သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြား ဟားခါးမှာ ပစ်ခတ်တိုက်ခိုက်


မတ်လ ၂၉ ရက်နေ့တုန်းက ချင်းပြည်နယ် ဟားခါးမြို့ရဲ့ အာဏာရှင်ဆန့်ကျင်ဆန္ဒပြသပိတ်။ (မတ် ၂၉၊ ၂၀၂၁)
မတ်လ ၂၉ ရက်နေ့တုန်းက ချင်းပြည်နယ် ဟားခါးမြို့ရဲ့ အာဏာရှင်ဆန့်ကျင်ဆန္ဒပြသပိတ်။ (မတ် ၂၉၊ ၂၀၂၁)

[Zawgyi/Unicode]

ချင်းပြည်နယ် ဟားခါးမြို့မှာလည်း စစ်တပ်နဲ့ ချင်းပြည်နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား မေလ ၁၆ ရက်နေ့ညနေပိုင်းက တိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။ ဟားခါးမြို့ဘက်သွားတဲ့ စစ်ကားတွေကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်။ တချိန်ထဲမှာပဲ စစ်တပ်က ဖမ်းထားတဲ့ ဆန္ဒပြသူတွေကို ပြန်လွှတ်မပေးတာကြောင့် သူတို့ဖမ်းထားတဲ့ ရဲတပ်ဖွဲ့ဝင် ၄ ယောက်ကို သေဒဏ်ပေးလိုက်ပါတယ်။ ခုလို ဟားခါးဘက်မှာဖြစ်နေတဲ့ အခြေအနေကို ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆိုပြီး ဖွဲ့ထားတဲ့ Chinland Defense Force (CDF) ရဲ့ ဟားခါးဒေသဆိုင်ရာ အဖွဲ့က ဟားခါးမြို့ဘက်လာတဲ့ စစ်ကားတန်းကို မေလ ၁၆ ရက်နေ့က ခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာမှာ သူတို့အဖွဲ့ဘက်က ၁ ယောက်သေဆုံးတယ်လို့ CDF ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

"ဖြစ်စဉ်က မနေ့က ၅ နာရီခွဲ ဝန်းကျင်ကနေ ကလေးကနေ တက်လာတဲ့ စစ်ကား ၄ စီးပေါ့နော်... အဲဒီမှာကို ကျနော်တို့ CDF က Ambush ဖန်လိုက်တာ။ ဖန်လိုက်တော့ သူတို့ဘက်ကတော့ ၆ ယောက်ပွဲချင်းပြီး သေသွားတယ်။ ၁၀ ယောက်ကျော်ကျတော့ မိုင်းမိပြီးတော့ သူတို့ ဒဏ်ရာရသွားတဲ့သူ ရှိတယ်။ ကျနော်တို့ဘက်ကတော့ သူရဲကောင်းတယောက်ကျဆုံးတယ်။"

စစ်တပ်နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေအတွင်း စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သူကပြောပါတယ်။ စစ်တပ်ဘက်က ထိခိုက်သူများတယ်လို့ CDF ဘက်ကပြောဆိုပေမဲ့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။ ဟားခါးမြို့ပစ်ခတ်တိုက်ခိုက်မှုနဲ့ နှစ်ဖက်ဖမ်းဆီးမှု အခြေအနေကို သိရှိဖို့ စစ်ကောင်စီပြောခွင့်ရသူကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

ခုလိုတနင်္ဂနွေနေ့ ညနေပိုင်း တိုက်ခိုက်မှုဖြစ်ခဲ့ပြီးနောက် ဒီနေ့တော့ ဟားခါးမြို့မှာ ငြိမ်သက်နေပေမဲ့ မြို့အဝင်အထွက်ကို သက်ဆိုင်ရာက တင်းတင်းကြပ်ကြပ်စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဟားခါးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခံထားရသူအယောက် ၆၀ လောက်ကို မေလ ၂ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လွှတ် မပေးရင် စစ်ရေးနဲ့ တိုက်ခိုက်သွားမယ်လို့ CDF အဖွဲ့က ကြေညာထားတာပါ။ ခုချိန်ထိတော့ အဖမ်းခံထားရသူတွေ ပြန်မလွတ်လာကြသေးဘူးလို့ မြို့ခံတဦးကပြောပါတယ်။

"အခုထိတော့ ပြန်မလွှတ်ပေးသေးဘူးဗျ။ အဲဒီအဖမ်းခံရတဲ့သူတွေ။ အယောက် ၆၀ ကျော်လောက်ရှိတယ်။ အခုထိတော့ တယောက်မှပြန်လွတ်လာတာ မရှိဘူး။"

ဆန္ဒပြသူတွေက ပြန်လွှတ်မပေးလို့ မေလ ၄ ရက်၊ ၅ ရက်နေ့တွေတုန်းကလည်း စစ်တပ်ရဲ့ ဟားခါးမြို့ ဂိတ်စခန်းတွေကို CDF အဖွဲ့ တွေက ပထမတကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာလည်း ဖမ်းဆီးထားသူတွေကို စစ်တပ်က ပြန်လွှတ်မပေးတာကြောင့် ဖမ်းခံထားရသူတွေကို မေလ ၁၅ ရက် ၈ နာရီမတိုင်ခင် ပြန်လွှတ်ပေးဖို့ CDF ဘက်က တောင်းဆိုပြီး သူတို့ဖမ်းထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ၃ ယောက်နဲ့ အလဲအလှယ်လုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ပြည်နယ်ယာဉ်ထိန်းရဲတွေဖြစ်တဲ့ ရဲမှူး စိုးလွင်၊ ဒုရဲမှူး စိုးဝင်းသန်း၊ ဒုရဲမှူးဆုန်းကီးနဲ့ သတင်းပေး စိုင်းထွန်းတို့ကို CDF အဖွဲ့ဘက်က ဖမ်းဆီးထားတာပါ

ဒါပေမဲ့ စစ်ကောင်စီဘက်က တစုံတရာ တုံ့ပြန်တာ မရှိခဲ့တာကြောင့် CDF ဘက်က ဖမ်းဆီးထားတဲ့ ယာဉ်ထိန်းရဲ ၃ ဦးအပါဝင် ၄ ဦးလုံးကို သေဒဏ်ချလိုက်မယ်လို့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

"ကျနော်တို့ မေလ ၁၅ ရက် မနက် ၈ နာရီမတိုင်ခင် ဒီဟားခါးမှာ ဖမ်းဆီးခံရတဲ့ ချင်းပြည်သူတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်။ ချို့ယွင်းချက်မရှိပေါ့။ ဒါပေမဲ့ သူတို့ဘက်ကနေ ဆက်သွယ်လာတာလည်း မရှိဘူး။ ပြန်လွှတ်ပေးတာလည်း မရှိဘူးဆိုတော့ ကျနော်တို့ဘက်ကျတော့ သေဒဏ်ပေးပြီ။ ကျနော်တို့ သေဒဏ်တော့ အမိန့်ချလိုက်ပြီးပြီ။ ဒီ Local Commander ထဲမှာ ရှိတယ်။"

ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့ကနေ စပြီး ၄ ရက်နေ့အထိ ဟားခါးမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ကင်းစခန်းတွေကို CDF တပ်ဖွဲ့တွေကနေ ၃ ရက်ဆက် တိုက်ခိုက်နေခဲ့တာပါ။ ဒီတိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်ဘက်က ၉ ယောက်ကျဆုံးပြီး အများပြားဒဏ်ရာရတယ်လို့ CDF တပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ ချင်းပြည်နယ် မင်းတပ်နဲ့ ဟားခါးမြို့တွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်မှောက်မှုအပေါ် လုံခြုံရေးတပ်တွေဘက်က လက်နက်နဲ့ အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးမှုကြောင့် ဒေသခံတွေက ရရာလက်နက်ကိုင်စွဲ ခုခံ ကာကွယ် တိုက်ခိုက်လာခဲ့ကြတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]















XS
SM
MD
LG