ကမ္ဘာတဝှမ်း ဆိုက်ဘာအင်တာနက် တိုက်ခိုက်မှုတွေ ဒီရက်ပိုင်းကြုံနေရတာမှာ အိန္ဒိယနိုင်ငံက အကြီးဆုံး ကုန်တင်ဆိပ်ကမ်းတခုမှာလည်း ဒီကနေ့ တိုက်ခိုက်ခံရပါတယ်။ အစိုးရဌာနချုပ်ရုံးတွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာလည်း ကွန်ပျူတာစနစ်ကိုသုံးပြီး ငွေညှစ်တောင်းယူတဲ့ ransomware code သုံးပြီး တိုက်ခိုက်တာတွေ ခံရပါတယ်။
မွန်ဘိုင်းမြို့က Jawaharlal Nehru ဆိပ်ကမ်းမှာ ကြုံရတဲ့ ဒီဆိုက်ဘာ တိုက်ခိုက်မှုမှာ ဒိန်းမတ်နိုင်ငံက သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကုမ္ပဏီ A.P. Moller-Maersk က စီမံခန့်ခွဲတဲ့ ကုန်တင်ကုန်ချ ဆိပ်ကမ်းနေရာက ကွန်ပျူတာတွေလည်း ပါပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေမှာ အင်္ဂါနေ့က ဆိုက်ဘာတိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ဖြစ်ခဲ့တာနဲ့အမျှ ဆိပ်ကမ်းအတော်များများမှာရှိတဲ့ သူတို့ရဲ့ ကွန်ပျူတာတွေ တိုက်ခိုက်ခံရတဲ့အကြောင်း A.P. Moller-Maersk က ပြောပါတယ်။
သြစတြေးလျနိုင်ငံက ကုမ္ပဏီနှစ်ခုမှာလည်း ပြန်ပေးငွေတောင်းတဲ့ ransomware ကွန်ပျူတာဗိုင်းရပ်စ်နဲ့ တိုက်ခိုက်တာခံရပြီး ဒါဟာ အခု ကမ္ဘာတဝှမ်းမှာ တိုက်ခိုက်ခံနေရတဲ့ ကွန်ပျူတာဗိုင်းရပ်စ်နဲ့ အတူတူပဲလား ဆိုတာကို တာဝန်ရှိသူတွေက အတည်မပြုနိုင်သေးပေမဲ့လို့၊ အလားတူ ဖြစ်နိုင်ချေများတဲ့အကြောင်း သြစတြေးလျ ဆိုက်ဘာလုံခြုံရေးဝန်ကြီး Dan Tehan က သတင်းထောက်တွေကို ဒီကနေ့ ပြောပါတယ်။ ဆိုက်ဘာ တိုက်ခိုက်ခံရတဲ့အကြောင်း ပထမဆုံး သတင်းထွက်ခဲ့တာကတော့ ယူကရိန်းနိုင်ငံက ဘဏ်တွေ၊ အစိုးရရုံးတွေနဲ့ လေဆိပ်တွေမှာဖြစ်ပါတယ်။ ကမ္ဘာတဝှမ်း ဆိုက်ဘာတိုက်ခိုက်ခံရတဲ့ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းကြီးတွေထဲမှာတော့ အမေရိကန် Merck ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ၊ ရုရှားက Rosneft ရေနံကုမ္ပဏီ၊ ဒိန်းမတ်နိုင်ငံက A.P. Moller-Maersk သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ၊ ဗြိတိန်က WPP ကြော်ညာ လုပ်ငန်းကုမ္ပဏီ နဲ့ ပြင်သစ်နိုင်ငံက Saint-Gobain စက်မှုလုပ်ငန်း အဖွဲ့တွေ ပါဝင်ပါတယ်။