သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထရမ့် ရွေးကောက်ပွဲ အနိုင်ရမှု ဟဲရစ် လက်ခံ


ဒုသမ္မတ ကင်မလာဟဲရစ် နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့အား သီးခြားစီတွေ့ရစဉ် (ယခင်ပုံဟောင်း)
ဒုသမ္မတ ကင်မလာဟဲရစ် နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့အား သီးခြားစီတွေ့ရစဉ် (ယခင်ပုံဟောင်း)

သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ အင်္ဂါနေ့ရွေးကောက်ပွဲမှာ ဒုသမ္မတ ကင်မလာဟဲရစ်ကို အနိုင်ရပြီး အမေရိကန်နိုင်ငံရဲ့ ၄၇ ဆက်မြောက် သမ္မတအဖြစ် အရွေးကောက်ခံရပြီး လာမယ့် ဇန်နဝါရီလကစပြီး သမ္မတအိမ်ဖြူတော်မှာ တာဝန်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းမှာ ဒုသမ္မတ ဟဲရစ်က တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ထရမ့်အနိုင်ရတာကို အသိမှတ်ပြုကြောင်း ပြောကြားခဲ့ သလို သမ္မတဘိုင်ဒန်ကလည်း ဗုဒ္ဓဟူးနေ့ မှာပဲ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထရမ့်ကို ဆက်သွယ်ပြောကြားခဲ့ပါတယ်။ ဒုသမ္မတ ဟဲရစ်ဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ကြောင်း လူထုကို အသိပေးတဲ့ မိန့်ခွန်းကို ဝါရှင်တန်ဒီစီမှာရှိတဲ့ Howard တက္ကသိုလ်မှာ ဗုဒ္ဓဟူးနေ့ နှောင်ပိုင်းမှာပဲ ပြောကြားခဲ့ပါတယ်။

အကြိတ်အနယ်ယှဉ်ပြိုင်ရတဲ့ အင်္ဂါနေ့ရွေးကောက်ပွဲမှာ သမ္မတရွေးချယ်ရေး ပြည်နယ် အထူးကိုယ်စားလှယ်မဲ ၅၃၈ မဲထဲက အနည်းဆုံး မဲ ၂၇၀ ရဖို့လိုအပ်တာ ဖြစ်ပြီး ဒေါ်နယ်ထရမ့်က အနည်းဆုံး ၂၉၂ မဲနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။ အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ အသက်အကြီးဆုံး သမ္မတဖြစ်လာမယ့် ထရမ့်ဟာ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာပဲ လူထုစုဝေးပွဲပြုလုပ်ရာ ဖလော်ရီဒါမှာ သူနိုင်ပြီဖြစ်ကြောင်းကြေညာပြီး သူ့ကို ထောက်ခံပံ့ပိုးသူတွေကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

"ဒါဟာ ဘယ်သူမှ မမြင်ဖူးသေးတဲ့ အပြောင်းအလဲ တခုဖြစ်ပါတယ်။ ရှင်းရှင်း ပြောရရင် ဒါဟာ ဘယ်တုန်းကမှ မကြုံဖူးသေးတဲ့ အကြီးမားဆုံး နိုင်ငံရေးအပြောင်းအလဲ ဖြစ်မယ်" လို့ သူ ယုံကြည်ကြောင်း ထရမ့်က ပြောသွားတာပါ။

ထရမ့်ဟာ ရွေးကောက်ပွဲ မဲဆွယ်ချိန်က သူဟာ သန်းနဲ့ချီတဲ့ အထောက်ထားမရှိပဲ အမေရိကန်မှာ နေထိုင်သူတွေကို သူတို့ နေရပ်ရင်း ပြန်ပို့မှာဖြစ်သလို မက်ဆီကိုနယ်စပ် လုံခြုံရေးအပြင် နိုင်ငံတွင်း ပြုပြင်ဖို့ လိုအပ်တာအားလုံးကို ပြုပြင်ဖို့ လုပ်မှာ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။ ဒါ့အပြင် အမေရိကန်နိုင်ငံကို အင်အားခိုင်မာပြီး လုံခြုံစိတ်ချရတဲ့ ကြွယ်ဝချမ်းသာတဲ့ နိုင်ငံ ဖြစ်အောင် သူလုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ထရမ့် ရွေးကောက်ပွဲ အနိုင်ရမှု ဟဲရစ် လက်ခံ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG