သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်သည်း ခြေသည်း ကျန်းမာရေး အပိုင်း (၂)


လက်သည်း၊ ခြေသည်း ရောဂါ
လက်သည်း၊ ခြေသည်း ရောဂါ
တိုက်ရိုက် လင့်ခ်

လက်သည်း၊ ခြေသည်းတွေမှာ အဖြစ်များတဲ့ နောက်ဆက်တွဲ ပြဿနာတွေအတွက် ကြိုတင်ကာကွယ်နိုင်သလို၊ လိုအပ်လျှင်လည်း ကုသနိုင်တယ်လို့ အရေပြားအထူးကုတွေက ဆိုပါတယ်။

နောက်ဆက်တွဲ အဖြစ်များတဲ့ လက်သည်း၊ ခြေသည်း ပြဿနာတခုကတော့ လက်သည်း၊ ခြေသည်း စိုက်ဝင်ခြင်းပါ။ ဒါက အဖြစ်များပြီး လူကြီးပိုင်းမှာ ပိုဖြစ်ကာ အရေးလည်းကြီးပါတယ်။ လက်သည်း၊ ခြေသည်း အတွင်းကို ထိုးစိုက်ဝင်တာက လက်သည်းထက်စာလျှင် ခြေသည်းမှာ ပိုဖြစ်တတ်ပြီး၊ ခြေသည်းအတွက် ခြေမခြေသည်းမှာ ပိုအဖြစ်များပါတယ်။ ဖြစ်ရခြင်းအကြောင်းရင်းကတော့ အသက်ကြီးလာချိန်မှာ လက်ဆစ်၊ ခြေဆစ်တွေစောင်းလာပြီး လက်ချောင်း၊ ခြေချောင်းပုံသဏ္ဍန် မမှန်တာကြောင့် လက်သည်း၊ခြေသည်းထွက်တာလည်း ပုံမှန်မဖြစ်တော့တာပါ။ ဒါ့အပြင် အဆစ်အမြစ်ရောင် Gout ရောဂါကြောင့်လည်း ခြေချောင်းတွေ ပုံမမှန်ဖြစ်ကာ ခြေသည်း၊ လက်သည်း စိုက်ဝင်တတ်ပါတယ်။ နောက်ဖြစ်ရခြင်းအကြောင်းတွေကတော့ လက်သည်း၊ ခြေသည်း ညှပ်ပုံညှပ်နည်း မမှန်တာနဲ့ အရမ်းကြပ်တဲ့ ဖိနပ်များ စီးမိလို့ပါ။ အရမ်းကြပ်တဲ့ ဖိနပ်ကြောင့် ခြေသည်းတွေ ဖိနပ်ထိပ်မှာ သွားစုမိပြီး၊ ခြေသည်းထောင့်နေရာက အသားထဲကို စိုက်ဝင်သွားကာ၊ အရမ်းနာကျင်တတ်ပြီး၊ ရောဂါပိုးလည်း ဝင်တတ်ပါတယ်။ အခုလိုဖြစ်လာလျှင် မိမိဘာသာ မကုဘဲ၊ ကျွမ်းကျင်သူ အရေပြားဆရာဝန်တွေနဲ့ ပြသပြီး ကုသမှုခံယူသင့်ပါတယ်။ ကာကွယ်ဖို့အတွက်တော့ အသက်ကြီးပြီး အဆစ်တွေ ရွေ့စောင်းတာကြောင့် ဖြစ်လာတာကို မကာကွယ်နိုင်ပေမယ့် Gout ရောဂါကြောင့်ဖြစ်လျှင် ဒီရောဂါအတွက် Uric Acid ကို ပုံမှန်ထိန်းထားခြင်းဖြင့် ကာကွယ်နိုင်သလို၊ လည်သည်း၊ ခြေသည်းညှပ်တာ ပုံစံမှန်အောင်ညှပ်တာနဲ့ ဖိနပ်ကြပ်ကြပ် မစီးခြင်းတို့ဖြင့် ကာကွယ်နိုင်ပါတယ်။ ဖိနပ်မကြပ်တာသေချာဖို့ ဖိနပ်ဝယ်ချိန်မှာ ခြေချောင်း (၅) ချောင်းလုံး လှုပ်နိုင်၊ မနိုင် စမ်းစီးကြည့်ပြီး၊ လှုပ်ရှားနိုင်မှသာ ဝယ်စီးသင့်ပါတယ်၊ မလှုပ်နိုင်ပါက ကြပ်နေပြီး ရေရှည်မှာ ဒီလိုမျိုးပြဿနာ ဖြစ်လာနိုင်ပါတယ်။

နောက် အဖြစ်များတဲ့ လက်သည်း၊ ခြေသည်းပြဿနာကတော့ လက်သည်း၊ ခြေသည်း ပွေးပေါက်တာပါ။ ဒါက မှိုပိုးဝင်တာကြောင့်ဖြစ်ပြီး လက်သည်း၊ ခြေသည်း ပြဿနာအားလုံးရဲ့ ထက်ဝက်ခန့်ရှိတာကြောင့် အလွန်အဖြစ်များတာအပြင်၊ ခြောက်နေတာကြောင့် ကုသရလည်း ခက်ပါတယ်။ ဒီပြဿနာက ခြေသည်းတွေမှာ ပိုအဖြစ်များပြီး၊ လက္ခဏာတွေအနေနဲ့ လက်သည်း၊ ခြေသည်းတွန့်တာ၊ ထူနေတာ၊ လက်သည်း၊ ခြေသည်း အစွန်းကြွလာတာ၊ လက်သည်း၊ ခြေသည်း နောက်က အခြေကလည်း မညီညာတာ၊ လက်သည်း၊ ခြေသည်းအောက်မှာ အဖတ်တွေကပ်နေပြီး ထူနေတာ စသည်ဖြင့် ပုံစံမျိုးစုံရှိနိုင်ပါတယ်။ ဒီပြဿနာ အဖြစ်ပိုများသူတွေကတော့ ဆီးချိုရောဂါရှိထားသူတွေ၊ လက်နဲ့ခြေထောက် အမြဲရေစိမ်ပြီး အလုပ်လုပ်ရသူတွေ (ဥပမာ ထမင်းဟင်းအမြဲချက်ရသူတွေ) ဖြစ်ပါတယ်။ ကာကွယ်နိုင်ဖို့အတွက် ဆီးချိုရောဂါရှိသူတွေအနေနဲ့ ဆီးချိုမတက်အောင် ထိန်းထားပြီး၊ အားလုံးအတွက် မှိုပိုးကြိုက်တဲ့ ပူအိုက်စွတ်စိုတဲ့ အနေအထား မဖြစ်ရအောင် လက်သည်း၊ ခြေသည်းတွေကို တတ်နိုင်သရွေ့ ခြောက်အောင်ထားပေးသင့်ပါတယ်။

နောက်ထပ် အဖြစ်များတဲ့ လက်သည်း၊ ခြေသည်းပြဿနာက လူအများသိတဲ့ လက်စွယ်၊ ခြေစွယ် ငုပ်တာပါ။ လက်သည်း၊ ခြေသည်း ပန်းကုံးနေရာက လက်သည်း၊ ခြေသည်းအမာနဲ့ အရေပြားအပျော့အကြား ထိစပ်တဲ့နေရာဖြစ်တာကြောင့် ခိုင်မြဲမှုအားနည်းပါတယ်။ ဒီ လက်သည်း၊ ခြေသည်း ပန်းကုံးနေရာမှာ ဒဏ်ရာဖြစ်တာ၊ ရေအမြဲထိတာ၊ ဆပ်ပြာ ဆပ်ပြာမှုန့်နဲ့အထိများတာ၊ ဓာတုဗေဒပစ္စည်းတွေနဲ့ ကြာရှည်ထိတွေ့တာတွေကြောင့် ဒီပန်းကုံးနေရာပျက်စီး၊ ပွင့်ထွက်သွားကာ၊ လက်သည်း၊ ခြေသည်းကြားလေးမှာ ဟသွားပြီး ဘက်တီးရီယားပိုးဝင်တာ၊ မသန့်တာတွေဝင်တာတွေ ဖြစ်လာတာပါ။ လက္ခဏာအနေနဲ့ ဒီနေရာမှာ နီလာတာ၊ ရောင်လာတာ၊ နာကျင်တာ၊ ပြည်တည်တာ၊ အရည်ထွက်လာတာတွေဖြစ်ပြီး၊ ဖောင်းပြီးနီရဲနေတတ်ပါတယ်။ ကုသမှုအနေနဲ့ ပဋိဇီဝ ပိုးသတ်ဆေး လိမ်းဆေးနဲ့ သောက်ဆေးတွေ သုံးဖို့လိုပါတယ်။ ကာကွယ်နိုင်ဖို့အတွက်တော့ ပြင်းတဲ့အရည်တွေ၊ ဆပ်ပြာဆပ်ပြာမှုန့်တွေ၊ ရေနွေးတွေနဲ့ ဓာတုဗေဒပစ္စည်းတွေကို ကိုယ်တွယ်ထိတွေ့တာ တတ်နိုင်သလောက်လျော့ပြီး၊ မဖြစ်မနေ ကိုင်တွယ်ထိတွေ့ရလျှင်လည်း၊ ကိုင်တွယ်ထိတွေ့ပြီးပြီးချင်း လက်နဲ့ခြေကိုသုတ်ကာ၊ ဒီလက်သည်း၊ခြေသည်းတဝိုက်မှာ Hand Cream (လက်မှာလူးတဲ့အဆီ) နဲ့ Foot Cream (ခြေထောက်မှာလူးတဲ့အဆီ) တွေကို လိမ်းပေးသင့်ပါတယ်။ အကြောင်းက လက်တွေ၊ ခြေတွေကို ခြောက်သွေ့ကြမ်းတမ်းအောင် မထားဘဲ၊ စိုပြေပျော့ပြောင်းနေအောင် စီမံပေးတဲ့ သဘောပါ။

နောက်အဖြစ်များတာက လက်သည်း၊ခြေသည်း ကြွက်နို့နဲ့ အသားပိုထွက်တာပါ။ ဗိုင်းရပ်(စ်) ပိုးကြောင့်ဖြစ်တဲ့ ဒီ ကြွက်နို့က လက်သည်း၊ခြေသည်း အောက်နဲ့ ဘေးကနေ အဓိကထွက်လေ့ ရှိပါတယ်။ လက္ခဏာအနေနဲ့ လက်သည်း၊ ခြေသည်းပျက်စီးလာတာ၊ လက်သည်း၊ခြေသည်းပြင် ပုံစံပြောင်းလာတာ (ဥပမာ လက်သည်း၊ခြေသည်းပြင် ချောမနေတော့ဘဲ တွန့်လာတာ)၊ နာကျင်တာ၊ နေရခက်တာတွေ ဖြစ်ပါတယ်။ အသားပိုထွက်တာကတော့ ရိုးရိုး အသားပိုထွက်တာဖြစ်နိုင်သလို ကင်ဆာဖြစ်နိုင်ခြေရှိတဲ့ အသားပိုထွက်တာလည်း ဖြစ်နိုင်ပါတယ်။ ကုသမှုအနေနဲ့ အရေပြားခွဲစိပ်ကုသဖို့ လိုပါတယ်။ ကာကွယ်နိုင်ရေးအတွက် ကြွက်နို့ဗိုင်းရပ်(စ်) ပိုးမဝင်နိုင်အောင် တကိုယ်ရည်သန့်ရှင်းမှု အရေးကြီးပါတယ်။ အထူးသဖြင့် ကြွက်နို့ ကူးစက်မှုများစေတဲ့ လူစုလူဝေးများတဲ့ ကျောင်းတွေ၊ အဆောင်တွေ၊ အားကစားရုံတွေ၊ ရေကူးကန်တွေမှာ တကိုယ်ရည်သန့်ရှင်းရေး ကောင်းအောင်ဆောင်ရွက်ပေးသင့်ပါတယ်။

နောက်ဆုံးအဖြစ်များတဲ့ လက်သည်း၊ ခြေသည်း ပြဿနာကတော့ လက်သည်း၊ ခြေသည်း ဆိုရီရေးစစ် အသားတက်မြန်တာပါ။ လက္ခဏာအနေနဲ့ လက်သည်း၊ခြေသည်းတွေ ထူထူပိန်းပိန်း ကြမ်းကြမ်း ဖြစ်လာတာ (သို့မဟုတ်) အပေါက်သေးသေးလေးတွေ ဖြစ်လာတာ၊ တွန့်လာတာ၊ အရောင်ပြောင်းလာတာ၊ လက်သည်း၊ ခြေသည်းအောက် နီညိုညိုအကွက်တွေ ဖြစ်လာတာ၊ လက်သည်း၊ ခြေသည်း ကွာထွက်တာ၊ သွေးချေဥအစင်းတွေပေါ်တာတွေ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အရေပြား ဆိုရီရေးစစ်ဖြစ်သူတွေရဲ့ ၁၀% ကနေ ၅၀% အထိကလည်း လက်သည်း၊ ခြေသည်းမှာပါ ဒီ ဆိုရီရေးစစ် လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။ အခုလို ဖြစ်လာခဲ့လျှင် ကုသမှုအနေနဲ့ ခန္ဓာကိုယ်အရေပြား ဆိုရီရေးစစ်ကို ပျောက်အောင်ကုသလိုက်လျှင်၊ လက်သည်း၊ ခြေသည်း ဆိုရီရေးစစ်ပါ အလိုလို ပျောက်သွားလေ့ရှိပါတယ်။ ကာကွယ်နိုင်တာနဲ့ ပတ်သက်လို့ ဗီဇအခံကြောင့် ဖြစ်တာဖြစ်ပေမယ့် လက်သည်း၊ခြေသည်း ဆိုရီရေးစစ်ကို ပိုဆိုးစေတဲ့ လက်သည်း၊ ခြေသည်း ထိခိုက်ပွန့်ပဲ့ ဒဏ်ရာရတာတွေ မဖြစ်အောင် ဂရုစိုက်ပေးသင့်ပါတယ်။

ဒီအကြောင်းပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG