော့ လွယ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ CDUနဲ့CSU ပါတီတွေကတော့ တိုင်းပြည်အတွက် သူတို့မှာဘာတာဝန်တွေရှိသလဲဆိုတာကို သဘောပေါက်ထားတဲ့ပါတီတွေပါ။ ကျမတို့လုပ်ငန်းအစီအစဉ်တွေအတွက် ဒါဟာ အရေးကြီးသလို ပြည်သူတွေအတွက်လည်း အရေးကြီးတယ်ဆိုတာကို ကျမတို့သဘောပေါက်နားလည်ထားပါ တယ်။ ဒီလိုစိတ်ဓါတ်နဲ့ လာမယ့်သီတင်းပတ်တွေကို ဖြတ်သန်းနိုင်မယ်လို့ကျမအခိုင်အမာယုံကြည်ထားပါတယ်။”

ဂျာမနီလွှတ်တော်မှာနေရာရဖို့က မဲအားလုံးရဲ့ ၅ရာခိုင်နှုန်းရှိဖို့လိုပါတယ်။ လက်ယာစွန်း AFD ပါတီက ၁၃ရာခိုင်နှုန်း တောင်ရထားတော့ လွှတ်တော်ထဲမှာ အသာလေးနဲ့ဝင်ထိုင်ယုံပါပဲ။ နာဇီခေတ်နောက်ပိုင်း အမျိုးသားရေးဝါဒီတွေ ပထမဆုံးအကြိမ်အဖြစ် ဂျာမနီလွှတ်တော်ထဲ ရောက်လာတော့မယ့်သဘောပါ။ AFD ပါတီရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ Alexander Gaulandက ဘာကြောင့်သူတို့လူထုထောက်ခံမှုတွေရသလဲဆိုတာကို ရှင်းပြပါတယ်။

“ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးပါတီတွေက လမ်းပေါ်ကပြည်သူတွေရဲ့ ခံစားချက်တွေကိုလေ့လာ မနေတော့ဘူးဆိုတာ သိပ်ရှင်းနေပါတယ်။ ဒီပါတီတွေဟာ ပေါင်းပြီးတော့ပဲဖြစ်ဖြစ် တစိတ်ပိုင်း အားဖြင့်ပဲ ဖြစ်ဖြစ် လူအများက မလုပ်စေချင် တော့တဲ့အရာတွေကိုပဲ မူဝါဒချပြီးလုပ်နေကြပါတယ်။ နိုင်ငံခြားသားတွေအကြီးအကျယ်ဝင်နေတဲ့ ပြဿနာ တိုင်းပြည်မှာ ကြုံနေတဲ့ကို ဒီပါတီတွေက ပြောင်းလဲအောင်မလုပ်ချင်ကြပါဘူး။ ပြည်သူတွေဟာ သူတို့အတွက် ဘာမှအရေးမကြီးဘူး ဆို တာသိပ်ရှင်းနေပါတယ်။ အဲဒါကြောင့် ပြည်သူတွေက သူတို့လိုချင်တာဘာလဲဆိုတာကို အခုရွေးကောက်ပွဲမှာပြလိုက် ကြတာပါပဲ။”

အမျိုးသားရေးလက်ယာစွန်း AFD ပါတီ အခုလိုလူကြိုက်များလာတာဟာ ၀န်ကြီးချုပ် Angela Merkel ကြောင့်ဆိုပြီး သွယ်ဝိုက်အပြစ်တင်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အရှေ့အလယ်ပိုင်းဒေသ စစ်ပြေးဒုက္ခသည်တွေကို ၂၀၁၅ခု နှစ်မှာ ၀န်ကြီးချုပ် Merkelက တံခါးဖွင့်ဝါဒ နဲ့လက်ခံခဲ့လို့ပါပဲ။ လောလောဆယ်မှာတော့ ညွန့်ပေါင်းအစိုးရတရပ်ဖွဲ့ စည်းဖို့ ၀န်ကြီးချုပ် Merkelက ဆွေးနွေးညှိနှိုင်းမှုတွေ စပြီးလုပ်ပါတော့မယ်။ ၂၀၁၃ခုနှစ်တုန်းက လွှတ်တော်မှာ တနေရာမှ မရခဲ့တဲ့ Free Democrats ပါတီနဲ့ Green Partyတွေနဲ့ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့မှာပါ။

အသက်၆၃နှစ်အရွယ် ၀န်ကြီးချုပ်Merkelရဲ့နိုင်ငံ့ခေါင်း ဆောင်တာဝန်ယူထားတဲ့ ဆယ်နှစ်ကျော်ကာလ အတွင်း ပြင်သစ်မှာ သမ္မတ ၄ ဦး ပြောင်းခဲ့ပါတယ်၊ အမေရိကန်မှာတော့ သမ္မတ ၃ ဦး၊ ဗြိတိန်နိုင်ငံ မှာ ၀န်ကြီးချုပ် ၄ဦး၊ အီတလီမှာ ၀န်ကြီးချုပ် ၆ဦး၊ ဂျပန်မှာ ၀န်ကြီးချုပ် ၇ဦးပြောင်းလဲခဲ့ပါတယ်။ ဂျာမဏီနိုင်ငံရဲ့ဥပဒေအရ ၀န်ကြီးချုပ်တဦးအနေနဲ့တာဝန်ထမ်းဆောင်နိုင်တဲ့ သက်တမ်းအရေအတွက်ကို ကန့်သတ် မထားပါဘူး။

XS
SM
MD
LG