သုံးရလွယ်ကူစေသည့် Link များ


မြန်မာနိုင်ငံမှာ နီးစပ်သူတွေအချင်းချင်း ပြသနာဖြစ်ရာမှာ ဒေါသမချုပ်တည်းနိုင်ဘဲ အလွန်အကျွံ သတ်ဖြတ်ဖြေရှင်းလာရတဲ့ အကြောင်းရင်းထဲမှာ တစ်ဦးချင်း စိတ်ရောဂါဖြစ်တာလဲ ပါတယ်လို့ စိတ်ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။

စိတ်ဓာတ်ကျရောဂါနဲ့ စိတ်ဒဏ်ရာရ ရောဂါတွေ အပါအဝင် စိတ်ပိုင်းဆိုင်ရာရောဂါတွေကြောင့် အဖြစ်အပျက်တွေ၊ ပြဿနာတွေအပေါ် ဒေါသထွက်လွယ်တာ၊ ဒေါသထွက်လာရင်လဲ ထိန်းရခက်တာတွေဖြစ်ပြီး ဒေါသပေါက်ကွဲထွက်တာတွေ ဖြစ်တတ်ပါတယ်။

ဒီစိတ်ဓါတ်ကျရောဂါရှိသူတွေမှာ စိတ်အားငယ်၊ မျှော်လင့်ချက်မဲ့တာတွေ ဖြစ်တတ်ပြီး အကြောင်းအရာတစ်ခုကို ပြေလည်အောင် မဖြေရှင်းနိုင်ဘဲ ဆုံးဖြတ်ချက်မှား ဒေါသပေါက်ကွဲလွယ်ပါတယ်။ အခုလို ဒေါသကို ဖယ်ထုတ်မပစ်နိုင်ဘဲ ပေါက်ကွဲတဲ့အချိန်မှာ တချို့ ဆိုရင် ဒေါသက ကိုယ့်အထဲမှာပြန်လည်ပြီး မိမိကိုယ်ကို အဆုံးစီရင်တာ၊ တခြားသူကို သတ်ဖြတ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

တချို့ အထူးသဖြင့် အမျိုးသားတွေမှာ အခုလို စိတ်ရောဂါခံစားနေရတာကို မသိကြဘဲ အရက်နဲ့ မူးယစ်ဆေးဝါးတွေကို ဖြေရာဖြေကြောင်း သုံးစွဲမိတာကြောင့်လည်း ထင်ယောင်ထင်မှားဖြစ်ကာ ပိုပြီး စိတ်ကြမ်းတမ်းခက်ထန်လာတာ၊ လွန်လွန်ကျုးကျုး ဆုံးဖြတ်ချက်မှားတာတွေ ဆက်ဖြစ်သွားတတ်ပါတယ်။ မိမိ အိမ်ထောင်ဖက်အပေါ်မှာတောင် မနာလိုတာ၊ တစ်ခုခု မကောင်းကြံလုပ်ဆောင်လာမှာကို စိုးရိမ်ကြောက်လန့်လာတာတွေ ဖြစ်လာနိုင်ပါတယ်။

Trauma လို့ခေါ်တဲ့ စိတ်ဒဏ်ရာရလာသူတွေမှာလည်း နောက်ကြောင်းဘဝ ခက်ထန်ခဲ့တာတွေကြောင့် ဘဝကို အပြစ်မြင်ပြီး စိတ်မထိန်းနိုင်ဘဲ ပေါက်ကွဲလွယ်ပါတယ်။ ဒီစိတ်ဒဏ်ရာရလာတာက ငယ်စဉ်မှာ မိဘတွေကွဲခဲ့တာ၊ မိဘတွေကွယ်လွန်ခဲ့တာ၊ မိဘတွေဆုံးရှုံးခဲ့ရတာ၊ မတရားပြုကျင့်ခံခဲ့ရတာနဲ့၊ ကြီးပြင်းလာချိန်မှာပါ ဘဝကို ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းခဲ့ရတာတွေကြောင့်ပါ။

လူသတ်မိအောင် ဖြစ်လာတဲ့အပေါ်မှာ တရားဥပဒေအရ လူတိုင်းကို အရေးယူနိုင်ပေမဲ့ စိတ်ရောဂါ အခံရှိနေသူတွေကိုတော့ လူသတ်ရခြင်း စိတ်ရောဂါအကြောင်းရင်းကိုရှာပြီး ကုသမှု၊ ပြန်လည် ပြုစုပျိုးတောင်မှုတွေ တပါတည်းလုပ်ပေးဖို့ လိုပါတယ်။

အခုလို ပြဿနာတွေ လျှော့ချနိုင်ဖို့ ဒီစိတ်ရောဂါခံစားနေရသူတွေအားလုံးကို နားလည်ပေးပြီး၊ စိတ်ကျန်းမာရေး ကျွမ်းကျင်သူတွေနဲ့ ပြပေးဖို့ လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဆရာဝန်တွေ၊ သူနာပြုတွေ၊ တိုင်ပင်နိုင်သူတွေ အနေနဲ့ ဒီစိတ်ရောဂါသက်သာလာအောင်၊ ပျောက်ကင်းသွားအောင်နဲ့ နောက်တစ်ခေါက် ထပ်မဖြစ်လာအောင် ကုသ၊ သင်ပြပေးနိုင်ပါတယ်။

ဒါ့အပြင် စိတ်ရောဂါခံစားနေရသူတွေအတွက် ဝန်ဆောင်မှုတွေ အလွယ်တကူ လက်လှမ်းမီအောင် လုပ်ပေးထားသင့်ပါတယ်။ အရပ်ထဲမှာ၊ အလုပ်နဲ့ ကျောင်းမှာအပြင်၊ ဆေးရုံဆေးခန်းတွေမှာလဲ စိတ်ရောဂါအတွက် အလွယ်တကူ ဆွေးနွေးတိုင်ပင်ပေးနိုင်သူတွေ ရှိထားဖို့နဲ့ သတင်းမီဒီယာတွေကပါ စိတ်ကျန်းမာရေးပညာပေးတာတွေ ပိုလုပ်ပေးဖို့ လိုလာပါပြီ။

ဒီစိတ်ရောဂါဝေဒနာအကြောင်းကို ပိုမိုသိရှိနိုင်ဖို့ သြစတေးလျ အခြေစိုက် စိတ်ကျန်းမာရေး အထူးကုသမားတော်ကြီး Dr. Raymond တင့်ဝေ မြန်မာပြည်မှာ စိတ်ပညာညီလာခံ လာရောက်တက်ရောက်နေစဉ် ကိုဝင်းမင်း က တွေ့ဆုံမေးမြန်းထားပါတယ်။

XS
SM
MD
LG