သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးထိမိုးမိနဲ့ ရွှေကြွေး ကျပ် ဘီလျံ ၁၁၀ဖိုး ပြဿနာ ဘယ်လိုရှင်းကြမှာလဲ


မိုးထိမိုးမိ ရွှေမိုင်းကနေ တွေ့ရှိခဲ့တဲ့ရွှေကြော
မိုးထိမိုးမိ ရွှေမိုင်းကနေ တွေ့ရှိခဲ့တဲ့ရွှေကြော

အခုရက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ရွှေတူးဖော်ရေး ကုမ္ပဏီဖြစ်တဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီနဲ့ အစိုးရ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဝန်ကြီးဌာနဘက်က ပယ်ဖျက်လိုက်ပြီး အစိုးရကို ပေးသွင်းဖို့ ကျန်နေတဲ့ ရွှေတွေ ရဖို့ တရားစွဲတော့မယ် ဆိုတဲ့ သတင်းပါ။ အစိုးရဘက်က ရစရာရှိတာကလည်း နည်းနည်းနောနော မဟုတ်ပါဘူး။ ပိသာ ၁၂၀၀ ကျော်ရှိတယ်လို့ သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဝန်ကြီးဌာနက ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်က မေလ ၁၇ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေ မေးတာကို ဖြေကြားရာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒါဟာ လက်ရှိ ရွှေပေါက်ဈေးနဲ့ တွက်ရင် ကျပ်ငွေ ဘီလျံ ၁၁၀၊ ဒေါ်လာနဲ့ဆို သန်း ၈၀ ကျော် ဖိုးလောက် ရှိနေတာမို့ အတော့်ကို များပြားတဲ့ ပမာဏပါ။ အစိုးရနဲ့ ဦးစိုးထွန်းရှိန် ဦးဆောင်တဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဘယ်လို စာချုပ် ချုပ်ခဲ့ကြသလဲ၊ အခုလို စာချုပ်ဖျက်သိမ်း၊ တရားစွဲရမယ့် အခြေအနေထိ ဘယ်လို ရောက်ခဲ့ရသလဲ၊ ဒီ အဖြစ်အပျက်ကနေ ဘာတွေ သင်ခန်းစာ ယူနိုင်မလဲ ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ စက်တင်ဘာလမှာ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိ ဒေသ၊ ဧရိယာ ဧက ၆၁၀၀ ကျော်ရှိတဲ့ လုပ်ကွက်ကြီး (A) မှာ ရွှေ တူးဖော်ခွင့် တင်ဒါခေါ်ယူခဲ့ပါတယ်။ အဲဒီ တင်ဒါမှာ ကုမ္ပဏီ ၁၈ ခု ဝင်ပြိုင်ခဲ့ပြီး၊ ဦးစိုးထွန်းရှိန် ဦးဆောင်တဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဟာ (၅) နှစ်တာ လုပ်ကိုင်ခွင့်အတွက် ရွှေစင် ၅ ဒသမ ၅၇၇ တန် ၊ တစ်နည်းအားဖြင့် ရွှေပိသာချိန် ၃၄၀၀ ကျော်၊ ပေးမယ်ဆိုပြီး လေလံဆွဲခဲ့ရာမှာ လေလံအောင်မြင်ပြီး လုပ်ကိုင်ခွင့် ရခဲ့ပါတယ်။ စာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်တွေအရ ကုမ္ပဏီအနေနဲ့ တင်ဒါအောင်တာကနေ ၂၀၁၂ မတ်လ အထိ ပြင်ဆင်ချိန်ကာလ အဖြစ် သတ်မှတ်ထားပေးပြီး ၂၀၁၂ ဧပြီလ ကနေ စာချုပ်သက်တန်းကုန်မယ့် ၂၀၁၆ ဖေဖေါ်ဝါရီ ၂၆ မတိုင်မီအထိ တစ်လ ရွှေစင် ၇၃ ပိသာစီ ပေးသွင်းရမယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ကုမ္ပဏီဟာ သတ်မှတ်ထားတဲ့အတိုင်း ရွှေတွေ ပေးသွင်းနိုင်ခြင်း မရှိပါဘူး။ အကြောင်းပြချက်ကတော့ ထူထောင်မှု ကာလ အချိန်နည်းတယ်၊ နောက် ပုဒ်ပြတ်စနစ်နဲ့ ရွှေ၅တန်ခွဲကျော်ကို ၅ နှစ်အတွင်း ပေးသွင်းရမှာ တိုတောင်းလွန်းတယ် ဆိုပြီး စာချုပ်ကို ပြန်ပြင်ချုပ်ပေးဖို့ သမ္မတဆီ တင်ပြပါတယ်။ အဲဒီအချိန် သမ္မတရုံးကလည်း ခွင့်ပြုတာမို့ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့မှာ စာချုပ်ကို ပြန် ပြင်ဆင်ချုပ်ဆိုကြပါတယ်။ အဲလို ပြင်ဆင်ထားတဲ့ စာချုပ်အရ ကုမ္ပဏီဟာ နဂို ပုတ်ပြတ် ၅ နှစ် လုပ်ကိုင်ခွင့် နေရာမှာ ၈ နှစ် လုပ်ကိုင်ခွင့် ရခဲ့ပါတယ်။ သဘောကတော့ ၂၀၁၉ ခုနှစ် သြဂုတ်လ အထိ လုပ်ကိုင်ခွင့်ရသွားတဲ့ သဘောပါ။ ဒါတင်မက နောက်ဆက်တွဲ အနေနဲ့ နောက်ထပ် ၁၈ နှစ်ကို ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားတဲ့ စနစ်နဲ့ လုပ်ကိုင်ခွင့် ရခဲ့ပါတယ်။ စာချုပ်အရ ရွှေပေးသွင်းမှုကို ပထမ ထူထောင်မှုကာလ၊ ပထမ ထုတ်လုပ်မှု ကာလ၊ ဒုတိယ ထူထောင်မှုကာလ နဲ့ ဒုတိယ ထုတ်လုပ်မှုကာလ ဆိုပြီး (၄)ပိုင်း ပိုင်းလိုက်ပါတယ်။ ပထမ ထူထောင်မှု ကာလ မှာတုန်းက နဂိုစာချုပ်အရ တစ်လ ရွှေ ၇၃ ပိသာနဲ့ ၆ လအတွက် ရွှေ ၄၃၈ ပိသာ ပေးသွင်းရပါမယ်။ နောက်ပိုင်း ၂၀၁၄ ဇန်နဝါရီကနေ ၂၀၁၅ မတ်လ အထိ တစ်လ ပျမ်းမျှ ရွှေ ၂၄ ပိသာစီ၊ ၂၀၁၅ ဧပြီကနေ ဒီဇင်ဘာ အထိ တစ်လ ၃၆ ပိသာစီ၊ ၂၀၁၆ နှစ်ဆန်းကနေ ၂၀၁၉ စက်တင်ဘာ အထိ တစ်လ ပိသာ ၆၀ ပေးသွင်းရမယ်လို့ ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။

ဒါပေမယ့်လည်း ဦးစိုးထွန်းရှိန် ဦးဆောင်တဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဟာ ရွှေကို ဆက်ပြီး ထုတ်နေပေမယ့် အဲဒီ စာချုပ်ပါအတိုင်း အစိုးရကို ရွှေပေးသွင်းနိုင်ခြင်း မရှိခဲ့ပြန်ပါဘူး။ ဒီအတွက် ကုမ္ပဏီဟာ အစိုးရအဖွဲ့ဆီ ထပ်ပြီး တင်ပြတဲ့အတွက် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ၂၀၁၄ စက်တင်ဘာ ၁၂ ရက်နေ့မှာ စာချုပ်ကို ဒုတိယ အကြိမ် ပြင်ဆင် ချုပ်ဆိုခဲ့ပြန်ပါတယ်။ ဒီလို ပြင်ဆင်ရာမှာ နဂိုသတ်မှတ်ချက်ဖြစ်တဲ့ ၈ နှစ်အတွင်း ရွှေ ၅တန်ခွဲကျော် ပေးသွင်းရမှာကို မပြင်ဆင်ပဲ လစဉ်ရွှေ ပေးသွင်းရမယ့် ပုံစံကို ပြင်ဆင်ပေးလိုက်တာ ဖြစ်ပါတယ်။

စာချုပ်အရ ကုမ္ပဏီဟာ ၂၀၁၆ နှစ်ကုန်အထိ အစိုးရကို တစ်လ ၂ ပိသာ၊ ၃ ပိသာ၊ ၇ ပိသာ၊ ၁၅ ပိသာ အစရှိသဖြင့် နည်းနည်းစီ ပေးသွင်းသွားဖို့ ဖြစ်ပြီး ၂၀၁၇ နှစ်ဆန်းကနေစ သက်တန်း ကုန်ဆုံးချိန်အထိ တစ်လ ပိသာ ၉၀ကျော်စီ ပေးသွင်းရမယ်လို့ ပြင်ဆင်သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ၂၀၁၆ နှစ်ကုန်အထိ ပိသာ ၃၆၀ ကျော်လောက်ပဲ ပေးသွင်းဖို့ လိုပြီး နောက်ဆုံး ၃ နှစ်ဝန်းကျင်မှာမှ ပိသာ ၃၀၀၀ ကျော် ပေးသွင်းမယ် ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒီစာချုပ်ကိုကြည့်ရင် အစိုးရတာဝန်ရှိသူတွေဟာ ကုမ္ပဏီဘက်က တောင်းဆိုသမျှ လိုက်လျောလိုက်တဲ့ပုံ ရပါတယ်။

နောက်ပိုင်း ၂၀၁၅ မတ်လကုန်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရသစ် တက်လာပါတယ်။ ဒါပေမယ့်လည်း ကုမ္ပဏီဟာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် အဲဒီ နောက်ဆုံးပြင်ဆင်ထားတဲ့ စာချုပ်အတိုင်းလည်း ရွှေတွေ မပေးသွင်းနိုင်ဘူးလို့ သယံဇာတ နဲ့ သဘာ၀ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဝန်ကြီးဌာနဆီကို တင်ပြလာပြန်ပါတယ်။ အကြောင်းပြချက်ကတော့ ဒီရွှေမိုင်းကို လေလံဆွဲခဲ့စဉ် အခါက အရင် အိုင်ဗင်ဟိုး ကုမ္ပဏီက စမ်းသပ်တွေ့ရှိထားတဲ့ ရွှေပါဗြုန်းတန်ချိန်၊ ရွှေသတ္တု ပါဝင်မှုနှုန်း အတိုင်း ရွှေမထွက်တဲ့အတွက် စာချုပ်ပါအတိုင်း ရွှေတွေ မပေးသွင်းနိုင်ဘူး၊ ဒါကြောင့် စာချုပ်ကို ပြန်ချုပ်ဆိုလိုတယ်လို့ ဆိုပါတယ်။ ဒီအခါ ဝန်ကြီးဌာနဘက်က အငြိမ်းစား သတ္တုတွင်း အရာထမ်းတွေ၊ ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ Third Party တတိယ အဖွဲ့ တစ်ဖွဲ့ ဖွဲ့ပေးပြီး လွတ်လပ်စွာ စုံစမ်းစစ်ဆေးစေပါတယ်။ နောက်ဆုံး အဲဒီ အစီရင်ခံစာ တင်ပြချက်အရ ကုမ္ပဏီဟာ သတ်မှတ်ထားတဲ့ နှစ်မှာ သတ်မှတ်ထားတဲ့ ရွှေတန်ချိန်ပမာဏ ပေးသွင်းနိုင်တယ်၊ ဒါကြောင့် စာချုပ်ကို ပြင်ဆင်စရာ မလို ဆိုပြီး အကြံပြုတင်ပြခဲ့ပါတယ်။ နောက်ပိုင်း အဲဒီ အကြံပြုတင်ပြချက်အတိုင်း ဝန်ကြီးဌာနဘက်က စာချုပ်ကို ပြင်မပေးတော့ပဲ ကုမ္ပဏီအနေနဲ့ စာချုပ်ပါ အတိုင်းလုပ်ဖို့၊ စာချုပ်ပါအတိုင်း သတ်မှတ်ရွှေတွေကို ပေးသွင်းဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဟာ တစ်ဖက်မှာ ရွှေကို ဆက်ပြီး ထုတ်နေပေမယ့် တစ်ဖက်မှာတော့ အစိုးရဆီကို သတ်မှတ် ရွှေပမာဏ မပေးသွင်းနိုင်ပဲ ၂၀၁၈ ဖေဖေါ်ဝါရီလမှာ ရွှေထုတ်လုပ်ခွင့် ပါမစ် လုံး၀ ရပ်စဲတာ ခံရပါတယ်။ တဆက်တည်း စာချုပ်ပါ စည်းကမ်းချက်အရ ရက်ပေါင်း ၉၀ အကြာ မေလ ၁၇ ရက်နေ့မှာ အစိုးရဘက်က စာချုပ်ကို အပြီး ရပ်စဲလိုက်ပြီ ဖြစ်ပါတယ်။ ဒီအတွက် ကုမ္ပဏီဘက်က ငွေကြေးအရင်းအနှီး အများကြီး စိုက်ထုတ် လုပ်ကိုင်ထားတဲ့ လုပ်ငန်းကြီး ရပ်ဆိုင်းရမှာ ဖြစ်သလို၊ အလုပ်သမား အတော်များများလည်း အလုပ်လက်မဲ့ ဖြစ်ကြရမှာပါ။ ဒါ့အပြင် ကျပ်ငွေ ဘီလျံ ၁၁၀ လောက်ပေးလျော်ရဖို့ ရှိတဲ့ အစိုးရရဲ့ တရားစွဲတာကိုလည်း ခံရဦးမှာပါ။

ဖြစ်စဉ်အားလုံးကို ခြုံငုံကြည့်လိုက်ရင် အရင် အစိုးရအဆက်ဆက်က လုပ်ခဲ့ကြတဲ့ အစိုးရတင်ဒါရအောင် ဖြစ်နိုင် မဖြစ်နိုင် အသေအခြာ မစူးစမ်းပဲ ကြေးများများ ပေးပြီး တင်ဒါဆွဲ၊ တင်ဒါရ၊ လုပ်ငန်းလုပ်ရင်း အဆင်မပြေရင် အစိုးရဆီ တင်ပြ၊ အစိုးရကလည်း လွယ်လွယ် ပြင်ပေး၊ ဖျက်ပေး၊ အလျော့ပေး၊ အဲလို လုပ်နိုင်ရေးအတွက် လာဘ်ပေးလာဘ်ယူမှုတွေ အများကြီးဖြစ် ဆိုတဲ့ အခြေအနေမျိုးကို တွေ့မြင်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အင်န်အယ်လ်ဒီ အစိုးရလက်ထက်မှာ အဲလို အမှားမျိုးကို ပြင်ဆင်ပြီး အဂတိတရားကင်းကင်း ဘက်လိုက်မှု မရှိပဲ ပြသနာတွေကို ကိုင်တွယ်ရင်း ခုလို အခြေအနေမျိုး ပေါ်ပေါက်လာတာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG