ဂွာတီမာလာနိုင်ငံမြို့တော် ဂွာတီမာလာမြို့အနီးက မီးတောင်ပေါက်ကွဲပြီး အနီးနားမှာရှိတဲ့ ကျေးရွာတွေထဲ ချော်ရည်တွေ၊ ထူထပ်တဲ့ မီးခိုးတွေ၊ ပြာတွေ ဖုန်းလွှမ်းသွားတဲ့အတွက် အနည်းဆုံး လူ ၂၅ ဦး သေဆုံးသွားတယ်လို့ ဘေးအန္တရာယ် ကူညီ ကာကွယ်ရေးဌာနက ပြောပါတယ်။
မီးတောင်ပေါက်ကွဲမှုကြောင့် လူပေါင်း ၁ သန်းကျော်ကို ထိခိုက်သွားစေတာမှာ မီးတောင်အနီးဝန်းကျင်မှာရှိတဲ့ ဒေသခံ ၃,၁၀၀ ကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရပြီး ဒဏ်ရာရသူ ၂၀ ကျော်ကိုလည်း ကုသမှု ပေးနိုင်ဖို့ ကျန်းမာရေးဌာနတွေကို ခေါ်သွားခဲ့တယ်လို့ ဘေးအန္တရာယ် ကူညီ ကာကွယ်ရေးအရာရှိတွေက ပြောပါတယ်။
Escuintla ၊ Sacatepequez နဲ့ Chimaltenango စတဲ့ ခရိုင် ၃ ခုမှာ ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးဝန်ထမ်းတွေက လိုက်လံ ရှာဖွေနေတယ်လို့ ဆိုပါတယ်။
ချော်ရည်တွေဟာ ချောင်းတခုလို Rodeo ကျေးရွာထဲ စီးဝင်သွားတာကြောင့် မီးလောင်သူ၊ သေဆုံးသူတွေ ရှိခဲ့ကြောင်း၊ ရွာခံတွေကို သူတို့အနေနဲ့ ဘေးကင်းရာကို ကယ်ထုတ်နေကြောင်း ဂွာတီမာလာ အမျိုးသား ဘေးအန္တရာယ် ကူညီ ကာကွယ်ရေးဌာန ပူးပေါင်းဆောင်ရွက်ရေးမှူး Sergio Cabanas က ပြောပါတယ်။
El Rodeo ကျေးရွာက အိမ်တအိမ်ကို မီးလောင်သွားတဲ့အတွက် လူ ၄ ဦးသေဆုံးပြီး မီးတောင် ပေါက်ကွဲတာကို ကြည့်နေတဲ့ ကလေးငယ် ၂ ဦးလည်း မီးလောင်ပြီး သေဆုံးသွားကြောင်း Cabanas က အေပီ သတင်းဌာနကို ပြောခဲ့ပါတယ်။