သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်းထရမ့်အပေါ် လုပ်ကြံဖို့ ကြိးစားမှုအတွက် ပြည်တွင်း၊ ပြည်ပ ရှုတ်ချ


မဲဆွယ်စည်းရုံးရေးပွဲတခုအပြီး Harry Reid နိုင်ငံတကာကို ရောက်ရှိလာတဲ့ ရီပါဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် (စက်တင်ဘာ ၁၄၊ ၂၀၂၄)
မဲဆွယ်စည်းရုံးရေးပွဲတခုအပြီး Harry Reid နိုင်ငံတကာကို ရောက်ရှိလာတဲ့ ရီပါဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် (စက်တင်ဘာ ၁၄၊ ၂၀၂၄)

အမေရိကန်သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးစားခဲ့ကြောင်း ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI က အတည်ပြုလိုက်ပြီးနောက် နိုင်ငံရေးအကြမ်းဖက် လုပ်ရပ်တွေကို ပြည်တွင်း၊ ပြည်ပ ပြစ်တင်ရှုတ်ချမှုတွေနဲ့ လုံခြုံရေး ပိုမို တင်းကြပ်ဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်လာပါတယ်။

“ဒီသတင်းကြားရတဲ့အပေါ် အထူး စိုးရိမ်မိပါတယ်။ ကြည့်ရတာတော့ လုပ်ကြံဖို့ ကြိုးစားပုံရပါတယ်။ အခုစုံစမ်း စစ်ဆေးမှုတွေလုပ်နေတဲ့အတွက် အသေးစိတ်တော့ ကျနော် မပြောလိုပါဘူး။ ဒါပေမယ့် အကြမ်းမှုလုပ်ရပ်ဟာ နိုင်ငံရေးနယ်ပယ်ထဲမှာ လုံးဝ နေရာမရှိဘူး၊ ဒီလို အကြမ်းဖက်တဲ့လုပ်ရပ်ကို လုံးဝ လက်ခံလို့မရဘူးဆိုတာကို ကျနော်တို့ ရှင်းရှင်းလင်းလင်း ပြသဖို့ လိုပါတယ်” - လို့ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer ကပြောသွားတာပါ။ ဒီဖြစ်ရပ်အတွက် အလွန်စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ နိုင်ငံရေးကို အကြမ်းဖက်မှုနဲ့ မရောယှက်သင့်ဘူးလို့ ပြောပါတယ်။

သမ္မတဟောင်း Trump မနေ့ တနင်္ဂနွေနေ့က ဂေါက်ကွင်းမှာရှိနေချိန် ကြုံခဲ့ရတဲ့ ဖြစ်ရပ်အပေါ် အံ့ဩ တုန်လှုပ်မိကြောင်း နိုဝင်ဘာ သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်ပါတီ ပြိုင်ဘက်ဖြစ်သူ လက်ရှိ ဒုသမ္မတ Kamala Harris က ပြောပါတယ်။ အကြမ်းဖက်မှုတွေ ပိုမိုကြီးထွားမလာအောင် ဝိုင်းဝန်း ကြိုးပမ်းကြရမယ်လို့လည်း ပြောပါတယ်။

သမ္မတ Joe Biden ကလည်း သမ္မတဟောင်း Trump ကို ဘေးကင်းလုံခြုံစွာ စောင့်ရှောက်နိုင်ရေးအတွက် Secret Service အထူးလုံခြုံရေးတပ်ဖွဲ့တွေ လိုအပ်တာတွေကို ဆက်လက် ဖြည့်ဆည်းပေးသွားမှာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။ မနေ့ကဖြစ်ရပ်အတွက် သမ္မတဟောင်း Trump ရဲ့ ရီပတ်ဘလီကန်ပါတီက လွှတ်တော်အမတ်တွေ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေအပြင် ဒီမိုကရက်ပါတီက လွှတ်တော်အမတ်တွေကလည်း ဝေဖန် ရှုတ်ချခဲ့ကြပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ သမ္မတဟောင်း Trump အထိအခိုက်မရှိတာ ကြားသိရတဲ့အတွက် ဝမ်းသာကြောင်း ပြောခဲ့သလို၊ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Israel Katz ကလည်း ဒုတိယအကြိမ် လုပ်ကြံမှုနဲ့ ကြုံခဲ့ရတဲ့ သမ္မတဟောင်း Trump အတွက် ဆုမွန်ကောင်းတောင်းကြောင်း ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG