သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟေတီသမ္မတလုပ်ကြံမှု သံသယရှိသူတွေကို ဆက်လက်ဖမ်းဆီး


Jovenel Moise
Jovenel Moise

{{Zawgyi/Unicode}}

ဟေတီနိုင်ငံမှာ သမ္မတ Jovenel Moise ကို လုပ်ကြံသတ်ဖြတ်မှုနဲ့ ဆက်နွယ်ပြီး မသင်္ကာသူတွေကို ဖမ်းဆီးမှုတွေ ရှိနေပြီး၊ သံသယရှိသူတွေ ပုန်းအောင်းနေတယ်လို့ ယူဆတဲ့ နေရာတခုကိုလည်း ရဲတွေက ဝိုင်းထားတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ကြာသပတေးနေ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

“လွန်ခဲ့တဲ့ ၁၂ နာရီအတွင်း သိရှိရသလောက် သမ္မတအိမ်ကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ အုပ်စုက အဖွဲ့ဝင် ၄ ယောက်ကို အသေမိပြီး၊ ၆ ယောက်ကို ရဲက အရှင်ဖမ်းမိထားတယ်ဆိုတဲ့ သတင်းတွေ ရရှိထားပါတယ်။” လို့ ဟေတီနိုင်ငံ မြို့တော် Port-au-Prince ကနေ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Helen La Lime က ပြောလိုက်တာပါ။

ဒီထက်ပိုအင်အားများတဲ့ မသင်္ကာသူတွေရှိရာ တခြားအဆောက်အဦး ၂ ခုကိုလည်း ရဲတွေက ဝိုင်းထားကြောင်း ပြောပါတယ်။ ကိန်းဂဏန်းအချက်အလက် အတိအကျကိုတော့ အတည်မပြုနိုင်ကြောင်းလည်း အထူးကိုယ်စားလှယ်က ပြောပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဗုဒ္ဓဟူးနေ့က အပြန်အလှန် ပစ်ခတ်မှုအတွင်း မသင်္ကာသူ ၄ ဦး သေဆုံးခဲ့ပြီး၊ ကြေးစားတွေလို့ဆိုတဲ့ နောက်ထပ် ၂ ယောက်ကို အရှင်ဖမ်းမိကြောင်း ပြောဆိုထားတာပါ။

ဟေတီသမ္မတ သေဆုံးပြီး၊ သမ္မတကတော် အပြင်းအထန် ဒဏ်ရာရခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုလည်း အထူးကိုယ်စားလှယ်က သီးသန့်အစီရင်ခံ တင်ပြခဲ့ပါတယ်။

ဟေတီနိုင်ငံအတွက် လုံခြုံရေး အကူအညီပေးဖို့ ကုလသမဂ္ဂဆိုင်ရာ ဟေတီအထူးကိုယ်စားလှယ် Antonio Rodrigue က တောင်းခံထားကြောင်းလည်း အထူးကိုယ်စားလှယ် La Lime ကပြောပါတယ်။

လုံခြုံရေးကောင်စီရဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်မှာတော့ ဟေတီသမ္မတ လုပ်ကြံမှုကို အပြင်းအထန် ရှုတ်ချထားပြီး၊ တရားမျှတမှု ရရှိအောင် ဆောင်ရွက်ဖို့လည်း တောင်းဆိုထားပါတယ်။

...................................................

{{Unicode}}








XS
SM
MD
LG