သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြ မိုးထိမိုးမိရွှေလုပ်သားတချို့ ယာယီအချုပ်ခံရ


ဆူပူလှုံ့ဆော်မှုတွေနဲ့ တရားစွဲဆိုခံရပြီးတဲ့နောက် ထောင်ဒဏ်ကျခံထားရတဲ့ မိုးထိမိုးမိ ရွှေလုပ်သားခေါင်းဆောင်တွေနဲ့ အပြင်က အမှု ရင်ဆိုင်ဖို့လာတဲ့ မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ထဲက မိုးထိမိုးမိ ရွှေလုပ်သားတွေကို အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီက ခြိမ်းခြောက်မှု၊ ပိုက်နက်ကျူးလွန်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။ အဲ့ဒီနောက် ရမည်းမြို့နယ် တရားရုံးကနေ ရမည်းသင်းထောင်အချုပ်မှာ ယာယီ ထိန်းသိမ်းတဲ့အနေနဲ့ အချုပ်ချထားလိုက်ပါတယ်။ အပြည့်အစုံကိုတော့ မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသမှာ နှစ်ရှည်လများ တနိုင်တပိုင် လုပ်ကိုင်ခဲ့ကြတဲ့ ရွှေလုပ်သားတွေနဲ့ ၂၀၁၁ ခုနှစ်က လေလံလုပ်ပိုင်ခွင့်ရလာတဲ့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီတို့ကြားမှာ လုပ်ကိုင်စားသောက်ဖို့ ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုရာကနေ အခုလိုမျိုး တရာစွဲဆိုခံရမှုတွေ၊ ပြစ်ဒဏ်ကျမှုတွေ ဖြစ်လာခဲ့ရတာပါ။

ဖမ်းဆီးခံထားရတဲ့ ရွှေလုပ်သား ကိုရဲရင့်ထွန်းရဲ့ ဇနီးဖြစ်သူက လွတ်ရက်စေ့ခါနီး သူရဲ့ ခင်ပွန်း အပါအဝင် လူ ၁၄ ဦးဟာ နောက်ထပ်ပုဒ်မတွေနဲ့ ချုပ်နှောင်ခံခဲ့ရတယ်လို့ အခုလို ပြောပြပါတယ်။

“တောင်ငူထောင်ကနေ ၅ ရက်နေ့က ရွှေ့ခဲ့တယ်ရှင့်။ ၈ ရက်နေ့က ရုံးတင်တယ်ဆိုပြီးတော့မှ ကိုရဲရင့်ထွန်း အပါအဝင် အားလုံး ၁၄ ယောက်ကိုပေါ့နော် ဆင့်စာတွေနဲ့ ရောက်လာတယ်။ အပြင်က လူကကျတော့ ၁၁ ယောက်၊ အထဲမှာကျတော့ ကိုရဲရင့်ထွန်းရယ်၊ ကိုနိုင်ဝင်းရယ်က ၅၀၅ (ခ) နဲ့ ကျပြီးသား လူနှစ်ယောက်၊ ကိုဖိုးဇော်ဆိုတာက ရမည်းသင်းထောင်မှာ ကျပြီးသား လူတယောက်ပေါ့နော် အထဲက အချုပ်သားက ၃ ယောက် အပြင်က ၁၁ ယောက်နဲ့ပေါ့နော် သူတို့တွေ အကုန်လုံး တရားရင်ဆိုင်ရမယ်ဆိုပြီး အဲ့ဒီနေ့က တရားရင်ဆိုင်ဖို့အတွက်ကို လာကြတယ်။ လာတဲ့လူတွေ အကုန်လုံးကို နေပူထဲမှာ ထားထားတယ်ပေ့ါ အမရယ်၊ တနေကုန် ဘာမှလည်း မပြောဘူး။ ရုံးတင်မယ်၊ ရုံးတင်မယ် ဒါပေမဲ့လို့တော့ တရားခံထုတ်ဖို့က တရားသူကြီးက လက်မှတ်မထိုးပေးသေးဘူးဆိုပြီးတော့မှ ရဲဘက်ကနေ ကျမတို့ကို ပြောတာပေါ့။”

“အဲ့ဒါနဲ့ ကျမတို့ကလည်း စောင့်နေတာ။ ဒုတိယမြို့နယ် တရားသူကြီးရုံးမှာ စစ်တာရှင့်။ ၅ နာရီခွဲပြီဆိုတော့မှ ကျမတို့ကို ရုံးတင်တယ်။ ရုံးတင်တဲ့အခါကျတော့ တရားသူကြီးက ဒီအမှုကို သူ လက်ခံတယ်ပေါ့။ ဘယ်သူတွေလာတယ်၊ ဘယ်သူ လာတွေဆိုပြီးတော့ နာမည်တွေ ခေါ်ပြီးတဲ့အခါကျတော့ အချိန်အခါ နှောင်းသွားပြီဖြစ်တဲ့အတွက် ဒီအမှုကို သူတို့ မစစ်တော့ပါဘူးတဲ့။ အပြင်က ၁၁ ယောက်ကိုလည်း ယာယီထိန်းသိမ်းထားပါ မယ်ဆိုပြီးတော့ အကုန်လုံးကို အချုပ်ချလိုက်တယ်ရှင့်။ အဲ့တော့ အပြင်က လူက ၁၁ ယောက်၊ အထဲကလူက ၃ ယောက်နဲ့ဆိုတော့ ၁၄ ယောက်ပေါ့ရှင့် အခုလောလောဆယ် ရမည်းသင်းအကျဉ်းထောင်ထဲမှာ ရှိနေပါတယ်။”


အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီက ၂၀၁၁ ခုနှစ်ကစပြီး မိုးထိမိုးမိတောင်မှာ ဧကပေါင်း ၆၁၀၅ ဧကကို လေလံရခဲ့ပြီး ရွှေတူးဖော်ရေးကို လုပ်ကိုင်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့ ဒေသခံတွေ တနိုင်တပိုင်လုပ်တဲ့ ရွှေလုပ်သားတွေနဲ့ ပြသာနာတွေ တက်ခဲ့ပါတယ်။ ဒေသခံရွှေလုပ်သား အမျိုးသမီး ပြောတာက -

“သူတို့ပိုင်တယ်ဆိုတဲ့ ၆၁၀၅ ဧက က နိုင်ငံတော်နဲ့ တရားဝင်လွဲှထားတဲ့အတွက် သူတို့ပိုင်နက် ဆိုပြီးတော့မှ သူတို့က ပိုင်နက်ကျူးလွန်မှုလို့ လုပ်တာပေါ့နော်။ ကျမတို့ကလည်း ကျမတို့ နေခဲ့တဲ့ဟာကလည်း မိုးထိမိုးမိ ရွှေတောင်ကြီး စပေါ်ပြီး ဆိုကတည်းက ကျမတို့က လုပ်စားခဲ့ကြသူတွေလေ။ သူတို့က ၂၀၁၁ ခုနှစ်တုန်း ကမှ နိုင်ငံတော်နဲ့ လေလံအောင်ပြီး ဝင်လာခဲ့တဲ့ ကုမ္ပဏီပါ အမ။”

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းက ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၆ လ ကျခံခဲ့ရတဲ့ ရွှေလုပ်သားတွေဟာ ဧပြီလ ၁၁ ရက်နေ့မှာ လွတ်ရက်စေ့ပြီ ဖြစ်ပါတယ်။ လွတ်ရက်စေ့ခါနီးမှာ တခြားပုဒ်မတွေနဲ့ ထပ်မံ တရာစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာတော့ သောင်းနဲ့ချီရှိတဲ့ ရွှေလုပ်သားတွေဟာ သူတို့ကို မိုးထိမိုးမိ တောင်မှာ တနိုင်တပိုင် ရွှေးတူးဖော် လုပ်ကိုင်စားသောက်ခွင့်တွေ ပြန်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။

၂၀၁၁ ခုနှစ်တုန်းကတော့ နေပြည်တော်ထိ ချီတက်ဆန္ဒပြ လမ်းလျှောက်စဉ်ကတော့ ကုမ္ပဏီဘက်က ညှိနှိုင်းမူလုပ်ပြီး ရွှေလုပ်သားတွေ၊ လိုလားချက်တွေကို လိုက်လျောမှုတွေ လုပ်မယ်ဆိုတာကြောင့် ဆန္ဒပြမှုတွေ ရုပ်သိမ်းပေးခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ပြေလည်မှုမရှိခဲ့တဲ့အတွက် ၂၀၁၂ ထဲမှာ မိုးထိမိုးမိ ရွှေလုပ်သားတွေဟာ ရန်ကုန်မှာရှိတဲ့ အမျိုသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီထိ သွားရောက်ပြီး ဆန္ဒပြခဲ့ပါတယ်။ ဒီလိုဆန္ဒပြ ထုတ်ဖော်မှုမှာ ပါဝင်တဲ့ ရွှေလုပ်သား တွေထဲက ၂၉ ဦးဟာ တရားစွဲဆိုခံထားရပြီး အခုလက်ရှိ ၁၄ ဦးဟာ အမှုကို ရင်ဆိုင်ခဲ့ကြတာပါ။

တရားစွဲဆိုမှုလုပ်ထားတဲ့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစာခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ လက်ရှိမှာတော့ တရားစွဲဆိုခံထားရတဲ့ ရွှေလုပ်သားတွေဟာ ရမည်းသင်း ထောင်ကြီး အချုပ်မှာပဲ ရှိနေကြပြီး အာမခံရရှိဖို့အတွက် မိသားစုဝင်တွေက ကြိုးစားနေဆဲပဲလို့ ဆိုပါတယ်။

XS
SM
MD
LG