သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးထိမိုးမိ ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ တရားစွဲဆိုခံရ


အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ရွှေတူးဖော်ရေး (National Prosperity Gold Production Group Ltd)
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ရွှေတူးဖော်ရေး (National Prosperity Gold Production Group Ltd)

မိုးထိမိုးမိဒေသ ရွှေတူးဖော်ရေးမှာ အကြီးစားရွှေလုပ်ကွက်တွေ ရယူလုပ်ကိုင်ခဲ့တဲ့ အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီ ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွန်းအောင်စိုးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့် ဖမ်းဆီးအရေးယူလိုက်ပါတယ်။

သတ္တုတွင်းဝန်ကြီးဌာန နိုင်ငံဝန်ထမ်းတွေကို နစ်နာစေဖို့ ရည်ရွယ်ပြီး အဂတိလိုက်စားမှုနဲ့ မမှန်မကန်လုပ်ကြံ တိုင်ကြားတယ်ဆိုပြီး၊ ဦးထွန်းအောင်စိုးကို မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မတီရဲ့ ကနဦးတိုင်ကြားချက်နဲ့ အခုလို အရေးယူလိုက်တာပါ။ အခုလို မမှန်မကန်တိုင်ကြားမှုမှာ အကူအညီပေးသူနှစ်ဦး ကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ ပြည်သူပိုင် ပစ္စည်းကာကွယ်ရေး ဥပဒေနဲ့ ဖမ်းဆီးခံထားရသူ ၁၀ ဦးကို တရားရုံးမှာ မမှန်မကန် ထွက်ဆိုဖို့ စီစဉ်ခိုင်းခဲ့တာ ပေါ်လွင်ပြီး အခုလို အရေးယူတာဖြစ်တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြောခွင့်ရသူ ဦးကျော်စိုးက ဗွီအိုအေကို ရှင်းပြခဲ့ပါတယ်။

"ကျနော်တို့ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆/၁ နဲ့ အမှုဖွင့်ပြီးတော့မှ ဒီ ၁၀ ဦးကနေ အရေးယူခံထားသူတွေကို သူတို့ကနေမှ ငွေပေးပြီးတော့မှ ဒီဝန်ထမ်းတွေက ဒီမှာ သတ္တုခိုးတူးနေတယ်ဆိုတာကို ပြောပေးဖို့ သူတို့တွေကို မမှန်မကန် သွားပြီးတော့ ထွက်ဆိုခိုင်းတာ ၊ သွားညှိတာပေါ့နော် ။ ခင်ဗျားတို့ ဒီလိုပြောပေး ဒီ သတ္တုတွင်း ဝန်ထမ်းတွေ နဲ့ လုံခြုံရေး ဝန်ထမ်းတွေက ငွေပေးပြီးတော့ သူတို့ခိုးတူးတာ ငွေပေး ရပါတယ်ဆိုတာ ထွက်ပေးပါဆိုပြီး ဦးထွန်းအောင်စိုး ညွှန်ကြားချက်နဲ့ အဲဒီ ၁၀ ဦးကို မမှန်မကန် သက်သေထွက်ခိုင်းတာ ။ စုံစမ်းစစ်ဆေးရေးအဖွဲ့ကလည်း သွားစစ် လိုက်တဲ့အခါ သူတို့ မမှန်မကန် သက်သေထွက်ဆိုတယ်ဆိုတာ ပေါ်သွားတယ်။ ပေါ်သွားတဲ့အတွက်ကြောင့် ဒီလိုမျိုး အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုး အပါအဝင် ၃ ဦးကို ကျနော်တို့ အခုလို တရားစွဲဖို့လုပ်နေတာပေါ့နော်။"

မိုးထိမိုးမိဒေသ အကြီးစားရွှေလုပ်ကွက်တွေမှာ တရားမဝင် ရွှေသတ္တုတူးဖော်မှုတွေမှာ တာဝန်ရှိ ဝန်ထမ်းတွေ တွေက အဂတိလိုက်စားနေတယ်ဆိုပြီး စုံစမ်းဖော်ထုတ်ပေးဖို့ ကနဦးအားဖြင့် ဦးထွန်းအောင်စိုးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်တန်းခဲ့တာပါ။ ဒီအပေါ် ကော်မရှင်က စုံစမ်းစစ်ဆေးရင်း အခုလို မမှန်မကန်လုပ်ကြံ တိုင်တန်းမှုတွေ ထုတ်ဖော်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ အခု အရေးယူခံရမှုနဲ့ပတ်သက်လို့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဖက်ကတော့ တစုံတရာထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

အမှတ်(၂) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်ကို တိုင်ကြားချက်အရ ကော်မရှင်စုံစမ်းစစ်ဆေးပြီး ဧပြီလ ၁ရက်နေ့တုန်းကတော့ အမှုဖွင့် အရေးယူခဲ့ပါတယ်။ ဒီအမှုမှာတော့ ကော်မရှင်ကြေညာချက်အတိုင်း သီးခြား စုံစမ်းတွေ့ရှိချက်အပေါ်မှာ ဦးသံဒိုင်ကို အရေးယူခဲ့တာလို့ ဦးကျော်စိုးက ပြောပါတယ်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဟာ မိုးထိမိုးမိဒေသ ရွှေလုပ်ကွက်တွေမှာ လုပ်ငန်း လိုင်စင်ရထားခဲ့ပေမယ့်၊ နိုင်ငံကိုပြန်ပေးသွင်းရမယ့် ရွှေပမာဏ မပေးသွင်းနိုင် တာကြောင့် စာချုပ် စည်းကမ်းနဲ့ ဥပဒေတွေနဲ့အညီ ပြီးခဲ့တဲ့နှစ်တုန်းက လုပ်ငန်းလိုင်စင် ပြန်လည်သိမ်းယူခံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG