လက်သည်း၊ ခြေသည်းတွေဟာ အလှအပ ကြည့်ကောင်းရုံအတွက်သာမကဘဲ၊ ကျန်းမာရေးအတွက်လည်း အရေးပါတယ်လို့ အရေပြားအထူးကုတွေက ထောက်ပြပြောဆိုကြပါတယ်။ လက်သည်း၊ ခြေသည်းတွေဟာ ကျန်းမာရေးကောင်းမကောင်း ထင်ဟပ်ပြသနိုင်တဲ့ မှန်တချပ်လို ဖြစ်တာအပြင်၊ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေလည်း လုပ်ဆောင်ပေးပါတယ်။ ပစ္စည်းတွေကို ကောက်ကိုင်နိုင်ဖို့ လုပ်ဆောင်ပေးတာအပြင်၊ အနုစိတ်လုပ်ငန်းတွေမှာလည်း လက်သည်း၊ခြေသည်းတွေ ပါဝင်ပါတယ်။ ကိုင်တွယ်ရာမှာ အဓိက သုံးရတဲ့ လက်ချောင်း၊ ခြေချောင်းတွေရဲ့ ထိပ်ပိုင်းတွေ သန်မာအောင် ဒီ လက်သည်း၊ခြေသည်းတွေက အဓိက ထောက်ကန်ပေးထားတာကြောင့်၊ လက်ချောင်း၊ ခြေချောင်းတွေ အလုပ်လုပ်နိုင်တာပါ။
လက်သည်း၊ ခြေသည်းတွေကိုသာ ဖြုတ်ထားလျှင် လက်ချောင်း ၊ခြေချောင်းတွေရဲ့ ပုံမှန်လုပ်ငန်းတွေ မလုပ်နိုင်တော့ပါဘူး။ စစ်တမ်းကောက်ယူမှုတွေအရ လက်သည်း၊ ခြေသည်းပြဿနာတွေဟာ အရေပြားရောဂါ စုစုပေါင်းရဲ့ (၁၀) ရာခိုင်နှုန်းတောင် ရှိတာမို့ အဖြစ်များပြီး၊ လူတိုင်း တချိန်ချိန်မှာ လက်သည်း၊ ခြေသည်း ပြဿနာတစ်ခုခု ကြုံရလေ့ရှိတယ်လို့ တွေ့ရှိထားပါတယ်။
လက်သည်း၊ ခြေသည်းတွေကို လက်ချောင်း၊ ခြေချောင်းရှိ အရေပြားဆဲလ်တွေ (Skin Cell) ကတည်ဆောက်ပေးတာပါ။ အပေါ်ဆုံးမှာ မြင်နေရတဲ့ လက်သည်း၊ ခြေသည်း အပိုင်းကို လက်သည်း၊ခြေသည်း ပြင် (Nail Plate) လို့ ခေါ်ပြီး၊ ဒီလက်သည်း၊ခြေသည်းပြင်ရဲ့အောက်က အရေးပြားကိုတော့ လက်သည်းခြေသည်းအောက်အရေပြား (Nail Bed) လို့ခေါ်ပါတယ်။ လက်သည်း၊ ခြေသည်းအခြေ ထိုးစိုက်ဝင်သွားတဲ့နေရာကို Nail Matrix လို့ခေါ်ပြီး၊ ဒီလက်သည်း၊ ခြေသည်းအခြေနားက ဖြူဖြူလခြမ်းပုံအကွင်းလေးကိုတော့ လက်သည်း၊ ခြေသည်းလခြမ်း (Lanula) လို့ခေါ်ပါတယ်။ လက်သည်း၊ ခြေသည်းအခြေကို ဖုံးထားတဲ့ ပါးလွှာတဲ့အရေပြားလေးကို Cuticle လို့ခေါ်ပြီး၊ ဒီ Cuticle ဘေးက အရေပြားကိုတော့ လက်သည်း၊ ခြေသည်းပန်းကုံး (Nail Fold) လို့ခေါ်ပါတယ်။
လက်သည်း၊ ခြေသည်းတွေဟာ လက်သည်း၊ ခြေသည်းအခြေကနေ တဖြည်းဖြည်းကြီးထွား ရှည်ထွက်လာတာပါ။ ပျမ်းမျှခြင်းအားဖြင့် တနေ့ကို (ဝ.၁) မီလီမီတာလောက်သာ ရှည်ထွက်လေ့ရှိပါတယ်။ လက်သည်းက ခြေသည်းထက် ရှည်ထွက်တာ ပိုမြန်ပြီး၊ နွေရာသီမှာ ဆောင်းရာသီထက် လက်သည်း၊ ခြေသည်း ရှည်ထွက်တာ ပိုမြန်ကာ၊ ညာသန်သူတွေမှာ ညာဖက်လက်သည်း၊ ခြေသည်း ရှည်တာက ဘယ်ဖက်လက်သည်း၊ ခြေသည်းထက် ပိုမြန်တတ်ပါတယ်။ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်နဲ့ အသက်ကြီးပိုင်းအချိန်မှာသာ အများအားဖြင့် လက်သည်း၊ ခြေသည်းရှည်တာ အတူတူဖြစ်တတ်ပြီး၊ ကျန်တဲ့အချိန်တွေမှာတော့ အမျိုးသားတွေက အမျိုးသမီးတွေထက် လက်သည်း၊ ခြေသည်းရှည်တာ ပိုမြန်ပါတယ်။ ဒါပေမဲ့ အိုမင်းလာချိန်၊ ရောဂါတွေရှိလာချိန်နဲ့ ဟော်မုန်းဓာတ် မညီမျှချိန်တွေမှာတော့ လက်သည်း၊ ခြေသည်း ရှည်ထွက်တာအပေါ် ထိခိုက်မှုရှိလာပြီး လက်သည်း၊ ခြေသည်း ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။
ဒီလက်သည်း၊ ခြေသည်းတွေဟာ အရှေ့ဆုံး၊ အပေါ်ဆုံးမှာ ရှိနေတာကြောင့် တခုခုဖြစ်လာလျှင် အရင်ဆုံး ထိခိုက်ခံရနိုင်ပါတယ်။ ဒီလက်သည်း၊ ခြေသည်း ပြဿနာတွေ (ဥပမာအားဖြင့် လက်စွယ်ငုပ်တာ၊ လက်သည်း၊ ခြေသည်းထိပ် ထိရှတာ၊ ပဲ့တာ) ဖြစ်လာချိန်မှာ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်ပါတယ်။ ဥပမာအားဖြင့် အရာဝတ္ထု အသေးလေးတွေကို ကိုင်တွယ်တာ၊ လမ်းလျှောက်တာ၊ ထိတွေ့တာ စတာတွေကို ထိခိုက်လာနိုင်ပါတယ်။ ကလေးငယ်တွေမှာ လက်သည်း၊ ခြေသည်းပြဿနာတွေ အဖြစ်နည်းပေမယ့် အသက်ကြီးလာလေလေ ဒီလက်သည်း၊ ခြေသည်း ပြဿနာဖြစ်ဖို့ များလေလေဖြစ်ပါတယ်။ လက်သည်း၊ ခြေသည်း ပြဿနာတွေအတွက် အဓိကစောင့်ကြည့်သင့်တဲ့ ယေဘုယျ လက္ခဏာတွေကတော့ လက်သည်း၊ ခြေသည်း ပုံစံပြောင်းသွားတာတွေပါ။ ဥပမာအားဖြင့် လက်သည်း၊ ခြေသည်းတွေ အရင်ချောနေရာကနေ တွန့်သွားတာ၊ အရောင်ပြောင်းသွားတာ၊ ယောင်လာတာ၊ နာလာတာ၊ အဖြူနဲ့အမဲလိုင်းတွေ ပေါ်လာတာ၊ ထူထူအစင်းအကြောင်းတွေ ဖြစ်လာတာတွေပါ။ အခုလို လက္ခဏာတွေ ပေါ်လာချိန်မှာ ကျွမ်းကျင်သူ အရေပြားဆရာဝန်တွေနဲ့ ပြသသင့်ပါတယ်။
အဖြစ်များတဲ့ ခြေသည်း၊ လက်သည်း ပြဿနာတချို့ကတော့ လက်သည်း၊ ခြေသည်းပွင့်တာနဲ့ လက်သည်း၊ ခြေသည်း သွေးချေဥအစင်းတွေ ပေါ်လာတာပါ။ လက်သည်း၊ခြေသည်း ပွင့်တာက အလွန်အဖြစ်များပြီး၊ လက်သည်း၊ခြေသည်းအောက်ခြေအရေပြား (Nail Bed) ဒဏ်ဖြစ်သွားလို့ပါ။ လက္ခဏာအနေနဲ့ အဖြူစက် သေးသေး ဝိုင်းဝိုင်းလေးတွေကို တွေ့နိုင်ပါတယ်။ လက်သည်း၊ ခြေသည်းပွင့်တာက စိုးရိမ်စရာမလိုဘဲ၊ သူ့အလိုလို ပြန်ကောင်းသွားလေ့ရှိပါတယ်။ ကာကွယ်နိုင်ဖို့အတွက်ကတော့ လက်သည်း၊ ခြေသည်းတွေကို ဖိမိ၊ ဆောင့်မိတာမျိုး မဖြစ်အောင် ဂရုစိုက်ဖို့ပါ။
လက်သည်း၊ ခြေသည်း သွေးချေဥအစင်းတွေ ပေါ်တာကလည်း လက်သည်း၊ ခြေသည်း အောက်အရေပြားမှာရှိတဲ့ ဆံချည်မျှင်သွေးကြောငယ်လေးတွေ ပေါက်ကွဲသွားလို့ပါ။ အဓိက ဖြစ်ရခြင်းအကြောင်းရင်းကတော့ ထိခိုက်ဒဏ်ရာရတာကြောင့်ဖြစ်ပြီး၊ တချို့ဆေးတွေ (ဥပမာ သွေကျဲဆေး) နဲ့ သွေးနဲ့ပတ်သက်တဲ့ရောဂါ၊ သွေးကြောပေါက်တဲ့ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီအတွက်လည်း ထူးထူးထွေထွေ ကုစရာမလိုဘဲ အချိန်တန်လျှင် ပြန်ကောင်းသွားလေ့ ရှိပါတယ်။ ကာကွယ်နိုင်ဖို့အတွက်လည်း အဓိက အကြောင်းရင်းဖြစ်တဲ့ တံခါးညှပ်တာ၊ ပြူတင်းပေါက်ညှပ်တာမျိုး လက်သည်း၊ ခြေသည်း ထိခိုက်ဒဏ်ရာရမှု မရှိအောင် ဂရုစိုက်သင့်ပါတယ်။
ဒီအကြောင်းပိုမိုသိရှိနိုင်အောင် ကိုဝင်းမင်း က မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။