ဖလော်ရီဒါမှာ Donald Trump ရွေးကောက်ပွဲရလဒ် စောင့်ကြည့်တဲ့ အခမ်းအနားကို သတင်းထောက် ၆ ဦးထက်မနည်း တက်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ Trump နဲ့ ပတ်သက်တဲ့ သတင်းတက်ဆက်ပုံနဲ့ ဆက်စပ်ပြီး ခုလို ပိတ်ပင်ခံခဲ့ရတာပါ။ Axios, Politico နဲ့ Puck သတင်းမီဒီယာတွေက သတင်းထောက် ၆ ဦး သတင်းယူခွင့် ပိတ်ပင်ခံခဲ့ရတာဖြစ်ကြောင်း VOA အနေနဲ့ အတည်ပြုနိုင်ခဲ့ပါတယ်။
Politico မီဒီယာက သတင်းထောက် ၃ ဦးနဲ့ ဓါတ်ပုံရိုက်သူ ၁ ဦး အစောပိုင်းမှာ တက်ရောက်ခွင့် ပေးထားပေမယ့် အင်္ဂါနေ့မှာတော့ ပြန်ရုပ်သိမ်းခံလိုက်ရပါတယ်။ လူဖြူအမျိုးသားရေးဝါဒီတဦးဟာ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်က ထရမ့် မဲဆွဲစည်းရုံးရေးအဖွဲ့မှာ ပါဝင်နေတယ်ဆိုပြီး Politico မဂ္ဂဇင်းမှာ ရေးသားခဲ့တာနဲ့ ပတ်သက်လို့ ဆက်စပ်နိုင်တယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတဦးက VOA ကို ပြောကြားခဲ့တာပါ။ နောက်ပိုင်းမှာတော့ အဲဒီ လူဖြူအမျိုးသားရေးဝါဒီကို မဲဆွယ်ရေးအဖွဲ့က ထုတ်ပယ်ခဲ့ပါတယ်။ Politico ကို VOA က မေးမြန်းရာမှာ ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။
Puck မီဒီယာက Tara Palmeri ဟာလည်း တဘက်စောင်းနင်း ရေးသားလေ့ရှိတာကြောင့် ရွေးကောက်ပွဲညမှာ Trump ရဲ့ Mar-a-largo စံအိမ် ဝင်ရောက်ခွင့် ငြင်းပယ်တာဖြစ်တယ်လို့ ထရမ့်မဲဆွယ်စည်းရုံးရေးအဖွဲ့ မန်နေဂျာတဦးဖြစ်သူ Chris LaCivita က X လူမှုကွန်ယက်မှာ ရေးပါတယ်။ ဒီလိုငြင်းပယ်ခံရတာဟုတ်မှန်ကြောင်းလည်း Palmeri က VOA ကို email နဲ့ အတည်ပြုပါတယ်။
Axios သတင်းထောက် Sophia Cia လည်း ရွေးကောက်ပွဲ မတိုင်ခင်ရက်တွေမှာ Trump မဲဆွယ်ရေးအဖွဲ့အတွင်း စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ သတင်းရေးသားအပြီး မကြာခင်မှာပဲ သတင်းယူခွင့် ပိတ်ပင်ခံရတာပါ။
အခုလို သတင်းသမားတွေကို ပိတ်ပင်တာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ Trump မဲဆွယ်ရေးအဖွဲ့ကို VOA က ဆက်သွယ်ရာမှာ ခုချိန်ထိ တစုံတရာ တုံ့ပြန်တာမျိုး မရှိပါဘူး။ ဒီလိုပိတ်ပင်ခံရတဲ့ သတင်းထောက်တွေထဲမှာ VOA သတင်းထောက်တွေလည်း ပါတယ်လို့ CNN သတင်းဌာနက ပြောပေမယ့် VOA ပြောခွင့်ရက ငြင်းဆိုပါတယ်။ Trump ဌာနချုပ်က အခမ်းအနား တော်တော်များများကို VOA သတင်းထောက်တွေ တက်ရောက်ခွင့်ရပေမယ့် တခြားအကြောင်း အမျိုးမျိုးကြောင့် တက်ရောက်ခွင့်မရတာတွေလည်း ရှိကြောင်း VOA ပြောခွင့်ရက ပြောဆိုပါတယ်။
Forum