သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုတ်တရက် ခြေထောက်သွေးကြောပိတ်ရောဂါ


မြန်မာနိုင်ငံမှာ ဒီ ရုတ်တရက် ခြေထောက်သွေးကြောပိတ်တာ မကြာခဏ ဖြစ်လေ့ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။

ဒီရောဂါ ဖြစ်ရခြင်းကတော့ နှလုံးရောဂါ ရှိရာကနေ စဖြစ်လာတာပါ။ ဥပမာ နှလုံးကြွက်သား ပျက်စီးလာတာနဲ့ နှလုံးအဆို့ရှင်တွေ ပျက်စီးတာတွေကြောင့် သွေးတွေစခဲလာတတ်ပြီး၊ ဒီသွေးခဲတွေက ခြေထောက်သွေးကြောမှာ သွားပိတ်တာ၊ နောက် အနှိပ်ခံနည်းတစ်ခုဖြစ်တဲ့ ပေါင်ရင်းမှာ အပူထုတ်ဖို့ အကြာကြီးနင်းထားတာကြောင့် အသက်ကြီးလာသူတွေမှာ သွေးကြောအားနည်းလာချိန် သွေးခဲဖြစ်လာတာတွေကနေ အဓိက ဖြစ်လေ့ရှိပါတယ်။

ဒီရောဂါ ဖြစ်လာရင် သိနိုင်ဖို့ လက္ခဏာတွေကတော့ ရုတ်တရက် ခြေထောက်ကိုက်ပြီး အလွန်နာကျင်လာတာ၊ ခြေထောက်အေးစက်လာတာ၊ ခြေထောက်အရောင်ပြောင်းလာတာ၊ ပေါင်ခြံသွေးခုန်နှုန်း စမ်းမရတော့တာတွေ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေပေါ်လာရင် အမြန်ဆုံးဆေးရုံတင်ဖို့ အရေးကြီးပါတယ်။

ဆေးရုံမှာ လိုအပ်တဲ့ စမ်းသပ်မှုတွေလုပ်ပြီး၊ ဒီရောဂါသေချာရင် သွေးကျဲဆေး နဲ့ သွေးမခဲဆေးတွေကို အမြန်ပေးဖို့ လိုပါတယ်။ ဒီဆေးတွေနဲ့ မသက်သာရင်တော့ အမြန်ခွဲစိပ်ကုသပေးရမှာပါ။ ဒီခွဲစိပ်မှု အငယ်စားလုပ်ရုံနဲ့ ဒီရောဂါနောက်ဆက်တွဲဖြစ်တဲ့ ခြေထောက်ဖြတ်ရမဲ့ အခြေအနေကနေ ကာကွယ်ပေးနိုင်ပါတယ်။

ဒီခြေထောက်သွေးကြောပိတ်တာကနေ ကာကွယ်ဖို့အတွက် အဖြစ်များတဲ့သူတွေ အထူးဂရုပြုသင့်ပါတယ်၊ ဒီရောဂါအဖြစ်များသူတွေကတော့ နှလုံးနဲ့ ဆီးချိုရောဂါရှိထားသူတွေ ဖြစ်တာမို့ သူတို့အနေနဲ့ နှလုံးသွေးခဲရှိမရှိ၊ ခြေထောက်ကို သွေးစီးမှုကောင်းမကောင်း စမ်းသပ်မှုတွေ ကြိုတင်ပြုလုပ်သင့်ပါတယ်။ သွေးခဲတွေ့ရှိထားရင်လဲ သွေးမခဲဆေးသုံးပြီး ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။ ဒါ့အပြင် လမ်းလျှောက်တာ ကောင်းမကောင်းနဲ့ ခြေထောက်အေးလာတာ ဖြစ်မဖြစ်ကိုလဲ စောင့်ကြည့်ဖို့လိုပါတယ်။ နောက် မြန်မာနိုင်ငံမှာ လုပ်လေ့ရှိတဲ့ ပေါင်ရင်းမှာ အပူထုတ်အနှိပ်ခံတာကိုလည်း လုံးဝရှောင်ကျဉ်သင့်ပါတယ်။ စားသောက်နေထိုင်ပုံ နဲ့ ပတ်သက်ပြီး အဆီလျှော့စားတာ၊ အားကစား လေ့ကျင့်ခန်းလုပ်တာ၊ ဆေးလိပ်နဲ့အရက်သေစာ သောက်စားမှုရှောင်တာ၊ မရှောင်နိုင်ရင်တောင် လျှော့သောက်တာတွေ လုပ်ပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ အဝလွန်တဲ့သူတွေလဲ မကောင်းတဲ့ အဆီတွေ များများရှိနေ၊မနေ ကြိုတင်စမ်းသပ်ထားပြီး၊ များနေရင်တော့ အထက်ပါစမ်းသပ်မှုတွေနဲ့ ကာကွယ်မှုတွေ လုပ်ဖို့လိုပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က နှလုံးခွဲစိပ် အထူးကုဆရာဝန်ကြီး၊ နှလုံးနှင့်သွေးကြောရောဂါ ခွဲစိပ်ကုဌာန အငြိမ်းစားပါမောက္ခ ဌာနမှူး ဒေါက်တာခင်မောင်အေး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG