သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Huawei ဖုန်း နည်းပညာအထောက်အကူ Google ရပ်ဆိုင်းမည်


Huawei smartphone တွေမှာ Google ရဲ့ Android operating စနစ်အပါအဝင် software၊ hardware နဲ့ နည်းပညာ အထောက်အကူအားလုံး အသုံးပြုခွင့် လိုင်စင်ကို Google မိခင်ကုမ္ပဏီ Alphabet က ရပ်ဆိုင်းလိုက်ပါတယ်။

နိုင်ငံရဲ့လုံခြုံရေးကို ထိခိုက်စေတဲ့ ကုမ္ပဏီတွေကနေ ထုတ်လုပ်တဲ့ နည်းပညာနဲ့ ဆက်သွယ်ရေးပစ္စည်းတွေကို အမေရိကန်ကုမ္ပဏီတွေ မသုံးရလို့ အမေရိကန်သမ္မတ Donald Trump အမိန့်ထုတ်ပြန်ခဲ့ပြီးနောက်မှာ ခုလို Google ကဆောင်ရွက်တာ ဖြစ်ပါတယ်။

ဒါကြောင့် လိုင်စင်မလိုတဲ့ Open source software တွေက လွဲလို့ Google ရဲ့နည်းပညာတွေကို Huawei က အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။ Smartphone တွေမှာ Android operating system ကိုအဓိကအသုံးပြုတဲ့ Huawei အတွက် အတော်လေး အထိနာစရာ ဖြစ်ပါတယ်။

Open source ဖြစ်တဲ့အတွက် Android operating system ကို Huawei ကဆက်သုံးနိုင်မှာ ဖြစ်ပေမဲ့ သူနဲ့ ပါတ်သက်တဲ့ နည်းပညာဆိုင်ရာ အထောက်အကူတွေအပြင် Android နဲ့ Google ဝန်ဆောင်မှုတွေကို Huawei နဲ့ ပူးတွဲလုပ်ပေးတော့မှာ မဟုတ်ပါဘူး။ Google app တွေကို လက်ရှိ အသုံးပြုနေတဲ့ Huawei smartphone တွေအနေနဲ့တော့ အဲဒီ App တွေကို Update လုပ်နိုင် လိုအပ်တဲ့ လုံခြုံရေးဆိုင်ရာ ပြင်ဆင်မှုတွေကို ဆက်လုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနှစ်နှောင်းပိုင်းကျရင် Google က Android software အသစ်ကို ထုတ်ရင်တော့ Huawei ဖုန်းတွေမှာ သုံးလို့ရတော့မှာ မဟုတ်ပါဘူး။ အစိုးရထုတ်ပြန်ချက်အတိုင်း လိုက်နာတာဖြစ်တယ်လို့ Google ကုမ္ပဏီကပြောပြီး နောက်ဆက်တွဲ ဘယ်လိုရိုက်ခတ်မှုတွေ ဖြစ်လာနိုင်သလဲဆိုတာကို သုံးသပ်နေတယ်လို့ ပြောပါတယ်။

လက်ရှိ Huawei smartphone နဲ့ Tablet computer သုံးနေသူအားလုံးအတွက်ရော ကမ္ဘာတဝန်း ဈေးကွက်တွေထဲ ရောက်နေတဲ့ Huawei ပစ္စည်းတွေမှာပါ လုံခြုံရေးဆိုင်ရာ Update အပါအဝင် လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ဆက်ပေးသွားမှာ ဖြစ်တယ်လို့ Huawei က ပြောကြားထားပါတယ်။

Huawei ထုတ် နည်းပညာနဲ့ ဆက်သွယ်ရေး ပစ္စည်းတွေကတဆင့် တရုတ်အစိုးရက ထောက်လှမ်းနိုင်တယ်လို့ အမေရိကန်အစိုးရက ပြောကြားနေတာပါ။ Huawei ကုမ္ပဏီကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆန်ပြီး သူ့ပစ္စည်းတွေကို သုံးမယ်ဆိုရင် ထောက်လှမ်း မခံရစေဘူးဆိုတဲ့ အာမခံချက် လက်မှတ်ထိုးမယ်လို့ Huawei ဥက္ကဋ္ဌ Liang Hua ကပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG