သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှတ်တမ်းဓာတ်ပုံဆရာ Greg Constantine မြန်မာပြည်ဝင်ခွင့် ပိတ်ခံရ


Greg Constantine
Greg Constantine

ဒီသီတင်းပတ်ထဲ ရန်ကုန်မြို့မှာ ဓာတ်ပုံပြပွဲကျင်းပဖို့ စီစဉ်ထားတဲ့ နာမည်ကျော် ဓာတ်ပုံဆရာ တယောက်ဟာ မြန်မာနိုင်ငံ ပြည်ဝင်ခွင့် တားမြစ်ခံခဲ့ရပါတယ်။ အမေရိကန် ပြည်ထောင်စုက မှတ်တမ်းတင် ဓာတ်ပုံဆရာ Greg Constantine ဟာ အမည်မည်းစာရင်းမှာ ပါဝင်နေတာကြောင့် တားမြစ်ခံခဲ့ရတာဖြစ်ပြီး၊ ဓာတ်ပုံပြပွဲမှာ ရခိုင်ပြည်နယ်က မူဆလင်တွေရဲ့ ဓာတ်ပုံတွေ ထည့်သွင်းပြသမယ့် အစီအစဉ်နဲ့ ဆက်နွယ်နိုင်တယ်လို့လည်း ယူဆနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့် က တင်ပြပေးမှာပါ။

ကမ္ဘာတလွှားက နိုင်ငံမဲ့ လူ့အသိုင်းအဝိုင်းတွေရဲ့ ဘဝရုပ်ပုံလွှာတွေကို ဆယ်စုနှစ်နဲ့ချီ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးနေတဲ့ ဓာတ်ပုံဆရာ Greg Constantine ဟာ ရန်ကုန်မြို့မှာ ဗုဒ္ဓဟူးနေ့ကျရင် ပြသမယ့် ဓာတ်ပုံပြပွဲအတွက် မြန်မာနိုင်ငံကို လာရောက်ခဲ့ရာမှာ သောကြာနေ့ကပဲ ပြည်ဝင်ခွင့် ငြင်းဆန်ခံခဲ့ရတာ ဖြစ်ပါတယ်။ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးရဲထွန်းဦးကတော့ မြန်မာအစိုးရဲ့ အမည်မည်းစာရင်း black list ထဲမှာ ထည့်သွင်းခံထားရသူ တယောက်အဖြစ် တားမြစ်ခဲ့တာ ဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ကတော့ ဒီလိုဗျ ကျနော်တို့ မှာ အမည်မည်းစာရင်းသွင်းထားတာဆိုရင်တော့ ကျနော်တို့က ပြန်လွှတ်မယ်။ ဒီလို ပြန်လွှတ်တဲ့ နိုင်ငံခြားသားတွေလည်းအများကြီးပဲခင်ဗျ။ အမည်မည်းစာရင်းသွင်းထားတာဆိုရင်တော့ ကျနော်တို့က ခွင့်ပြုချက်မရတဲ့ဟာပေါ့လေ။ ဒါနိုင်ငံတကာမှာလည်းရှိပါတယ် အဲဒါမျိုးတွေ ဆိုရင်တော့ ပြန်လွှတ်မယ်ခင်ဗျ။”

Greg Constantine ဟာ မြန်မာပြည်ကို၂၀၀၆ ခုနှစ်ကတည်းက လာရောက်ခဲ့ပြီး ရခိုင်ပြည်မှာ ရှိတဲ့ လူနည်းစု မူဆလင်တွေအကြောင်း မှတ်တမ်းဓာတ်ပုံ documentary ရိုက်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ နောက်ပြီး ၂၀၁၂ ခုနှစ်မှာပဲ Exiled to Nowhere: Burma's Rohinga ခေါင်းစဉ်နဲ့ စာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့ပြီး ဒါဟာလည်း နိုင်ငံတကာ ဆုတံဆိပ်တချို့ကို ဆွတ်ခူးနိုင်ခဲ့တာပါ။ ဒီတခေါက်မှာ သူ့ကို black list သွင်းခံရတာနဲ့ ပတ်သက်လို့ သေချာမသိပေမဲ့လို့ ရခိုင်ပြည်နယ်က မူဆလင်တွေရဲ့ ဓာတ်ပုံတွေကို ပြပွဲမှာ ထည့်သွင်း ပြသမယ့် ကိစ္စနဲ့ ဆက်နွယ်နိုင်တယ်လို့ ယူဆကြောင်း AFP သတင်းဌာနကို ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပက စိုးရိမ်မကင်းမှုတွေ ရှိနေချိန်မှာပဲ အခုလို သတင်းသမားတဦး ပြည်ဝင်ခွင့် ငြင်းပယ်ခံခဲ့ရတာဟာ ကောင်းတဲ့ လက္ခဏာတခုတော့ မဟုတ်ဘူးလို့လည်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော် ကပြောပါတယ်။

“အစိုးရက တကယ်တမ်းကြတော့ တဘက်မှာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလကတွေ ထုတ်ပြန်ရေးတို့ ၊ သတင်းသမားတွေသွားဖို့ လက်လှမ်းမှီဖို့အတွက် ကူညီပေးတာတို့ ၊ ခွင့်ပြုတာတို့ အဲဒါမျိုးတွေမလုပ်နိုင်ပဲနဲ့ ဒီလိုတဘက်မှာ တခြားသော ဘင်္ဂလီဘက်က ၊ ရိုဟင်ဂျာဘက်က ဟာတွေမျိုးကို ပိတ်မယ်ဆိုပြီး ကြိုးစားတယ်ဆိုတော့ လုပ်နည်းလုပ်ဟန်က မှားနေတယ်။ အမှန်တော့ ဒီဟာမျိုးကိုပိတ်တာမလုပ်ပဲနဲ့ ပြည်တွင်းကရော၊ နိုင်ငံတကာကရော သွားဖို့အတွက်ကိုခွင့်ပြုတာတို့ လိုအပ်တဲ့ ကာကွယ်ကူညီတာတို့ ပေးနိုင်ရင် ပိုပြီးတော့ထိရောက်မယ်လေ။ ဒီလိုလုပ်ခြင်းက မထိရောက်ပဲနဲ့ အစိုးရပေါ်မှာ ဝေဖန်မှုပဲ ရနေမယ်။

ရခိုင်ပြည်နယ်မှာ ရဲကင်းစခန်းတချို့ကို အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီးနောက် လုံခြုံရေး အာဏာပိုင်တွေရဲ့ လိုက်လံရှင်းလင်းမှုတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ သတင်းမီဒီယာတွေ လွတ်လွတ်လပ်လပ် သတင်းယူခွင့် မရှိတဲ့အတွက် ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ၊ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို နိုင်ငံတကာ သတင်းသမားတယောက် ပြည်ဝင်ခွင့် တားမြစ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီလုပ်ရပ်ဟာ နိုင်ငံတကာသတင်းသမား အားလုံးကို ကန့်သတ်တဲ့ လုပ်ရပ်တခုအဖြစ် ရှုမြင်လို့ မရနိုင်ဘူးလို့လည်း အပတ်စဉ်ထုတ်ဂျာနယ်တစောင်ဖြစ်တဲ့ Tomorrow ရဲ့ အယ်ဒီတာချုပ် ဦးဇော်သက်ထွေး ကမြင်ပါတယ်။

“အခုလိုအချိန်မှာ အချိန်ကိုက် ဒီလိုမျိုးဆောင်ရွက်တယ်လို့ ယူဆစရာရှိတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက တားမြစ်တယ်လို့ ယူဆတယ်။ ဒါဟာ အခြေအနေပေါ်မှာ ပေါ်ပေါက်သွားတဲ့ တားမြစ်မှုမဟုတ်ပဲနဲ့ ဒါဟာ နိုင်ငံတကာ သတင်းထောက်များအခွင့်အရေးကို ပိတ်ပင်ဖို့ ရေရှည်ချမှတ်တဲ့ အမိန့်အာဏာ မဟုတ်ဘူးလို့ ကျနေ်ာနိုင်ငံသားတယောက်အနေနဲ့ ယုံကြည်ပါတယ်။”

Greg Constantine ဟာ ၂၀၀၅ ခုနှစ်ကတည်းက အိုးမဲ့အိမ်မဲ့ နိုင်ငံမဲ့ လူ့အသိုင်းအဝိုင်းတွေအကြောင်း ပုံဖော်တဲ့ nowhere People ပရောဂျက်ကို စတင်ခဲ့ပြီး မြန်မာ၊ ဘင်္ဂလားဒေ့၊ မလေးရှား၊ သိရှိလင်္ဂအပါအဝင် ယူကရိန်း ဆာဘီးယားနဲ့ အီတလီစတဲ့ နိုင်ငံတွေမှာရှိတဲ့ နိုင်ငံမဲ့ လူတွေအကြောင်း မှတ်တမ်းရုပ်ပုံတွေ ရိုက်ကူးနေခဲ့တာဖြစ်ပါတယ်။ သူဟာ New York Times, Newsweek, International Herald Tribune, CNN နဲ့ Al-Jazeera စတဲ့ နိင်ငံတကာ သတင်းဌာနတို့နဲ့ အတူလက်တွဲ အလုပ်လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆယ်စုနှစ်နဲ့ချီ နိုင်ငံတကာ ဓာတ်ပုံဆုပေါင်းများစွာကိုလည်း ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

အမေရိကန်မှတ်တမ်းဓာတ်ပုံဆရာ Greg Constantine မြန်မာပြည်ဝင်ခွင့် ပိတ်ခံရ
please wait

No media source currently available

0:00 0:04:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG