အမေရိကန်နိုင်ငံကို နှစ်ပေါင်းများစွာအတွင်း ပထမဆုံးရောက်လာတဲ့ မြန်မာကျန်းမာရေးဝန်ကြီးဖြစ်တဲ့ ဒေါက်တာဖေသက်ခင် က ကျန်းမာရေး အာမခံလုပ်ငန်း လုပ်သင့်မသင့်အတွက် နိုင်ငံတကာ အတွေ့အကြုံတွေကို လေ့လာနေပြီး၊ ပညာရှင်တွေ၊ တခြားဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းလုပ်သွားရမယ်လို့ ပြောဆိုလိုက်ပါတယ်။
အခုလို ကျန်းမာရေး စောင့်ရှောက်မှု့စနစ်အတွက် ငွေကြေးထောက်ပံမှု့ဆိုင်ရာပြောင်းလဲရေးကို အထက်အဆင့်ကနေ ကြိုးပမ်းနေရာမှ အလယ်မှာရှိတဲ့ ဝန်ထမ်းတွေအနေနဲ့လည်း မတူညီတာတွေ ဘေးဖယ်ထားပြီး၊ တူညီတဲ့ ဘုံဦးတည်ချက်ဖြစ်တဲ့ ပြည်သူ့ကျန်းမာရေး အဆင့်မြင့်အောင် အာရုံစိုက် ဝိုင်းလုပ်ပေးကြဖို့နဲ့၊ အရင်ကလို အထက်က အမိန့်ကိုချည်းပဲ စောင့်နေတာမျိုးမဟုတ်ဘဲ၊ ကိုယ့်တာဝန်ကိုယ်သိပြီး အစွမ်းအစထုတ် ရှေ့ဆောင်လုပ်ပြကြဖို့တွေကို ဝန်ကြီး ဒေါက်တာဖေသက်ခင် က မှာကြားလိုက်ပါတယ်။
ဒါ့အပြင် လူမှု့ရေးအဖွဲ့တွေ၊ စေတနာရှင်တွေ NGO တွေ အပါအဝင် ပြည်သူတွေအားလုံးအနေနဲ့ဲလည်း ပူးပေါင်းဆောင်ရွက်လာကြဖို့နဲ့၊ အထူးသဖြင့် ပြည်သူတွေအနေနဲ့ အရင်ကလို ဆရာဝန်၊ ဆရာမတွေထံ လုံးဝပုံအပ်တာမျိုး မလုပ်တော့ဘဲ၊ မိမိတို့ရဲ့ကျန်းမာရေးဆိုင်ရာ ဆုံးဖြတ်ခွင့်နဲ့ မေးခွန်းထုတ်ခွင့် အခွင့်ရေးတွေကိုသိရှိပြီး အသုံးပြုကြဖို့ကို ကျန်းမာရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။
ဒီနေရာမှာ ကျန်းမာရေးအသိ လူထုအကြား ပိုမိုပြန့်ပွားလာနိုင်အောင် ကျန်းမာရေးပညာပေးလုပ်ငန်းတွေလုပ်ရာမှာ ကျေးလက်နဲ့ အောက်ခြေလူထုထံ အထိရောက်နိုင်ဖို့ ကျန်းမာရေးဌာနတခုထဲက မဟုတ်ဘဲ၊ ပညာရေးနဲ့ ပြန်ကြားရေးဌာနတွေအပြင်၊ ပုဂ္ဂလိက သတင်းမီဒီယာတွေဖက်ကပါ ဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့ကိုလည်း ဒေါက်တာဖေသက်ခင်က တောင်းဆိုလိုက်ပါတယ်။
အကြောင်းစုံကို ကိုဝင်းမင်း က ဝန်ကြီး ဒေါက်တာဖေသက်ခင်ကို မေးမြန်းတင်ပြထားပါတယ်။