သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဟားခါးမှာ ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ကြုံ


ယခင်မှတ်တမ်းရုပ်ပုံ | ချင်းပြည်နယ် ဟားခါးမြို့တွင်း တနေရာ
ယခင်မှတ်တမ်းရုပ်ပုံ | ချင်းပြည်နယ် ဟားခါးမြို့တွင်း တနေရာ

စစ်ရေးပဋိပက္ခတွေကြောင့် ဒေသမတည်ငြိမ်သေးတဲ့ ချင်းပြည်နယ် ဟားခါးမြို့မှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ၃ဆ မြင့်တက်လာနေတဲ့အတွက် ဒေသခံတွေ အခက်ကြုံနေရတယ်လို့ မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားလို့ ဟားခါး လမ်းပန်းဆက်သွယ်ရေး မကြာခဏ ဖြတ်တောက်ချိန် ကုန်စည်စီးဆင်းဖို့ ခက်ခဲပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာနေတာပါ။ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ဒဏ် ခံနေရတဲ့ ဟားခါးမြို့ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ဟားခါးမြို့အစွန့်အဖျားဘက်မှာ လက်ကြီးနက် လက်နက်ငယ်သံတွေ မကြာမကြာကြားနေရပြီး သတိနဲ့သွားလာနေထိုင်နေရတာလို့ အောက်တိုဘာ ၂၁ရက် ဒီကနေ့မှာ မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီလိုမျိုး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲတွေဖြစ်လေ့ရှိတဲ့ ချင်းပြည်နယ် ဟားခါးမှာ လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းတွေ မကြာခဏ ပိတ်တာမို့ ကုန်စည်စီးဆင်းဖို့ ခက်ခဲနေပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာပါ။

ဟားခါးမြို့မှာ အများစားသုံးတဲ့ ကာနန်ဧရာမင်းကော်ချက်ဆန် တစ်အိတ်ကို မနှစ်က ငါးသောင်းလောက် ရှိရာက ခု တစ်သိန်းရှစ်သောင်းလောက် ဖြစ်လာပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ၃ဆ မြင့်တက်လာတာလို့ မြို့ခံတွေက ပြောပါတယ်။ ဒေသအခေါ် ကာနန်ဧရာမင်းကော်ချက်ဆန် ဟာ တမူး-ကလေး ကာနန်ကျေးရွာဘက်က ထွက်တာပါ။စားသောက်ကုန် ဈေးနှုန်း မြင့်တက်နေမှု အခြေအနေကို ဟားခါးမြို့ခံတဦးက ဗွီအိုအေကို အခြေအနေ ပြောပြပါတယ်။

“အများစားတဲ့ဆန်ပေါ့နော်၊ အများဆုံးစားသုံးတဲ့ဆန် ကာနန်ကော်ချက်မွှေးပေါ့နော်၊ အဲ့ဒါ တစ်သန်းရှစ်သောင်း(၁၈၀,၀၀၀) လောက်ရှိပါတယ်။ အရင်တုန်းကဆိုရင် ငါးသောင်း(၅၀,၀၀၀) ကျော်ကျော် ကနေ တက်ပြီးတော့မှ ၁သိန်းနဲ့ ရှစ်သောင်းထိတက်သွားတယ်တာပေါ့နော်။ (စားဆီ)သုံးသောင်း(၃၀,၀၀၀)လောက် ဝယ်တဲ့ဟာကို ဆယ်ပိဿ တစ်ပုံပေါ့နော် အခုဆိုရင် နှစ်သိန်း(၂၀၀,၀၀၀)သွားတယ်ပေါ့နော်။ ဥစားကြက်က အရင်တုန်းက ခြောက်ထောင်လောက်(၆,၀၀၀)နဲ့ အခုက နှစ်သောင်း(၂၀,၀၀၀)ခွဲ ဥစားကြက်တစ်ကောင်ဈေးပေါ့၊ ဒီဖက်မှာ ပိဿထက် အကောင်လိုက်ဝယ်တယ်များတယ်။”

မန္တလေးတိုင်းနဲ့ စကိုင်းတိုင်းဘက်နေ ဟားခါးမြို့ကို အဓိက ကုန်စည်စီးဆင်းပါတယ်။ အဲ့ဒီလမ်းပိုင်းတွေမှာ ဒေသအခြေအနေအပေါ်မူတည်ပြီး ဒေသကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေက မကြာခဏ လမ်းပိတ်ပင်တဲ့အတွက် ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းဖို့ အတားအဆီးတွေဖြစ်နေသလို ကုန်ဈေးနှုန် အဆမတန်မြင့်တက်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်သုံး မီးဖိုချေင်းသုံးပစ္စည်းတွေ ဈေးမြင့်ပေးဝယ်နေရပြီး တချို့ စားကုန်နဲ့ ကုန်စိမ်း ပစ္စည်းပြတ်လပ်တဲ့အထိ ဖြစ်နေတယ်လို့ နောက်ထပ် မြို့ခံတဦးက ပြောပါတယ်။

“အဲ့အာဏာသိမ်းပြီးနောက်ပိုင်းဆိုရင် ဆက်တိုက်တက်နေတာ ကျတာမရှိဘူးလေနော်။ ကျနော်တို့ဖက်က အဲ့လမ်းပိတ်တာတို့ တိုက်ပွဲဖြစ်တာတို့ စကိုင်းဖက်ဖြစ်တာတို့ ကလေးမြို့ဖက်ဖြစ်ရင် ကျနော်တို့ ဟားခါးဆိုရင် ဘာမှမရတော့ဘူးလေ၊ ဝင်ဖို့တောင်မရှိဘူးလေ။ ကုန်ဈေးနှုန်းတော့ တော်တော်တက်တယ်။ ပြီးတော့ မီးလည်း ခဏခဏပျက်တော့ မီးသွေးဈေးကလည်း အရမ်းတက်တော့ ချက်ဖို့ ထင်မီးသိပ်မရှိသလောက်ဖြစ်တော့ အဲ့မှာ မီးသွေးလည်း အရမ်းက နှစ်သောင်း(၂၀,၀၀၀)၊ တစ်သောင်း(၁၀,၀၀၀)လောက်နဲ့ ဝယ်ရတယ်၊ အခုဆိုရင် ခြောက်သောင်း(၆၀,၀၀၀)၊ ခုနစ်သောင်း(၇၀,၀၀၀) လောက် ရောက်သွားတော့လေ။ အဲ့ဒါလုံးဝ အဆင်မပြေဘူး၊ ပြောရင်မယ်ဆိုရင်တော့ ချွေးသာပြီးစားရတယ်၊ ဝယ်ချင်ရင်တောင်မှ ပစ္စည်းက မရှိဘူး။”

ဒီကုန်ဈေး အဆမတန်ကြီးမားတာဟာ ဝင်ငွေနည်းတဲ့ အခြေခံလူတန်းစားတွေ သိသိသာသာ ခံစားနေရတာပါ။ အရင်တုန်းက ဆန်ကို အိတ် လိုက်ဝယ်စားနိုင်ပေမယ့် ခုတော့ နှစ်ပြည်ကုန်ရင် နှစ်ပြည်ဝယ်စားတဲ့ အခြေအနေရောက်လာပြီးလို့ မြို့ခံတဦးက ပြောပါတယ်။ အခြေခံလူတန်းစားတွေအတွက် ရပ်တည်နိုင်ဖို့ ခက်ခဲတယ်လို့ မြို့ခံက ပြောပါတယ်

“အခက်အခဲတော့ အများကြီးရှိတယ်။ အလုပ်ကလည်း လုပ်ဖို့က သိပ်မရှိဘူးပေါ့၊ တနေ့လုပ်တနေ့စားတဲ့လူတွေအတွက်က အရမ်းခက်ခဲတယ်။ နိုင်ငံခြားကနေထောက်ပံ့နိုင်တဲ့လူတွေ မိသားစုတွေအတွက်တော့ နည်းနည်းခံသာသေးတယ်ပေါ့နော်။ ဒါပေမယ့်လို့ ကိုယ့်လုပ်ခနဲ့ ကိုယ်ရှာစားနေတဲ့လူတွေအတွက်တော့ အရမ်းခက်ခဲတယ်”

ဟားခါးမြို့မှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့ ကစလို့ ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း အိမ်အပြင်ထွက် သွားလာတာမျိုး မလုပ်ကြဖို့ Chinland Defense Force – Hakha တပ်ဖွဲ့က သတိပေးထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် လတ်တလောမှာ ဟားခါး - ထန်တလန်အကြား စစ်ကောင်စီတပ်ဟာ ထိုးစစ်ဆင်လှုပ်ရှားလာသလို CDF – Hakha တပ်ဖွဲ့ပါဝင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖက်က ဟားခါးမြို့ကနေ လက်နက်ကြီးပစ်ကူပေးနေတယ်လို့ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ဒေသတွင်း လုံခြုံရေးစိုးရိမ်မှုတွေကြောင့် လမ်းပမ်းဆက်သွယ်ရေးအခက်အခဲတွေဖြစ်လာပြီး ဖြတ်ကျော်တဲ့ဂိတ်တွေမှာ စစ်ဆေးမှုတွေပိုများလာသလို အခြေခံစားသောက်ကုန် ဈေးနှုန်းတွေလည်း တရိပ်ရိပ် မြင့်တက်လာသလို ရွှေဈေး၊ ဒေါ်လာဈေးတွေလည်း မတည်မငြိမ်ဖြစ်နေတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG