သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်ကားမောင်းနဲ့နောက်လိုက်များ ကိုဗစ်ကာကွယ်ရေး


Trucks on Thailand - Myanmar border
Trucks on Thailand - Myanmar border
တိုက်ရိုက် လင့်ခ်

ကိုဗစ်ရောဂါကာလမှာ ကုန်စည်စီးဆင်းမူအတွက် အလုပ်လုပ်ပေးကြရတဲ့ အဝေးပြေး ကုန်ကားမောင်းနဲ့နောက်လိုက်တွေလည်း၊ ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားနေချိန်ကာလ အဓိက အိမ်မှာနေကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားထားပေမယ့်၊ ကုန်စည်တွေ ဈေးမတက်ဖို့ အဝေးပြေးကုန်ကားတွေကိုတော့ သွားလာခွင့်ပြုထားပြီး၊ ကုန်ကားလုပ်သားတွေကို ဆေးစစ်ပေးနေတာအပြင်၊ ကာကွယ်ရေးလမ်းညွှန်ချက်လည်း ထုတ်ပြန်ထားပါတယ်။ ဒီလမ်းညွှန်ချက်တွေအရ၊ အလုပ်ချိန်ကလွဲပြီး တတ်နိုင်သမျှ အိမ်မှာနေဖို့၊ ကားထွက်မောင်း အလုပ်လုပ်ရလျှင်လည်း ပါးစပ်နဲ့နှာခေါင်းစည်း (Mask) တပ်ကာ လူချင်းခပ်ခွာခွာ (Social Distancing) နေပေးဖို့၊ လမ်းကြုံခရီးသည်မတင်ဖို့၊ လက်ဆွဲနှုတ်ဆက်တာ၊ ပွေ့ဖက်နှုတ်ဆက်တာနဲ့ လမ်းမှာနားချိန် စားသောက်ချိန်တွေမှာ ဝိုင်းဖွဲ့စားတာ၊ စကားပြောတာ၊ သီချင်းဆိုတာတွေမလုပ်ဘဲ၊ ပါဆယ်ယူကာ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ တစ်ဦးချင်းသာ သီးသန့်စားဖို့ ညွှန်ကြားထားပါတယ်။

ဒါ့အပြင် ကားပေါ် စတက်ကတည်းက၊ တစ်ခုခု (တံခါးလက်ကိုင်၊ လှေကားလက်ရန်း၊ ငွေစက္ကူ စတာတွေ) မကိုင်တွယ်မီနဲ့ ကိုင်တွယ်ပြီး လက်သန့်ဆေးနဲ့ (သို့မဟုတ်) ရေ၊ ဆပ်ပြာနဲ့ (စက္ကန့် ၂၀ ကြာ၊ နှံ့အောင်) စနစ်တကျ ဆေးဖို့ ညွှန်ကြားထားပါတယ်။ တစ်ခုခုကိုကိုင်ပြီး လက်မဆေးခင် မျက်နှာတဝိုက်ဖြစ်တဲ့ နှာခေါင်း၊ ပါးစပ်၊ မျက်စိတွေကို မကိုင်မိ၊ မပွတ်မိဖို့ သတိပေးထားပါတယ်။ အိပ်စက်ရာမှာလည်း တစ်ခန်းထဲ တစ်နေရာထဲ၊ အခြားသူတွေနဲ့ ပေါင်းမအိပ်ဘဲ သီးသန့်အိပ်ဖို့ မှာထားပါတယ်။ ကောင်းကောင်းအိပ်ရေးဝအောင် အိပ်စက်အနားယူပြီး၊ အာဟာရပြည့်အောင်စားကာ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ပေးခြင်းဖြင့်၊ ကိုယ်ခံအားကောင်းပြီး ကူးစက်ဖို့ ခက်စေနိုင်ပါတယ်။ တကယ်လို့ ကိုဗစ်လက္ခဏာတွေဖြစ်တဲ့ ဖျားတာ၊ ချောင်းဆိုးတာ၊ ရုတ်တရက် အနံ့အရသာပျောက်တာ၊ မောတာ၊ အသက်ရူကြပ်တာတွေ ဖြစ်လာလျှင်လည်း အလုပ်မှခွင့်ယူပြီး ဆေးစစ်ကုသမူ ခံယူသင့်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာမှာလည်း၊ အမေရိကန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန (CDC) မျိုးကနေ အဝေးပြေးကားသမားတွေအတွက် ကိုဗစ်ကာကွယ်ရေး ထပ်မံအကြံပြုထားတာတွေ ရှိပါသေးတယ်။ ဒီအထဲမှာ အဝေးပြေးကားသမားတွေ ထိတွေ့နိုင်တဲ့နေရာတွေ (စတီယာတိုင်နဲ့ ခလုပ်တွေ၊ ဂီယာတိုင်၊ ထိုင်ခုံနဲ့လက်ရန်းလက်တင်၊ ရေသန့်ဗူး စတာတွေ) ကို ပိုးသတ်ဆေး (ဆိုဒီယမ်ဟိုက်ပိုကလိုရိုဒ် အစွန်းချွတ်ဆေးဖျော်ရည် - သို့မဟုတ် - အရက်ပျံသုံး) သုတ်တာ၊ ဖြန်းတာ လုပ်ပေးသင့်ပါတယ်။ မိမိ ကားမောင်းခန်းကိုလည်း၊ အနောက်ပိုင်းနဲ့ ကာထားနိုင်အောင် စီမံ (ပလပ်စတစ် သုံးကာတာဖြစ်ဖြစ်) လုပ်ဆောင်သင့်ပါတယ်။ အိပ်စက်ရာမှာလည်း မိမိ အိပ်ယာနဲ့ခေါင်းအုံးစောင်တွေကို သီးသန့်သုံးပြီး တစ်ခန်းထဲအများနဲ့ မအိပ်တာ၊ ကားပေါ်နဲ့ ကားအောက်ခန်းမှာ အိပ်လျှင်လည်း ပိုးသန့်ပြီးမှ သီးသန့်အိပ်တာတွေကို အကြံပြုထားပါတယ်။ ဒါ့အပြင် ကားပြူတင်းပေါက်ကိုလည်း ဖွင့်ပေးပြီး၊ လေဝင်လေထွက်ကောင်းအောင် စီမံသင့်ပါတယ်။ လမ်းမှာ ဆိုင်ဝင်ချိန်၊ ဓာတ်ဆီဖြည့်ချိန်မှာလည်း ငွေစက္ကူ၊ ဘောက်ချာနဲ့ စာရွက်စာတမ်းတွေကို ကိုင်တွယ်ပြီးတိုင်း လက်ပြန်ဆေးသင့်ပါတယ်။ ဖြစ်နိုင်လျှင် ပလပ်စတစ်အကြည် လိုင်းထိုးအိပ်လေးတွေကို သုံးပြီး ဒီပိုက်ဆံနဲ့ ဘောက်ချာ၊ စာရွက်စာတမ်းတွေကို ထည့်ကာ အလုံပိတ်ထားသင့်ပါတယ်။

ဒီလိုင်းထိုးအိပ်လေးတွေနဲ့ တချို့ မှတ်ပုံတင်နဲ့ လက်ကိုင်ဖုန်းတွေပါ ရေလုံအောင်ထည့်လေ့ ရှိတာမို့၊ အလားတူ ပိုးလုံအောင် ထည့်သုံးသင့်ပါတယ်။ တစ်ချိန်ထဲမှာ တကိုယ်ရေ အသုံးအဆောင်တွေဖြစ်တဲ့ လက်ကိုင်ဖုန်း၊ မျက်မှန်၊ ကိုယ်ပိုင်ဘော့ပင်၊ လက်နှိပ်ဓာတ်မီး၊ မီးခြစ်စတာတွေကို တခြားသူတွေ ပေးမကိုင်တာ၊ ဟိုနေရာ ဒီနေရာချထားတာပါ မလုပ်သင့်ဘဲ၊ ကိုယ်နဲ့အတူ အမြဲသီးသန့်ဆောင်ထားသင့်ပါတယ်။ ဒီကိုယ်ပိုင်အသုံးအဆောင်တွေကို တခြားနေရာတွေ ချမိလျှင်လည်း ပိုးသတ်ဆေးနဲ့ ပြန်သုတ်ပေးသင့်ပါတယ်။ ဒါ့အပြင် ဓာတ်ဆီဆိုင် မဝင်ခင်မှာ ကြိုအကြောင်းကြားပြီး ကားရှင်းအောင်စီမံစေတာ၊ ကုန်ပစ္စည်းအတင်အချစခန်း မရောက်ခင်မှာလည်း ကြိုအကြောင်းကြားပြီး၊ ကုန်တင်ကုန်ချချိန် လူချင်းခပ်ခွာခွာဖြစ်အောင် ကြိုတင်စီမံစေတာတွေကို လုပ်ဆောင်သင့်ပါတယ်။ ကုန်စည်သေတ္တာတွေကိုလည်း တစ်နေရာနဲ့တစ်နေရာ အတင်အချလုပ်ပြောင်းရာမှာ ပိုးသတ်ဆေး ဖြန်းပေးသင့်ပါတယ်။ ဒီကုန်သေတ္တာတွေအပေါ် တံဆိပ်နှိပ်တာ၊ စာရေးမှတ်တာတွေ လုပ်ပြီးလျှင်လည်း လက်ပြန်ဆေးသင့်ပါတယ်။ ဒါ့အပြင် ကားသမားတွေ အိမ်သာသုံးဖို့အတွက်လည်း လေဝင်လေထွက်ကောင်းအောင် ပြူတင်းပေါက်ဖွင့်ထားတာ၊ မသုံးခင် တံခါးဖွင့်ထားတာ၊ ရေဆပ်ပြာနဲ့ လက်သန့်ဆေးတွေ အသင့်ထားပေးတာ၊ မကြာခဏ ပိုးသတ်ဆေး ဖြန်းပေးတာတွေ လုပ်ဆောင်ပေးသင့်ပါတယ်။ ကားသမားတွေအနေနဲ့ တကိုယ်ရေသုံး လက်သန့်ဆေးရည်ဗူးသေးကို အမြဲဆောင်ထားတာအပြင်၊ ကားထဲမှာလည်း လက်သန့်ဆေးရည်ဗူးကြီး အမြဲဆောင်ထားဖို့ လိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အဝေးပြေး ကုန်ကားတွေကို ခရီးဝေးအဆုံးထိ တောက်လျှောက်မမောင်းစေဘဲ၊ ကြားစခန်းမှာ ကားချင်းလဲ၊ ကုန်ပစ္စည်းချင်းလဲ၊ လူချင်းလဲပြီး မောင်းတဲနည်းနဲ့ ကာကွယ်ရေး လုပ်ဆောင်နေပါတယ်။ ဒါ့ပေမဲ့ ကားသမားတွေအတွက် ဆေးစစ်တာကတော့၊ အခမဲ့ မဟုတ်ဘဲ၊ အကြိမ်ကြိမ်လုပ်နေရတာအတွက် ကုန်ကားလုပ်သားတွေဘက်မှာ အခက်အခဲများ ရှိနေပါတယ်။ ဒီအတွက် ကုန်စည်ဈေးမတက်အောင် ကူပေးနေသူတွေကို၊ ချီးမြှောက်တဲ့အနေနဲ့၊ ဈေးထပ်လျှော့ပေးတာ (သို့မဟုတ်) အခမဲ့စစ်ပေးတာ၊ စစ်တဲ့အကြိမ်ကိုလည်း၊ ကာကွယ်ရေးတွေ လုပ်ဆောင်လာနိုင်တာနဲ့အမျှ၊ လျှော့ချကူညီပေးသင့်ပါတယ်။ အကြောင်းက ဒီကားသမားတွေအနေနဲ့ ဆေးစစ်ခဈေးကြီးတာအပြင်၊ ဆေးအကြိမ်ကြိမ် အနာခံစစ်ရမှာ ကြောက်နေကြလို့ပါ။ မြန်မာနိုင်ငံမှာ နောက်သတိပြုရမှာကတော့၊ တချို့ကားသမားတွေ ကွမ်းစားကြတာပါ။ ကွမ်းယာတဲ့လက်မသန့်လျှင်၊ လက်အိပ်သုံးနိုင်သော်လည်း အကြိမ်ကြိမ်ဆက်သုံးတာကြောင့် ပိုးရှိလာလျှင်၊ ကွမ်းယာကိုပါးစပ်ထဲ တန်းထည့်ပြီး၊ ပိုးကူးနိုင်တာကို သတိပြုဖို့လိုပါတယ်။ ဖြစ်နိုင်လျှင် ဒီကွမ်းစားတဲ့အကျင့်ကို ပြောင်းနိုင်ဖို့ ကြိုးစားသင့်ပါတယ်။

ဒီအကြောင်းအရာကို ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့က ဒေါက်တာ မြင့်ဦးအား မေးထားပါတယ်။

== Unicode ==








XS
SM
MD
LG