သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်တစ် ပါတီသမ္မတလောင်းရဲ့ ပထမဆုံးရုပ်သံမေးမြန်းခန်း


မဲဆွယ်ပွဲတခုမှာတွေ့ရတဲ့ အမေရိကန် ဒုသမ္မတ Kamala Harris (ဩဂုတ် ၂၉၊ ၂၀၂၄)
မဲဆွယ်ပွဲတခုမှာတွေ့ရတဲ့ အမေရိကန် ဒုသမ္မတ Kamala Harris (ဩဂုတ် ၂၉၊ ၂၀၂၄)

အမေရိကန် ဒုသမ္မတ Kamala Harris ဟာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် အရွေးခံရပြီးနောက် ပထမဆုံးအကြိမ် ရုပ်မြင်သံကြား မေးမြန်းခန်း ကြာသပတေးနေ့ညက ပြုလုပ်ခဲ့ပါတယ်။ အမေရိကန်ထဲ တရားမဝင် ဝင်ရောက်ဖို့ကြိုးစားသူတွေအရေးကို တင်းကြပ်စွာ ကိုင်တွယ် ဖြေရှင်းသွားမှာ ဖြစ်သလို အစ္စရေးအတွက် လက်နက် အထောက်အပံ့ပေးနေတာကိုလည်း ရပ်မှာ မဟုတ်ဘူးလို့ CNN ရုပ်သံ သတင်းဌာနနဲ့ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။​ ဒီမေးမြန်းခန်းကို သူမနဲ့အတူ ဒုသမ္မတအဖြစ် ဝင်ရောက် အရွေးခံမယ့် Minnesota ပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz နဲ့အတူ ပူးတွဲပြုလုပ်ခဲ့တာပါ။

သူ့အနေနဲ့ အစ္စရေးကို အပြည့်အဝ ထောက်ခံပေးသွားမှာဖြစ်ပေမယ့် ဂါဇာမှာ အပစ်ရပ်ရေး သဘောတူညီချက် အမြန်ဆုံးရအောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ CNN ရဲ့ အကြီးတန်း သတင်းထောက်တဦးဖြစ်သူ Dana Bash နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ Harris က ပြောပါတယ်။​ ဂါဇာမှာ ပါလက်စတိုင်းလူမျိုးတွေ သေဆုံးမှု များပြားနေတဲ့အတွက် အမေရိကန် အစိုးရအနေနဲ့ အစ္စရေးကို လက်နက်တွေပို့ပေးနေတဲ့ကိစ္စကို ပြန်လည် သုံးသပ်ဖို့ ဒီမိုကရက်တစ်ပါတီဝင်တွေက တောင်းဆိုနေတဲ့ကိစ္စကိုလည်း ဒုသမ္မတ Harris က ပယ်ချလိုက်ပါတယ်။​

နယ်စပ်လုံခြုံရေးကိစ္စနဲ့ပတ်သက်လို့တော့ အမေရိကန်နိုင်ငံထဲ ခွင့်ပြုချက်မပါဘဲ ဝင်ရောက်လာသူတွေအနေနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ခံစားရမယ်လို့ သတိပေး ပြောကြားလိုက်ပါတယ်။​

ဒီရွေးကောက်ပွဲ ဘယ်သူနိုင်မယ်ဆိုတာကို အဆုံးအဖြတ်ပေးတဲ့နေရာမှာ အရေးပါတဲ့ Pennsylvania လို ပြည်နယ်ရဲ့ စီးပွားရေးမှာ အရေးပါတဲ့ ရေအားသုံးပြီး မြေကြီးထဲကနေ ရေနံထုတ်ယူတဲ့လုပ်ငန်းကို သူ့အနေနဲ့ တားမြစ်မှာ မဟုတ်ဘူးလို့ Harris က ပြောပါတယ်။​ ဒီလုပ်ငန်းဟာ Pennsylvania ပြည်နယ်အပြင် တောင်ပိုင်းဒေသက ပြည်နယ်တချို့အတွက်လည်း စီးပွားရေးအရ အရေးပါတဲ့ လုပ်ငန်းဖြစ်တာကြောင့် ပြိုင်ဘက် ရီပတ်ဘလီကန်ပါတီကလည်း ဒီကိစ္စကို ရွေးကောက်ပွဲမှာ အလေးပေး ပြောဆို စည်းရုံးရတဲ့ အကြောင်းအရာတခုအဖြစ် ပါဝင်နေတာပါ။

အမေရိကန်ပြည်သူတွေဟာ နည်းလမ်းသစ်နဲ့ ရှေ့ဆက်ဖို့ အဆင်သင့်ဖြစ်နေကြပြီလို့ သူ့အနေနဲ့ ယုံကြည်တယ်လို့လည်း ဒုသမ္မတ Kamala Harris ကပြောပါတယ်။ သူမသာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် လူလတ်တန်းစားတွေ တိုးတက် ကြီးပွားရေးအတွက် ပထမ ဦးစားပေးလုပ်ဆောင်သွားမယ်လို့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ပထမဆုံးလုပ်တဲ့ မေးမြန်းခန်းမှာ ပြောကြားသွားခဲ့ပါတယ်။

ဒီမိုကရက်တစ် ပါတီသမ္မတလောင်းရဲ့ ပထမဆုံးရုပ်သံမေးမြန်းခန်း
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG