သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားခါးမြို့ အဝင်အထွက် တင်းကြပ်ထား


ချင်းပြည်နယ် ဟားခါးမြို့က အာဏာရှင်ဆန့်ကျင်ဆန္ဒပြ မြင်ကွင်း။ (မေ ၁၆၊ ၂၀၂၁)
ချင်းပြည်နယ် ဟားခါးမြို့က အာဏာရှင်ဆန့်ကျင်ဆန္ဒပြ မြင်ကွင်း။ (မေ ၁၆၊ ၂၀၂၁)

[Zawgyi/Unicode]

ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်တပ် ဂိတ်စခန်းတခုကို ဒေသခံကာကွယ်ရေး Chinland Defense Force အဖွဲ့က တနင်္လာနေ့ ညနေပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီးနောက် ဟားခါးမြို့ထဲမှာ စစ်တပ်က လုံခြုံရေးတင်းကြပ်နေတာမို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံကာကွယ်ရေး Chinland Defense Force အဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ရက်ဆက်ဖြစ်နေပါတယ်။ မနေ့က တနင်္လာနေ့ ညပိုင်းကလည်း ဟားခါးမြို့ ကျော်ဘုတ်ရပ်ကွက်မှာ ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လုံခြုံရေး ဂိတ်စခန်းတခုကို CDF အဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ ပြန်ကြားရေးအဖွဲ့ပြောခွင့်ရက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

"မနေ့က ၅ နာရီ၊ ၇ နာရီကြားအထိပေါ့နော်။ ဟားခါးမှာရှိတဲ့ ကျောဘုတ်ရဲကင်းစခန်းကို ကျနော်တို့ဘက်က သွားပစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က မင်းတပ်ကို တိုက်တာက တော်တော်လေး အခြေအနေဆိုးတာပေါ့နော်။ ဒါကို လက်မခံနိုင်စရာအကြောင်းလည်း မရှိဘူး။ အဲဒီဟာကို ကျနော်တို့က တုံ့ပြန်တဲ့အနေနဲ့ အဲဒီလိုမျိုးပစ်တာ။ ဟိုဘက်ကနေ ၅ ယောက်ကျသွားတယ်။ ကျနော်တို့ဘက်မှာတော့ အကျဆုံး မရှိဘူး။ ကျနော်တို့ သွားပစ်တော့ ၂၆၆ တပ်ရင်းကနေ လက်နက်ကြီးနဲ့ ဝင်ကူပစ်ပေးတယ်ဆိုတော့ ကျနော်တို့ တပ်ကပြန်ဆုတ်သွားတယ်။"

မနေ့ညက အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ဒီနေ့တော့ မြို့မှာ ငြိမ်သက်နေပါတယ်။ ဒါပေမဲ့ မြို့အဝင်အထွက်ကို သက်ဆိုင်ရာက တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

"လုံခြုံရေးကတော့ တင်းကြပ်လာတယ် အဝင်အထွက်ကို။ အဝင်ဆိုရင်လည်း ဘယ်ကလာသလဲ ဘာလုပ်ဖို့လဲပေါ့။ အထွက်ဆိုလည်း ဘယ်သွားမလို့လဲ အဲဒီလိုတော့ ရှိတယ်ဗျ။ တင်းကြပ်တယ်လို့ပဲ ပြောရမှာပေါ့။ အရင်တုန်းကတော့ အဲဒီလိုတော့ မရှိဘူး။ ပစ်ခတ်မှု ဖြစ်ပြီးနောက်ပိုင်းမှာ အဲဒီလိုမျိုး ရှိတယ်ပေါ့။"

မနေ့ညက ဟားခါးမြို့အတွင်း ပစ်ခတ်တိုက်ခိုက်မှု အခြေအနေကို သိရှိဖို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

တနင်္ဂနွေနေ့ ညနေပိုင်းကလည်း ဖလမ်းနဲ့ ဟားခါးမြို့အဝင်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့စစ်ယာဉ်တန်းတွေကို ဟားခါးကာကွယ်ရေးတပ်ဘက်ကနေ ခြုံခိုတိုက်ခိုက်ခဲ့တာမှာ စစ်တပ်ဘက်က အကျဆုံးတွေ ရှိခဲ့သလို CDF အဖွဲ့ဘက်ကလည်း တဦးသေဆုံးခဲ့ပါတယ်။ ဟားခါးမြို့မှာ အခုလိုရက်ဆက် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွါးနေတဲ့အပေါ် မြို့ခံတွေက စိုးရိမ်နေကြပါတယ်။

"စိုးရိမ်မှုတော့ အခု ရှိတာပေါ့နော်။ ဗုံးခိုကျင်းတွေ တူးထားတာ ရှိတာပေါ့။ ဆန်တွေ၊ ဘာတွေ ကြိုဝယ်ထားတာ ရှိတယ်ဗျ။"

ဟားခါးမြို့မှာ စစ်အာဏာရသိမ်းမှု ဆန့်ကျင်ဆန္ဒပြ လှုပ်ရှားမှုတွေ ရှိခဲ့ရာမှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေကနေ အကြမ်းဖက်ဖမ်းဆီးမှုတွေ ရှိခဲ့ပါတယ်။ ဖမ်းဆီးခံထားရသူအယောက် ၆၀ လောက်ကို မေလ ၂ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လွှတ်မပေးရင် စစ်ရေးနဲ့ တိုက်ခိုက်သွားမယ်လို့ CDF အဖွဲ့က ကြေညာထားပြီးနောက်ပိုင်း မေလ ၄ ရက်၊ ၅ ရက်နေ့တွေတုန်းက စစ်တပ်ရဲ့ ဟားခါးမြို့ ဂိတ်စခန်းတွေ ကို CDF အဖွဲ့တွေက ပထမတကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း ဖမ်းဆီးထားသူတွေကို စစ်တပ်က ပြန်လွှတ်မပေးတာကြောင့် ဖမ်းခံထားရသူတွေကို မေလ ၁၅ ရက်နေ့မှာ ပြန်လွှတ်ပေးဖို့ CDF ဘက်က ထပ်မံတောင်းဆိုပြီး သူတို့ဖမ်းထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ၃ ယောက်နဲ့ အလဲအလှယ်လုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့စစ်ကောင်စီဘက်က တစုံတရာတုံ့ပြန်တာမရှိခဲ့တာကြောင့် CDF ဘက်က ဖမ်းဆီးထားတဲ့ ယာဉ်ထိန်းရဲ ၃ ဦး အပါအဝင် ၄ ဦး လုံးကို သေဒဏ်ချလိုက်မယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောဆိုခဲ့သလို ဟားခါးမြို့မှာ ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်ပွါးလာခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG