မြန်မာမှာ နောက်ဆုံးတွေ့ရှိထားတဲ့ အိုမီခရွန်မျိုးကွဲစိတ်သစ်က ကူးစက်မြန်ပြီး ရှေ့ကာလမှာ အဓိကလွှမ်းမိုးတဲ့ ကိုဗစ်ပိုး ဖြစ်လာနိုင်ချိန်မှာ၊ ဆက်ပြီး ကာကွယ်နိုင်ရေးကို ကျန်းမာရေးပညာရှင်တွေ အကြံပြုနေပါတယ်။
လက်ရှိ မျိုးကွဲစိတ်သစ် XBB 1.16 ဟာ အိမ်နီးချင်း အိန္ဒိယမှာ အဓိက လွှမ်းမိုးတဲ့ ကိုဗစ်ပိုး ဖြစ်လာပြီး၊ ထိုင်းနဲ့ ဒေသတွင်း တခြားနိုင်ငံတွေမှာလည်း ဆက်ကူးစက်မှုများလာချိန်မှာ မြန်မာနိုင်ငံမှာလည်း အလားတူဆက်ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးပြောဆိုပါတယ်။ တချိန်တည်းမှာ နောက်ထပ် မျိုးကွဲစိတ်သစ်တွေလည်း ထပ်မံပေါ်ပေါက်လာဖို့ ရှိနေသေးတယ်လို့ ကျွမ်းကျင်သူတွေက ဆက်ထောက်ပြထားပါတယ်။
ဒီမျိုးကွဲစိတ်သစ်တွေကနေ ရှေ့ဆက်ကာကွယ်နိုင်ရေး အမေရိကန်က ကျန်းမာရေးပညာရှင်တွေကတော့ မကြာခင်က အရေးပေါ်ဆွေးနွေးခဲ့ပြီး၊ ကူးစက်မှုများနိုင်တဲ့ ဆောင်းတွင်းအတွက်ပါ ကြိုတင်ပြီး မဟာဗျုဟာချခဲ့ကြပါတယ်။ ဒီမဟာဗျုဟာရဲ့ အဓိက အချက်ကတော့ အရင်ကာကွယ်ဆေး ဘယ်လောက်ထိုးထားသူဖြစ်ဖြစ်၊ ပထမနှစ်လုံး (Primary Series) ထိုးထားလျှင်၊ နောက်ဆုံးပေါ် ၂ မျိုးစပ်ကာကွယ်ဆေး (Bivalent) ကို ပုံမှန် ငယ်ရွယ်ကျန်းမာသူတွေအတွက် လာမဲ့ စက်တင်ဘာကစပြီး တစ်နှစ်တစ်ကြိမ်သာ အားဖြည့်ကာကွယ်ဆေး (Booster) အဖြစ် ဆက်ထိုးသွားဖို့ပါ။ အကြောင်းက ဒီကာကွယ်ဆေးသစ်ထိုးပြီး ထွက်လာတဲ့ ကိုဗစ်ဆိုင်ရာ ပဋိပစ္စည်း (Antibody) ထုတ်လုပ်မှု ကျဆင်းသွားချိန်ကို သုတေသနတွေ့ရှိကာ တွက်ချက်လုပ်ဆောင်နိုင်ခဲ့လို့ပါ။ အခုလို ထိရောက်တဲ့ ကာကွယ်ဆေး ထိုးထားခြင်းဖြင့် ကူးစက်ပျံနှံ့မှုများတာ (Outbreak) မဖြစ်အောင် ကာကွယ်နိုင်ပြီး၊ ကူးစက်ခံရမှုနည်းတာနဲ့အမျှ သေဆုံးမှုလည်း လိုက်နည်းလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။
ဒါပေမဲ့ မြန်မာအပါအဝင် နိုင်ငံအတော်များများမှာက ဒီနောက်ဆုံးပေါ်ကာကွယ်ဆေး (Bivalent) မရနိုင်သေးတာမို့ အရင်ရှိထားပြီးသား ကာကွယ်ဆေး (Monovalent) အမျိုးအစားကိုပဲ ဆက်ထိုးကြဖို့ အကြံပြုထားချိန်မှာ၊ WHO ကမာ္ဘ့ကျန်းမာရေးအဖွဲ့ကလည်း ဒီဆေး အားလုံးရလာဖို့ ကြိုးပမ်းနေပါတယ်။
တစ်ချိန်တည်းမှာ နောက်ဆုံးပေါ် Bivalent ကာကွယ်ဆေး (မူလ ဝူဟန်မျိုးကွဲအပြင် နောက်ဆုံး အိုမီခရွန်မျိုးကွဲကိုပါ ပစ်မှတ်ထားထုတ်ထားတာ) ကို မရနိုင်ချိန်၊ အရင် ကာကွယ်ဆေးအမျိုးအစား (မူလ ဝူဟန်မျိုးကွဲကိုသာ ပစ်မှတ်ထားထုတ်ထားတာ) ထိုးခြင်းဖြင့် တစုံတရာအထောက်အကူ ပြုနိုင်တယ်လို့လည်း ကျွမ်းကျင်သူတချို့က ထောက်ပြထားပါတယ်။ အကြောင်းက ဒီမူလကာကွယ်ဆေးပါ အားဖြည့်ကာကွယ်ဆေးအဖြစ် ဆက်မထိုးလျှင်တော့ ကိုဗစ်ဆိုင်ရာ ပဋိပစ္စည်း (Antibody) ထုတ်တာ ကျသွားပြီး ပို ကူးစက်ခံရကာ သေဆုံးမှုပါလိုက်များနိုင်လို့ပါ။ ဒါပေမဲ့ ဒီမူလကာကွယ်ဆေး ဆက်ထိုးသူတွေမှာ ထွက်လာတဲ့ Antibody က ဘယ်လောက်အကြာမှာ ဘယ်လောက်များများ ဆက်ကျန်နေဦးမှာကိုတော့ သုတေသနတွေ့ရှိချက် မတွေ့ရသေးပါဘူး။ မြန်မာမှာလည်း အရင် ပထမဆုံးကာကွယ်ဆေး (Primary Series) ထိုးထားသူတွေအနေနဲ့ ဒီအားဖြည့်ကာကွယ်ဆေးကို အနည်းဆုံး ၄ လ အကြာလောက်မှာ ဖြစ်နိုင်လျှင်ထိုးပြီး လာမဲ့ဆောင်းတွင်းအတွက်လည်း ကြိုပြင်ထားသင့်ပါတယ်။
အခုလိုအချိန်မှာ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) တပ်တာကို နိုင်ငံအများစုမှာ ပြန်လျော့ချလိုက်ပေမဲ့၊ မြန်မာအပါအဝင် ဒီ နောက်ဆုံးပေါ်ကာကွယ်ဆေး မရနိုင်သေးတဲ့ နိုင်ငံတွေမှာတော့ တစုံတရာ ဆက်လုပ်သင့်ပါသေးတယ်။ အထူးသဖြင့် မြန်မာမှာ နောက်ဆုံး ကိုဗစ်ကူးစက်ခံရသူတွေအနေနဲ့ သီးသန့်ခွဲနေတာ၊ မဖြစ်မနေ အပြင်ထွက်ရလျှင်လည်း Mask တပ်တာ၊ ပွဲလမ်းသဘင် လူစုလူဝေးတွေ ရှောင်တာ၊ အများသုံး ပို့ဆောင်ရေးယာဉ်တွေ ဖြစ်နိုင်လျှင် မသုံးတာ၊ မဖြစ်မနေ ယာဉ်တွေသုံးရလျှင်လည်း ပါးစပ်နဲ့ နှာခေါင်းစည်းတပ်တာ၊ နှာချေ ချောင်းဆိုးချိန် ပါးစပ်ကို လက်နဲ့အုပ်ထားတာ၊ နှာချေချောင်းဆိုးပြီး Mask စိုသွားလျှင်လည်း တတ်နိုင်ပါက အသစ်လဲတပ်တာ၊ လက်ဆေးတာ စတာတွေကို အတတ်နိုင်ဆုံး ဆက်ကျင့်သုံးပြီး အများကို ဆက်မကူးအောင် ကာကွယ်သင့်ပါတယ်။ ဒါ့အပြင် ကိုဗစ်သံသယလက္ခဏာတွေ ပေါ်လာပါကလည်း ချက်ချင်း ကိုယ့်ဟာကို ဆေးစစ်ပြီး၊ ပိုးတွေ့လျှင် အမေရိကန်မှာ ဆက်သတ်မှတ်ထားတဲ့အတိုင်း ရောဂါလက္ခဏာပျောက်သွားချိန်အထိ အနည်းဆုံး ၅ ရက် အပြင်မထွက် အလုပ်မသွားဘဲ အိမ်မှာပါ သီးသန့်ခွဲနေပေးခြင်းဖြင့် ကူးစက်မှုတွေ များမလာအောင် ကာကွယ်နိုင်ပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ မြန်မာလူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။