သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးလိပ်သောက် မြင့်မားလာမှု ကာကွယ်ရေး


Georgian Parliament is considering tough new laws against smoking
Georgian Parliament is considering tough new laws against smoking
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ နောက်ဆုံးကောက်ယူရရှိတဲ့ စစ်တမ်းတွေအရ အမျိုးသား၊ အမျိုးသမီး ဆေးလိပ်သောက်သုံးမှုတွေ တိုးမြင့်မားလာနေတာကို အမြန်ဆုံး လျော့ချသင့်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

ကမ္ဘာပေါ်မှာ ဆေးလိပ်ကြောင့် နှစ်စဉ် လူပေါင်း (ရ) သန်းကျော် သေဆုံးနေတာမို့ ဆေးလိပ်သောက်သုံးမှု လျော့ချနိုင်ဖို့ ဆေးလိပ်အများဆုံး စသောက်ပြီး စွဲသွားတတ်ကြတဲ့ လူငယ်တွေကို အဓိကဦးတည်ပြီး လုပ်ဆောင်ပေးသင့်ပါတယ်။ အထူးသဖြင့် လူငယ်တွေရှိရာ ကျောင်းတွေ၊ ပန်းခြံတွေနဲ့ အများသူငါသွားလာကြတဲ့ ရထားဘူတာရုံ၊ ကားဂိတ်၊ သင်္ဘောဆိပ်၊ လ္ဘက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေကို ဆေးလိပ်ကင်းစင်ရေးနယ်မြေအဖြစ် သတ်မှတ်ပြီး ကြီးကြပ်ပေးသင့်ပါတယ်။

ဒါ့အပြင် စူးစမ်းလိုစိတ်များတဲ့ လူငယ်တွေ ဆေးလိပ်စမ်းပြီး စသောက်ဖို့ တွန်းအားပေးနိုင်တဲ့ ပတ်ဝန်းကျင်အနေအထားကိုလည်း ပြုပြင်ပေးဖို့လိုပါတယ်။ အထူးသဖြင့် ဆေးလိပ်သောက်တဲ့ မိဘတွေရဲ့ သားသမီးတွေက ဆေးလိပ်သောက်ဖို့များတာမို့ မိဘတွေကိုယ်တိုင် ဆေးလိပ်ဖြတ်ဖို့ သတိပြုသင့်ပါတယ်။ လူငယ်တွေ အတုယူအားကျတတ်တဲ့ ရုပ်ရှင်မင်းသားမင်းသမီး အကျော်အမော်တွေ ဆေးလိပ်သောက်ရင်လည်း လူငယ်တွေ အတုယူနိုင်တာမို့ ဆေးလိပ်သောက်ခန်းတွေ မပါသင့်ပါဘူး။ ဆေးလိပ်သောက်ချင်လာအောင် ဆွဲဆောင်မှုအားကောင်းတဲ့ ကြော်ငြာတွေအပေါ် လူငယ်တွေ အယုံလွယ်၊ ဆွဲဆောင်ခံရနိုင်တာမို့ ဆေးလိပ်ကြော်ငြာတွေကို ကန့်သတ်သင့်ပါတယ်။

လူငယ်တွေ ကြိုတင်ပြီး သတိမပြုနိုင်တဲ့ ဆေးလိပ်ကြောင့် သေဆုံးမှုထိဖြစ်စေတဲ့ ရောဂါတွေကိုလည်း ပညာပေးရှင်းပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးသင့်ပါတယ်။ ဆေးလိပ်ကြောင့် အဆုပ်နဲ့ အသက်ရှုလမ်းကြောင်းရောဂါတွေဖြစ်တဲ့ နာတာရှည်အဆုပ်ယောင်တာ၊ အဆုပ်ပွ နျူမိုးနီးယားဖြစ်တာ၊ အဆုပ်ကင်ဆာဖြစ်တာ၊ အဆုပ် တီဘီဖြစ်လွယ်တာအပြင် နှလုံးနဲ့သွေးကြောရောဂါတွေဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းတာ၊ နှလုံးသွေးကြောပိတ်ပြီး နှလုံကြွက်သားအလုပ်မလုပ်လို့ သေဆုံးတာ၊ ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်တာ၊ ခြေလက်တွေပုပ်ပြီး ဖြတ်ပစ်ရတာနဲ့ ခံတွင်းရောဂါတွေဖြစ်တဲ့ ခံတွင်းကင်ဆာ၊ သွားဖုံးယောင်တာ၊ ခံတွင်းမှက်ခရုစွဲတာ၊ သွားတွေဝါတာ၊ သွားဖုံးရေစီးကမ်းပြိုလိုက်တာ၊ နောက်ဆုံးမှာလည်း အဖြစ်များတဲ့ အဆုပ်နဲ့ခံတွင်းကင်ဆာအပြင် အခြားကင်ဆာမျိုးစုံဖြစ်တဲ့ အစာလမ်းကြောင်းကင်ဆာ၊ လည်ချောင်းကင်စာ၊ အစာမျိုကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ သွေးကင်ဆာ၊ အမျိုးသမီးတွေအတွက် သားအိမ်ကင်ဆာတွေဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေ ဆေးလိပ်သောက်ရင်လည်း သန္ဓေသားပျက်ကျတာ၊ ရက်လမစေ့ပဲမွေးတာ၊ အလေးချိန်ပေါင်မပြည့်ဘဲမွေးတာနဲ့ ခလေးအသေမွေးတာတွေ ဖြစ်စေနိုင်ပါတယ်။

ဆယ်ကျော်သက်မှာ စသောက်လာခဲ့ပြီး လူကြီးဖြစ်လာချိန်မှာ ရောဂါအန္တရာယ်တွေကို တစုံတရာ သိရှိလာပေမဲ့ ဆေးလိပ်ဖြတ်ရခက်ပြီး ဆက်သောက်မိသူတွေလည်း ရှိနေတာမို့ ဆေးလိပ်ဖြတ်နည်းကောင်းတွေကို သိထားသင့်ပါတယ်။ ဆေးလိပ်ဖြတ်ချင်တဲ့ ရည်ရွယ်ချက်ကို ခိုင်ခိုင်မာမာချဖို့ လိုပါတယ်။ ကျန်းမာရေးဆိုးကျိုးအတွက်၊ စီးပွားရေးအရ ငွေကုန်ကျေးကျမခံချင်တဲ့အတွက်နဲ့ ဘေးပတ်ဝန်းကျင်က မိသားစုဝင်တွေ (ကိုယ်ဝန်ဆောင်မိခင်အါအဝင်) မထိခိုက်စေဖို့အတွက် ရည်ရွယ်ချက် တစ်ခုခုကို အတိအကျထားသင့်ပါတယ်။ ဆေးလိပ်ဖြတ်ရာမှာလည်း အရင်သုံးစွဲခဲ့တဲ့ ဆေးလိပ်ဗူး၊ ဆေးလိပ်ပြာခွက်တွေကို ကြိုတင်စွန့်ပစ်ထားသင့်ပါတယ်။ ဆေးလိပ်ပြန်သောက်ချင်စိတ် ပေါ်လာရင်လည်း အာရုံပြောင်းပေးဖို့အတွက် အားကစားလုပ်တာ၊ ကြိုက်နှစ်သက်ရာ တူရိယာပစ္စည်းတီးမှုတ်တာ၊ စာရေးတာ၊ စာဖတ်တာတွေ လုပ်ပေးသင့်ပါတယ်။ ဒါ.အပြင် ဆေးလိပ်ပြန်သောက်ချင်အောင် ဆွဲဆောင်နိုင်တဲ့ ပတ်ဝန်းကျင်တွေကို ရှောင်ကျဉ်ဖို့လည်း အရေးကြီးပါတယ်။ ဆေးလိပ်မှာပါတဲ့ နီကိုတင်းဓာတ်ရဲ့ စွဲလန်းစေတဲ့အားများတာမို့ ပထမပိုင်းမှာ မအောင်မြင်ပဲ ကျဆုံးပေမဲ့ အကြိမ်ကြိမ် မလျော့တမ်း ဆက်ကြိုးစားခြင်းဖြင့် ဆေးလိပ်ဖြတ်နိုင်သူတွေ အများကြီးရှိနေတာကြောင့် တစ်ကြိမ် နှစ်ကြိမ်မအောင်မြင်လည်း ထပ်ခါထပ်ခါ ကြိုးစားသင့်ပါတယ်။ နောက်ဆုံး ကိုယ့်ဆုံးဖြတ်ချက်နဲ့ မဖြတ်နိုင်တော့ရင်လည်း ဆရာဝန်ထံပြပြီး ဆေးလိပ်ဖြတ်ဆေးတွေ သုံးနိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်းမှ ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာဆိုးကျိုးများအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က အထွေထွေဆေးကုသမှု သမားတော်ကြီး ဒေါက်တာမင်းစိုးဦး ကို ဆက်သွယ်မးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG