သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟိုင်ကြီးကျွန်းအနီး ကြွက်ဝမ်းဖြူတွေ ထောင်သောင်းချီတွေ့ရှိ


ဟိုင်းကြီးကျွန်းမြို့ရှိ ကျေးရွာများတွင် ကြွက်ဝမ်းဖြူများထပ်မံတွေ့ရှိ (MOI)
ဟိုင်းကြီးကျွန်းမြို့ရှိ ကျေးရွာများတွင် ကြွက်ဝမ်းဖြူများထပ်မံတွေ့ရှိ (MOI)

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့အနီးက ကျေးရွာတွေမှာ ကြွက်ဝမ်းဖြူတွေ ထောင်နဲ့ချီဝင်ရောက်နေတာကြောင့် ဒေသခံတွေဟာ ဖမ်းဆီးသတ်ဖြတ်နှိပ်နင်းနေကြပြီး ရောဂါတမျိုးမျိုးကူးစက်မှာကို စိုးရိမ်နေကြသလို သဘာဝဘေးတခုခုဖြစ်ပွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က ပေးပို့ထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့အနီးက ကျေးရွာတွေမှာ ကြွက်တွေအများအပြားကျရောက်တာဟာ ဒီလဆန်းပိုင်းတည်းက ဇီးချိုင်ရွာမှာ စတင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ကံချိုင်ကျေးရွာနဲ့ ကျောက်ချောင်းကျေးရွာတွေမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒီလိုကျရောက်တဲ့ ကြွက်တွေဟာ သောင်းဂဏန်းလောက်အထိ ရှိနိုင်ကြောင်း ဇီးချိုကျေးရွာ အုပ်ချုပ်ရေးမှုး ဦးတင်လှိုင်က အခုလို ပြောပါတယ်။

“ကျနော်တို့ခန့်မှန်းတာက အကောင်၁ သောင်းထက် နည်းမှာမဟုတ်ဘူးလို့ ထင်တယ်။ ကျနေ်ာတို့ ရိုက်သတ်တာကတော့ အကောင် ၂၀၀၀ ကျော်လောက်ရှိသွားပြီ။ ဒီကြွက်တွေလာတာကတော့ ကျနေ်ာကထင်တယ်၊ ကျွန်းတွေက ဆင်းတယ်လို့ထင်တယ်။ ပင်လယ်ကမ်းခြေဘက်က အိမ်တွေပေါ့နော် ၊ အဲဒီကုန်းတန်းပေါ်က အိမ်တွေ ၊ အပင်တွေပေါ်မှာတွေ့တာလေ ဒီကောင်တွေက တွင်းထဲမှာနေတဲ့ကောင်တွေမဟုတ်ဘူး။ မြေကြွက်တွေမဟုတ်ဘူး ကြွက်ဝမ်းဖြူတွေလေ။ ပထမတော့ ရွာတရွာထဲ အခုတော့ ကံချိုင်ကျေးရွာနဲ့ ကျောက်ချောင်းကျေးရွာတွေမှာ နည်းနည်းရောက်တယ်ပြောတယ်။ ဟိုတုန်းကတော့ တခါမှမလာဖူးဘူး၊ ဒါကြောင့်မို့လို့ ကျနေ်ာတို့ အံသြနေတာပေါ့။”

ဒီကနေ့ မနက် ဖမ်းဆီးရမိတာအကောင် ၆၀၀ကျော်လောက်ရှိကြောင်း ပြောပါတယ်။

ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဇီးချိုင်ရွာကို ဒီလ ၃ရက်နေ့က ကြွက်တွေကို တွေ့ရှိခဲ့သလို ၅ရက်နေ့မှာတော့ ကံချိုင်ကျေးရွာအုပ်စု ကံချိုင်ရွာ(အထက်စုမှာ)ကြွက်သေ ၁၀၀လောက်နဲ့ ကျောက်ချောင်းကျေးရွာအုပ်စု သံကြိုးလမ်းရွာမှာ ကြွက်အကောင်ရေ ၅၀၀ကျော် ဖမ်းဆီးသတ်ဖြတ်ပြီး မြေမြှပ်ဖျက်ဆီးခဲ့ကြောင်း ဖော်ပြပါတယ်။

ကြွက်တွေအများအပြားတွေ့ရတာကြောင့် ဒေသခံတွေက ကူးစက်ရောဂါဖြစ်ပွားမှာကို စိုးရိမ်ကြသလို သဘာဝဘေး တခုခု ကျရောက်မှာအတွက်လည်း ပူပင်နေကြတယ်လို့ ဦးတင်လှိုင်က ဆက်ပြောပါတယ်။

“ကျနော်တို့ ဒေသခံတွေအနေနဲ့ စိုးရိမ်တာကတော့ တခါတလေမှာ တရိစ္ဆာန်တွေက ရာသီဥတုရဲ့ ဖောက်ပြန်မှုတွေကို သူတို့က သိတယ်ပေါ့နော်ဒါကြောင့် ရာသီဥတုများ ဆိုးရွားလာမလားဆိုပြီးတော့ စိုးရိမ်တာပေါ့နော် ၊ ရာသီဥတုဆိုးရင်ဆိုးမယ်၊ မဆိုးရင်လည်း ကျန်းမာရေး ကိစ္စတခုခုကျရောက်နိုင်မလားလို့ စိုးရိမ်တယ်။”

ဒီလို ကြွက်ဝမ်းဖြူတွေ အများအပြားတွေ့ရတာကြောင့် မြို့အုပ်ချုပ်ရေးရုံး၊ နယ်မြေခံ ရဲတပ်ဖွဲ့၊ စည်ပင်သာရာရေးရုံးနဲ့ ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတွေဟာ ဒေသခံတွေနဲ့ပူးပေါင်းပြီး စုံစမ်းစစ်ဆေးနေသလို ဖမ်းဆီးနှိပ်နင်းသတ်ဖြတ်တာတွေ ဆောင်ရွက်နေပါတယ်။

လောလောဆည်မှာ ကြွက်သေ နမူနာတွေကို ရန်ကုန်ဆေးကြီးကို ပို့ပြီး စမ်းသပ်စစ်ဆေးထားကြောင်း ဟိုင်းကြီးကျွန်းမြို့ အုပ်ချုပ်ရေးမှုး ဦးသက်လွင်ဦးက ပြောပါတယ်။

“ခန့်မှန်းအကောင်အရေကတော့ ဘယ်နှစ်ကောင်ရှိမလဲဆိုတာတော့ မပြောတတ်ဘူးပေါ့နော်။ ကျနော်တို့ နှိမ်နင်းပြီးအကောင်အရေကတော့ ၁၆၀၀ ကျော်ပါတယ်။ ကျနော်တို့ကတော့ ကြွက်တကောင်ကို နမူနာယူပြီးတော့ ပြီးခဲ့တဲ့ ၂ ရက်လောက်က ရန်ကုန်ပြည်သူ့ဆေးရုံကိုပို့ပြီးတော့ ကြွက်နဲ့ ပတ်သက်ပြီးတော့ ဓါတ်ခွဲခန်းကို ပို့ထားတာရှိပါတယ်ခင်ဗျ။ အဲဒီဘက်ကတော့ ကျနော်တို့ မကြားရပါသေးဘူးခင်ဗျ။”

ဝါးတောကြီးတွေ ရှိတဲ့ အရပ်ဒေသမှာ ဝါးပွင့်ချိန်ဆိုရင် ဝါးသီးတွေစားသောက်ဖို့အတွက် ကြွက်တွေ အစုအပြုံလိုက်လာရောက်တတ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ဟာ ၂၀၀၈ခုနှစ်က နာဂစ်မုန်တိုင်းဒဏ်ကို ခံစားခဲ့ရတဲ့ဒေသဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းအလွန်ကာလကတော့ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ကြွက်တွေ အစားအစာရှားပါးလို့ လယ်ယာတွေအတွင်းကို အစုလိုက် အပြုံလိုက် ဝင်ရောက်တဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ပျက်ခဲ့ဖူးပါတယ်။

XS
SM
MD
LG