သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်းထန်တဲ့ ကိုယ်အပူချိန်ကြောင့် ကလေးတွေ တက်ခြင်း


ကလေးတွေ ကိုယ်အပူချိန်ကြောင့် တက်တာဖြစ်လာရင် မိဘတွေအနေနဲ့ အထူးစိုးရိမ်သွားကြပါလိမ့်မယ်။ ဒီလို ကိုယ်ပူတာကြောင့် တက်တဲ့အခါ ရှေးဦးသူနာပြုစုမှုနဲ့ သက်သာစေနိုင်တယ်လို့ ကလေးအထူးကုတွေက ဆိုကြပါတယ်။ အခုလို ကိုယ်အပူချိန်ကြောင့် တက်တာကို သေချာစေဖို့ သီးသန့်လက္ခဏာတွေကို စောင့်ကြည့်ဖို့ အရေးကြီးပါတယ်။ ဒီလိုဖြစ်တတ်တာ ကလေး (၆) လနဲ့ (၆) နှစ်အရွယ်ကြားမှာသာ အဖြစ်များပြီး၊ ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ အဖျားစတက်ချိန်မှာ စပြီးတက်တာ (သတိလစ်၊ မျက်နှာရွဲ့၊ သွားကြိတ်၊ ခြေလက်ကွေးကောက်)၊ တကိုယ်လုံးတက်တတ်တာ၊ ဒါပေမဲ့ ၁၅ မိနစ်ထက် ပိုကြာအောင် တက်လေ့မရှိပါ။ တခါတက်ပြီး ပြန်ကောင်းသွားတာ၊ ချက်ချင်း သတိပြန်ရတာတွေ ဖြစ်ပါတယ်။ ကိုယ်အပူချိန်က တက်တုံးပဲ ခဏ တက်တတ်တာမို့ ကလေး သတိလစ်နေချိန်မှာ ကြမ်းမျက်နှာပြင်ပေါ်မှာ တစောင်းမှောက်ထားကာ ကိုယ်အပူချိန် အမြန်ပြန်ချပေးသင့်ပါတယ်။ ကိုယ်အပူချိန် အမြန်ချဖို့ ထူတဲ့ အဝတ်အစားတွေကို ချွတ်ပေးတာ၊ ရေပတ်တိုက်ပေးတာတွေ လုပ်ပေးနိုင်ပါတယ်။ (၅) မိနစ်ကျော်ပြီး ဆက်တက်နေရင် ဆရာဝန် ရှင်းပြထားမှုနဲ့ အတက်ကျဆေး ကလေးစအိုထဲကို အပ်မပါပဲ ဆေးထိုးပိုက်နဲ့ ထိုးပေးနိုင်ပါတယ်။

တက်နေချိန်မှာ မလုပ်ပေးသင့်တာ၊ ရှောင်သင့်တာတွေလည်း ရှိပါတယ်။ လျှာကို မကိုက်မိအောင် အပေါ်နဲ့အောက်သွားကြားထဲ ဇွန်း (သို့) တခုခု ထည့်ပေးတာ၊ ကွေးကောက်လာတဲ့ ခြေလက်တွေကို တအားဖိထားတာတွေ မလုပ်သင့်ပါဘူး။ အခြားရော အယူအဆမှားပြီး လုပ်မိနိုင်တာ ရှိပါသေးလား။ ကလေးက အခုလို ကိုယ်ပူတာကြောင့် တခါတက်ပြီးရင် နောက်ထပ်ဖျားရင်လည်း တက်တာ ထပ်ဖြစ်နိုင်တာမို့၊ နောက်တခေါက် ထပ်မတက်အောင် နဲနဲစဖျားလာတာနဲ့ အပူချိန်မတက်အောင် အဖျားကျဆေး ပါရာစီတမောတိုက်ပြီး၊ ထူထဲတဲ့ အဝတ်တွေမဝတ်စေတာ၊ လေအဝင်အထွက် ကောင်းအောင် လုပ်ပေးတာနဲ့၊ ချွေးထွက်လာရင် မသုတ်ဘဲ ဆက်ထားတာတွေ လုပ်ပေးသင့်ပါတယ်။ တကယ်လို့ တက်နေတာက မိနစ် (၃၀) ကျော်သွားရင်တော့ ပြင်းထန်တဲ့ ဦးနှောက်ထဲ ပိုးဝင်ပြီး ရောင်ရမ်းတာတွေကြောင့် တက်တာဖြစ်နိုင်တာမို့ အမြန်ဆုံး ဆေးရုံတင်ဖို့ အရေးကြီးပါတယ်။

ဒီရောဂါလက္ခဏာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်းက မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG