ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲကကျေးရွာတရွာမှာ ရွှေတူးတာကို ဒေသခံရွာသားတွေက သွားရောက်ကန့်ကွက်ရာကနေ အချင်းများပြီးနောက် MNDAA ကိုးကန့်တပ်က ပစ်ခတ်တာကြောင့် အနည်းဆုံး အရပ်သား (၆) ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသွားသူတွေထဲမှာ ကချင် KIO အဖွဲ့က ခွင့်နဲ့ ပြန်သွားသူတယောက်ပါတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက VOA ကိုပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ ကိုးကန့်တပ် MNDAA က ထိန်းချုပ်ခဲ့တဲ့ ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာအုပ်စုက ပြိန်းခမ်းကျေးရွာမှာ ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ ကချင်လူမျိုးတွေအပါအဝင် ဒေသခံတွေ အားထားနေ ကြတဲ့ ရေအရင်းအမြစ်စတင်ရာမှာ တရုတ်တွေကရွှေတူးတဲ့အတွက် ကချင်တိုင်းရင်းသားတွေ ကန့်ကွက်ရာက ကိုးကန့် MNDAA တပ်က ပစ်ခတ်လို့ (၆) ဦးသေဆုံးခဲ့ပါတယ်။ မတ်လ (၅) ရက် ဗုဒ္ဓဟူးနေ့ နေ့ခင်း (၂) နာရီလောက်မှာ ပစ်ခတ်မှုဖြစ်ခဲ့တဲ့အခြေအနေကို ကွတ်ခိုင်မြို့နယ်က ဒေသခံတဦးက VOA ကို အခုလို ပြောပြပါတယ်။
“မုံးစီးမှာက သူက ရေထွက်ဦး ခေါ်တာပေါ့။ ရေအရင်းအမြစ် စတင်တဲ့နေရာပေါ့။ ချောင်းပေါ့ သူက အားကိုးအားထားပြုရတဲ့နေရာပေါ့။ ဒေသခံ တရုတ်တွေက ရွှေတူးကြတော့ ကချင်တွေကပေါ့နော်၊ မလုပ်နဲ့ပေါ့နော် ဒီဟာ ရေထွက်တဲ့နေရာပျက်စီးသွားမယ်ပေါ့။ သွားတားတာ။ တားတော့ တရုတ်တွေ က လက်မခံဘူး။ လက်မခံတဲ့အခါကျ ကချင်ဒေသခံတွေကနေပြီးတော့ KIA ကို သွားတိုင် တာ။ တိုင်တော့ KIA က ရောက်လာတယ်။ ရောက်လာပြီး တရုတ်တွေကို နည်းနည်းပါးပါး ရိုက်နှက်လိုက်တာ နေမှာပေါ့။ ရိုက်နှက်ခံရတဲ့ ရွှေကျင်တဲ့တရုတ်တွေကနေပြီး ကိုးကန့်သွားတိုင်တာ။ ကိုးကန့်က ရောက်လာပြီးမှ စကား အချေအတင်ဖြစ်ပြီး ပစ်ခတ်ကြတာ။ (၆) ယောက်သေတယ်။”
ဒဏ်ရာရသူလည်း (၆) ဦးထက် မနည်း ရှိခဲ့ပါတယ်။ သေဆုံးမှု၊ ဒဏ်ရာရမှုအတွက် ဖြေရှင်းပေးဖို့ မုံးစီးမှာရှိတဲ့ MNDAA ရုံးရှေ့မှာ ဒေသခံတွေ သွားရောက် တောင်းဆိုခဲ့ကြပါတယ်။ သေဆုံးသူ (၆) ဦးမှာ KIA တပ်ဖွဲ့ဝင်နှစ်ဦးပါဝင်တယ်လို့ ပြည်တွင်းသတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ ကချင်လွတ်မြောက်ရေးတပ် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ခွင့်ပြန်နေတဲ့ KIO အဖွဲ့ဝင်တဦး အရပ်ဝတ်နဲ့ အခင်းဖြစ်ပွားရာမှာ ပါဝင်ပြီး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ မုံးစီးဒေသမှာ အရင်ထဲက MNDAA တပ်ဖွဲ့က ရွှေတူးဖော်တာရှိနေပြီး ရေထွက်နေရာမှာ မတူးဖော်ဖို့ ဒေသခံတွေက ကန့်ကွက်ခဲ့တာရှိကြောင်းနဲ့ ယခုအကြိမ်မှာလည်း အရင် (၃) ရက်လောက်ကတည်းက မတူးဖော်ဖို့ ဆွေးနွေးတာတွေ ရှိခဲ့ကြောင်း ပြောပါတယ်။ လက်ရှိအခြေအနေကို ဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပြပါတယ်။
“ဒါပေမဲ့ သူတို့က ဆက်ပြီး ရွှေတွေ တူးဖော်နေတာ။ ဒါကြောင့် ပြည်သူလူထုတွေကတော့ ရပ်မိရပ်ဖတွေက ဝိုင်းလာပြီးမှ ပြောတယ်တဲ့။ အဲဒီအချိန်မှာ MNDAA စစ်သားတယောက်ကတော့ သေနတ်တွေ မောင်းတင်ပြီးမှာ ခြိမ်းခြောက်တယ်လို့ ပြောတယ်။ အဲဒါကို ပြည်သူလူထုက အဲလို မလုပ်ဖို့ ကိစ္စနဲ့ ပြန်ပြီးမှ ပြောတယ်။ သေနတ်တွေ ဝိုင်းပြီးမှ လုတာပေါ့။ အချေအတင်တွေ အငြင်းအခုန်တွေ ဖြစ်တယ်တဲ့။ ဒါပေမဲ့ အဲဒီကိစ္စက အဲဒီနေရာမှာတင် ပြေလည်သွားတယ်လို့ ပြောတယ်။ ဆိုတော့ ပြည်သူလူထုတွေလည်း အိမ်ပြန်ပြီးမှ အဲဒီလမ်းမှာပဲ MNDAA တွေက အဲဒီမှာ စောင့်နေပြီးမှ သေနတ်နဲ့ ပစ်တယ်တဲ့။ ပြည်သူလူထုတွေ (၆) ဦးကတော့ ပွဲချင်းပြီးသေပြီးမှ (၆) ဦး ဒဏ်ရာရတယ်လို့ ကျနော်တို့ စုံစမ်းထားတာတော့ အဲလောက်ရှိပါတယ်ခင်ဗျ။ ”
ကချင်နဲ့ကိုးကန့်တပ် ပြဿနာဖြစ်တာမဟုတ်ဘဲ ပြည်သူနဲ့ဖြစ်တဲ့ပြဿနာလို့ ကချင်တပ် KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ လောလောဆယ်မှာတော့ ဒေသခံလူထုတွေနဲ့ MNDAA လူကြီးတွေ ညှိနှိုင်းနေကြတယ်လို့ ပြောပါတယ်။
“ပြည်သူလူထုတွေကတော့ အဲဒီ MNDAA လူကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ညှိနှိုင်းနေတယ်တဲ့။ ဒါပေမဲ့ အဖြေကတော့ ဆုံးဖြတ်ချက်တွေ၊ သဘောတူညီချက်တွေ ဘယ်လို ရလာသလဲ အဲဒီအပိုင်းကတော့ မကြားရသေးပါဘူး။ အခုလောလောဆယ် ပထမဦးဆုံးကတော့ ပြည်သူလူထုနဲ့ ဖြစ်တဲ့ပြဿနာ ဆိုတော့ ပြည်သူလူထုနဲ့ အရင် ညှိနှိုင်းအဖြေရှာတဲ့အဆင့်ပဲ ဖြစ်ပါတယ်ခင်ဗျ။
MNDAA ဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ အခင်းဖြစ်ရာ မုံးစီးဒေသဟာ အရင်က ကချင်ဒူးဝါတွေအုပ်ချုပ်ခဲ့ပြီး ယခုအခါမှာ ကချင်၊ တရုတ်နဲ့ ရှမ်းလူမျိုးတွေ နေထိုင်နေကြတာလည်း ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ကို TNLA တအာင်းတပ်၊ နမ့်ဖတ်ကာကို KIA နဲ့ တာမိုးညဲ၊ မုန်းစီးဒေသကို MNDAA က သိမ်းယူခဲ့ပါတယ်။ အဲဒီနောက် နယ်မြေစိုးမိုးမှုနဲ့ပတ်သက်ပြီး ဒေသတွင်းမှာ လက်နက်ကိုင်အဖွဲ့ အချင်းချင်း အကြားမှာရော လက်နက်ကိုင်အဖွဲ့နဲ့ ဒေသခံတွေအကြားမှာပါ အချင်းများမှုတွေ မကြာခန ဖြစ်ခဲ့ပါတယ်။
အရင်ဖြစ်ပွားခဲ့တဲ့ အချင်းများမှုတွေမှာတော့ လက်နက်နဲ့ ဖြေရှင်းတာမရှိခဲ့ဘဲ ယခုတကြိမ်ကတော့ လူသေတဲ့အထိ ဖြစ်ခဲ့တာပါ။
တိုက်ပွဲသတင်းဘက် ဆက်ရရင်တော့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖားကန့်ဒေသခံက ပြောပါတယ်။
“မနေ့ညက (၉) နာရီကျော်လောက်မှာ တပ်မဟာ (၉) ဘက်ကို ဗုံးကြဲသွားတယ်တဲ့။ ဒီမနက်လည်း တပ်မဟာ (၂) တပ်ရင်း (၁၄) ဒေသပေါ့။ တနိုင်း ရွှေမှော်ဘက်ကိုလည်း လေယာဉ်နဲ့ ဗုံးကြဲသွားတာ ရှိတယ်။ ပြီးရင် ဒီညနေ (၂) နာရီ (၅၀) မှာလည်း ဂျက်ဖိုက်တာတစီးနဲ့ အနန့်ပါဘက်ကို ဗုံး ၃- ၄လုံး ကြဲသွားတယ်။”
အထိအခိုက်အခြေအနေကိုတော့ မသိရကြောင်း ပြောပါတယ်။ ဒီကနေ့အထိလည်း ဗန်းမော်မြို့ စကခ (၂၁) မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အခုဆို ဗန်းမော်မြို့တိုက်ပွဲဟာ သုံးလ ကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။
Forum