သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတော်တဆ ဓာတ်လိုက်ခြင်း


ရန်ကုန်မြို့တစ်နေရာတွင် တွေ့ရသည့် ရှုပ်ထွေးနေသည့် မီးကြိုးများနှင့် လျှပ်စစ်ဓာတ်အားပေးတိုင်တစ်ခု
ရန်ကုန်မြို့တစ်နေရာတွင် တွေ့ရသည့် ရှုပ်ထွေးနေသည့် မီးကြိုးများနှင့် လျှပ်စစ်ဓာတ်အားပေးတိုင်တစ်ခု
မတော်တဆ ဓာတ်လိုက်ခြင်း
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ ဓာတ်လိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူတွေ ဆေးရုံဆေးခန်းတွေကို မကြာခဏ ရောက်လေ့ရှိတာမို့၊ ကြိုတင်ကာကွယ်နိုင်ရေးတွေ အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

မတော်တဆ ဓာတ်လိုက်မှုတွေကြောင့် ရန်ကုန်တိုင်း တစ်ခုထဲမှာတင် မနှစ်က သေဆုံးသူ တစ်ရာကျော်ရှိခဲ့ပြီး၊ ဒီနှစ်မှာလည်း နှစ်တဝက်ခန့်ထိ ဓါတ်လိုက်သေဆုံးသူ (၅၀) ဦးကျော် ရှိလာနေပါတယ်။ မကြာသေးခင်ကလည်း (၈) တန်းကျောင်းသားငယ်လေးတစ်ယောက် လမ်းမပေါ်က ရေထဲပြတ်ကျနေတဲ့ ဓာတ်ကြိုးနင်းမိပြီး သေဆုံးခဲ့ရတာမို့ ဓါတ်လိုက်တဲ့ အန္တရာယ်က အလွန်ကြီးမားလွန်းပါတယ်။

ဒီလို မတော်တဆ ဓာတ်လိုက်မှုတွေကြောင့် သေဆုံးရသူအထဲမှာ အများဆုံး ရန်ကုန်ဆေးရုံကြီးကို ရောက်လာတာတွေက လျှပ်စစ်ဓာတ်နဲ့ ဝိုင်ယာကြိုးသွယ်တန်းမှု အန္တရာယ်မကင်းတာ၊ လျပ်စစ်ပစ္စည်း ပြုပြင်ထိန်းသိမ်းမှု အားနည်းတာနဲ့ လူတွေရဲ့ အပြုအမှုတွေနဲ့ ပတ်သက်နေပါတယ်။ ဥပမာအားဖြင့် ပေါက်ပြဲနေတဲ့ဓာတ်ကြိုးကို မသိဘဲ ကိုင်မိတာမျိုးပါ။ မကြာခင်က ရန်ကုန်မှာ ကျောင်းသားလေးဖြစ်ခဲ့သလို့ ပတ်ဝန်းကျင် ရေစိုနေတဲ့နေရာမျိုးဖြစ်တဲ့ လမ်းမပေါ်မှာ ရေထဲဓာတ်ကြိုးပြတ်ကျနေတာတွေကြောင့် ဖြစ်လေ့ရှိသလို၊ အဓိက အဖြစ်အများဆုံးကတော့ အိမ်နဲ့ အလုပ်ခွင်တွေမှာ ဖြစ်ပြီး၊ လျှပ်စစ်လုပ်သားတွေပါ မကြာခဏ ဖြစ်နေတာ တွေ့ရပါတယ်။

ဓါတ်လိုက်မှုတွေက အများအားဖြင့် ရေစိုနေတာနဲ့ ဆိုင်လေ့ရှိပါတယ်၊ ဥပမာ ရေစိုနေတဲ့အသားနဲ့ ပေါက်ပြဲနေတဲ့ ဝါယာကြိုး ထိမိတာမျိုးပါ။ အိမ်မှာဆိုလျှင်လည်း ရေစိုနေတဲ့ မီးဖိုချောင်၊ ရေချိုးခန်းတွေမှာ အဖြစ်များသလို၊ လူတွေရဲ့အပြုအမူဖြစ်တဲ့ မီးပြင်ရင်း၊ လျှပ်စစ်ပစ္စည်းပြင်ရင်း ဖြစ်ကြတာများပါတယ်။ လုပ်ငန်းခွင်တွေမှာတော့ လျှပ်စစ်ဝါယာကြိုးနဲ့ လျှပ်စစ်စက်ပစ္စည်းကရိယာ ပြုပြင်ထိန်းသိမ်းမှု သေသေချာချာ မလုပ်ထားတာကြောင့် ဓာတ်လိုက်တာ ဖြစ်လာလေ့ရှိပါတယ်။ လျှပ်စစ်လုပ်သားတွေအတွက်တော့ လုပ်ငန်းခွင်ကျွမ်းကျင်မှုနဲ့ သင်တန်းကောင်းကောင်းပေးထားမှုတို့နဲ့ ပတ်သက်လေ့ရှိပါတယ်။

အိမ်မှာဖြစ်တာ ကြိုတင်ကာကွယ်နိုင်ဖို့ လျှပ်စစ်ဝါယာကြိုးသွယ်တန်းရာမှာ အရည်အသွေးကောင်းတာတွေသုံးပြီး၊ ဝါယာကြိုးသွယ်တန်းတာ၊ ပြင်ဆင်တာတွေကို ကိုယ်တိုင် မကျွမ်းကျင်လျှင် ကျွမ်းကျင်သူတွေကို ခေါ်ယူ လုပ်ဆောင်စေသင့်ပါတယ်။ အဓိကအားဖြင့် ဝိုင်ယာကြိုးသွယ်တန်းရာမှာ ရေအစိုဓာတ်နဲ့ နီးစပ်နိုင်တာကို ရှောင်ကျဉ်သင့်ပါတယ်။ အိမ်မှာ ဓာတ်လိုက်ခံရသူထဲမှာ အများအားဖြင့် ကလေးငယ်တွေပါနေပြီး၊ လူကြီးတွေ သတိပြုနိုင်တာကို ကလေးတွေအနေနဲ့ မသိတာ၊ သတိမပြုမိတာတွေကြောင့် မတော်တဆ လျှပ်စစ်ပစ္စည်းတွေကို ကိုင်မိရာက အဓိက ဖြစ်ရလေ့ရှိပါတယ်။ ဒါကြောင့်မို့ လျှပ်စစ်သုံးပစ္စည်းနဲ့ မီအောင်ကြားကဆက်ပေးတဲ့ Extension ဝါယာကြိုးတွေ၊ လျှပ်စစ်အားသွင်းကြိုးတွေ၊ ဖုန်းဘက်ထရီအားသွင်းကြိုးတွေကို ကလေးတွေ လက်လှမ်းမီရာ၊ ကိုင်မိနိုင်တဲ့နေရာတွေမှာ တန်းလန်း ပစ်မထားသင့်ပါဘူး။

ကလေးတွေမမီတဲ့နေရာမှာ ထားသင့်ပါတယ်။ ဒါ့အပြင် မီးပလပ်နဲ့ မီးခလုပ်တွေကိုလည်း ကလေးငယ်လေးတွေ လက်လှမ်းမီနိုင်တဲ့ နေရာတွေမှာ မတပ်ဆင်သင့်ပါဘူး။ ကလေးငယ်တွေ လက်လှမ်းမီနိုင်ရာမှာ မီးပလပ် တပ်ဆင်ထားပြီးဖြစ်နေလျှင်လဲ၊ အသုံးမပြုချိန်မှာ အကာတွေသုံး ပိတ်ထားသင့်ပါတယ်။ မိုးရွာချိန်၊ ရေစိုနေချိန်နဲ့ ရေချိုးခန်းဝင်ချိန်တွေမှာလည်း လျှပ်စစ်ဝါယာကြိုးတွေ ရေထဲမှာ စိုစွတ်နေတဲ့ ကြမ်းပြင်မှာ တန်းလန်းကျမနေစေဖို့ အထူးအရေးကြီးပါတယ်။ မီးဖိုချောင်မှာ လျှပ်စစ်သွယ်တန်းရာမှာလည်း မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ စိုစွတ်တဲ့နေရာတွေနဲ့ ခပ်ဝေးဝေးထားဖို့ လိုပါတယ်။ ဥပမာ နံရံကပ်လက်ဆေးရေဇလုံ ဘေစင် (Basin) နဲ့ မီးခလုပ်နဲ့ ဝါယာကြိုးတွေ နီးနေတာမျိုး မဖြစ်စေသင့်ပါဘူး။ ချက်ပြုတ်တဲ့နေရာတွေနားဖြတ်ပြီး ဝါယာကြိုး သွယ်တန်းတာလည်း မဖြစ်သင့်ပါဘူး။ ဒါ့အပြင် ဝါယာကြိုးတွေ ပေါက်ပြဲနေတာ မဖြစ်အောင်လည်း အမြဲ စစ်ဆေး ပြင်ဆင်လဲပေးသင့်ပါတယ်။ မီးဖိုချောင် သန့်ရှင်းရေးလုပ်ရာမှာလည်း ရေကိုသုံးပြီး သုတ်သင်ရတာကြောင့်၊ စိုနေတဲ့ ကြမ်းပြင်မှာ ခြေလက်တွေလည်း စိုနေပြီး၊ ကိုယ်တွယ်ရတဲ့ ဇွန်း၊ ပန်းကန်ခွက်ယောက် အသုံးအဆောင်တွေကလည်း သတ္တုတွေဖြစ်နေချိန်မှာ၊ ဘေးကိုလျှပ်ကူးတာရှိမရှိ ကြိုတင် စမ်းသပ် စစ်ဆေးပြီးမှ၊ အထူးဂရုပြုပြီး လုပ်ဆောင်သင့်ပါတယ်။

လုပ်ငန်းခွင်အတွင်း ဓာတ်လိုက်တာကနေ ကာကွယ်နိုင်ဖို့ လျှပ်စစ်ကြိုးသွယ်တန်းမှု စနစ်ကျပြီး၊ အရည်အသွေးကောင်းတာတွေ အသုံးပြုသင့်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း အခုလိုဖြစ်စေဖို့ အထူးဂရုပြု လုပ်ဆောင်ပေးသင့်ပါတယ်။ ဒါ့အပြင် လုပ်သားတွေ အနေနဲ့လည်း လျှပ်စစ်ပစ္စည်းကရိယာတွေကို ကိုင်တွယ်ရာမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ အထူးအရေးကြီးပါတယ်။ ဥပမာ လျှပ်စစ်မော်တာက အဖုံးကာဗာ (Cover) ကွဲနေလျှင် ပြုပြင်ဖယ်ရှားပြီးမှ အသုံးပြုသင့်ပါတယ်။ ပြင်ဆင်စရာတွေ့လျှင်လည်း အချိန်မဆိုင်းဘဲ ကြိုတင် ပြင်ဆင်ကာကွယ်ထားသင့်ပါတယ်။ ဒါ့အပြင် အလုပ်ခွင်အတွင်း လူအများထိခိုက်နိုင်ခြေ ရှိတာမို့၊ အဓိက လျှပ်စစ်အဝင်အထွက် မိန်း (Main) ခလုပ်ကို အားလုံးမြင်သာ လွယ်ကူတဲ့နေရာမှာ ထားပြီး၊ အရေးပေါ် ပိတ်ဖို့ ကြိုတင် သင်ပြပေးထားသင့်ပါတယ်။

လုပ်ငန်းခွင်တွင်း၊ အထူးသဖြင့် သတ္တုနဲပတ်သက်တဲ့လုပ်ငန်းခွင်တွေမှာ လျှပ်စစ်ဓာတ်လိုက်တာဖြစ်လာလျှင်လည်း ဘယ်လို ကယ်ထုတ်ဖို့နဲ့၊ မိမိကိုယ်တိုင်လည်း ဓာတ်လိုက်မခံရအောင် ဘယ်လိုကာကွယ်ဖို့တွေကိုလည်း ကြိုတင်လေ့ကျင်သင်ကြားပေးထားသင့်ပါတယ်။ ဒါ့အပြင် ဓာတ်လိုက်ခံရသူမှာ ကျန်းမာရေးပြသနာတက်လာလျှင်လည်း ချက်ချင်း အတတ်နိုင်ဆုံး အရေးပေါ် ပြုစုတတ်အောင်နဲ့ အရေးပေါ်ကယ်တင်ပေးနိုင်သူတွေကို ဘယ်လို ဆက်သွယ်နိုင်တယ်ဆိုတာတွေကို ကြိုတင် လေ့ကျင့်သင်ကြားပေးထားသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသမှုဌာနက ပါမောက္ခ ဌာနမှူး ဒေါက်တာမော်မော်ဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG