သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Autism (ခေါ်) ပေါင်းသင်းဆက်ဆံရေး ပုံမှန်မဖြစ်တဲ့ရောဂါ (အပိုင်း - ၂)


Autism - အပိုင်း (၂)
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်


ငယ်စဉ်ကလေးဘဝက စဖြစ်ခဲ့တဲ့ ပေါင်းသင်းဆက်ဆံရေး ပုံမှန်မဖြစ်တဲ့ ရောဂါလက္ခဏာတွေပြလာလျှင် ဒီရောဂါဖြစ်မှာကို မစိုးရိမ်ဘဲ ဆရာဝန်နဲ့တိုင်ပင်ကာ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ ပိုအရေးကြီးတယ်လို့ ကလေးကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။

ဒီရောဂါဖြစ်လာတာကို ကြိုတင်သိနိုင်ဖို့ စောင့်ကြည့်ရမယ့် အစပိုင်း လက္ခဏာတွေကတော့ တစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံ၊ ပြောဆိုရာမှာ ပုံမှန်မဖြစ်တဲ့လက္ခဏာတွေပါ။ ပုံမှန်လူတွေ စကားပြောရာမှာ မျက်နှာကိုကြည့်ပြောတာ၊ မျက်နှာရိပ်မျက်နှာကဲ အကဲခတ်နဲ့ ကိုယ့်ခံစားချက်အတိုင်း မျက်နှာ၊ ကိုယ်ဟန်အမူအရာတွေနဲ့ တုံ့ပြန်ပြောဆိုပေမယ့် အော်တစ်ဇင်ဖြစ်သူတွေမှာတော့ နှုတ်ဆက်ခံရချိန်မှာ မသိသလိုလို၊ ရှက်သလိုလိုဖြစ်တာ၊ မျက်နှာ/မျက်လုံး ကိုယ်ဟန်အမူအယာနဲ့ ပြန်မဆက်သွယ်တတ်တာ၊ ပြန်ပြောရာမှာလည်း အသံနေအသံထား ပုံမှန်မဖြစ်တာ (တခါတရံ ကာတွန်းကားထဲက အကောင်လေးတွေ ပြောသံမျိုးဖြစ်တာ)၊ ခံစားချက်မပါဘဲ ပြောတာတွေ ဖြစ်ပါတယ်။

ဒီအပြင် နောက်ထပ် ထူးခြားတဲ့ လက္ခဏာတွေလည်း ရှိပါတယ်။ ဒါတွေကတော့ လှုပ်ရှားမှု၊ အရာဝတ္ထု၊ ဘာသာစကားတွေအပေါ် စွဲလန်းမှု ပြင်းထန်လွန်းတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ဥပမာအားဖြင့် မီးမှိတ်တုတ်မှိတ်တုတ် ဖြစ်နေတာနဲ့ ပန်ကာလည်နေတာမျိုးတွေ့လျှင် အနားက မခွာတော့ဘဲ အကြာကြီး ကြည့်နေတာ၊ အရာဝတ္ထုပစ္စည်းတွေဖြစ်တဲ့ ဆေးဘူးခွံ၊ ကော်ဖီမိတ်ဘူးခွံ၊ ရေသန့်ဘူးခွံ၊ တုတ်ချောင်း၊ တစ်ရှုးစက္ကူစတာတွေကို သူတို့နှစ်သက်ရာအလိုက် နမ်းရှုတ်တာ၊ တချိန်လုံး ကိုင်ထားတာ၊ ဝှေ့ယမ်းနေတာ၊ နောက် မြန်မာစကားနဲ့ ပြန်မပြောပဲ ပိုနှစ်သက်ရာ အင်္ဂလိပ်စကားနဲ့ ပြန်ပြောတာ၊ နှစ်သက်ရာ အင်္ဂလိပ်စကားနဲ့ ဂဏန်းအရေအတွက်တွေကို တတွတ်တွတ်ရွတ်နေတာတွေဖြစ်ပါတယ်။

အဲဒီလို လက္ခဏာတွေ ဖြစ်လာတာကို သံသယဖြစ်လာလျှင် မိဘတွေအနေနဲ့ ဒီရောဂါကြောင့် အရှက်ရမယ်လို့ စိုးရိမ်ပြီး ကြိတ်ကုသနေလျှင် အားလုံးအတွက် အကျိုးယုတ်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မစိုးရိမ်ဘဲ ဆရာဝန်ပြကာ ဒီရောဂါဖြစ်တာသေချာလျှင် မိမိကလေးအတွက် လိုအပ်တဲ့ လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်ပေးခြင်းဖြင့် မိမိကလေးအတွက် ပေါင်းသင်းဆက်ဆံရေးနဲ့ သင်ကြားရေးမှာ များစွာ အထောက်အကူပြုပြီး အားလုံးအတွက် အကျိုးရှိစေပါတယ်။

ပြုစုကုသမှုအနေနဲ့ ပေါင်းသင်းဆက်ဆံရေး ပြဿနာနဲ့ပတ်သက်ပြီး စကားသိပ်မပြောတာ၊ အမူအယာနဲ့ မဆက်သွယ်တတ်တာနဲ့ အများနဲ့ ဆက်သွယ်ရေးရေး အဆင်မပြေတာတွေအတွက် သက်ဆိုင်ရာ အထူးလေ့ကျင့်ပေးတဲ့ ကျောင်းတွေနဲ့ မိဘတွေရဲ့ အကူူအညီနဲ့ ပြန်အဆင်ပြေသွားအောာင် လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီ အော်တစ်ဇင်ရောဂါက Attention Deficit Hyperactivity Disorder (ADHD) လို အာရုံစိုက်ရခက်ခဲတဲ့ရောဂါနဲ့ တွဲဖြစ်လာတာ၊ အတက်ရောဂါနဲ့ တွဲဖြစ်လာတာ၊ အိပ်ရေးပျက်တာနဲ့ တွဲဖြစ်လာတာတွေ ဖြစ်တတ်တာမို့ လေ့ကျင့်သင့်ကြားပေးမှုအပြင် ဆေးဝါးနဲ့ကုဖို့ လိုအပ်လာတတ်တာမို့ ဆရာဝန်ပြ တိုင်ပင်ပြီး ကုသပေးဖို့ အရေးကြီးပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ရန်ကုန်ကလေးဆေးရုံက ကလေးဦးနှောက်၊ အာရုံကြောအထူးကု ဒေါက်တာအေးမြမင်းအေး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG