သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်သည်း၊ ခြေသည်း ကျန်းမာရေး အပိုင်း (၃)


တိုက်ရိုက် လင့်ခ်

လက်သည်း၊ ခြေသည်းတွေဟာ ခန္ဓာကိုယ်ကျန်းမာရေးကို ထင်ဟပ်ဖော်ပြနေပြီး၊ လက်သည်းကိုက်တာ၊ လက်သည်း၊ ခြေသည်းညှပ်တာနဲ့ လက်သည်းနီ၊ ခြေသည်းနီဆိုးတာအပါအဝင် ဂရုတစိုက် ထိန်းသိမ်းပေးစရာတွေ ရှိတယ်လို့ အရေပြားအထူးကုတွေက သုံးသပ်ပြောဆိုကြပါတယ်။

ခန္ဓာကိုယ်တွင်း ကျန်းမာရေးအခြေအနေကို လက်သည်း၊ ခြေသည်းတွေကဆင့် သိမြင်စေနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း ပြဿနာ တစ်ခုခုဖြစ်လာလျှင် လက်သည်း၊ ခြေသည်းမှာလည်း ပုံမှန်မဟုတ်တဲ့ ပြဿနာတွေ ပေါ်လာတတ်ပါတယ်။ ဥပမာ အသည်းရောဂါဖြစ်လာလျှင် လက်သည်း၊ ခြေသည်းတွေ ဖြူလာတတ်ပြီး၊ ကျောက်ကပ်ရောဂါဖြစ်လာလျှင်လည်း လက်သည်း၊ ခြေသည်းတွေ တဝက်ဖြူ၊ တဝက်ပန်းရောင် ဖြစ်လာတတ်ပါတယ်။ နှလုံးရောဂါဖြစ်လျှင်တော့ လက်သည်း၊ ခြေသည်း အခြေနဲ့အောက်မှာ နီတာ၊ သွေးချေဥအစင်းတွေပေါ်တာတွေ ဖြစ်လာတတ်ပြီး၊ အဆုပ်ရောဂါဖြစ်လာလျှင်လည်း လက်သည်း၊ ခြေသည်းတွေ ဝါကာ၊ ထူထူလုံးလုံးကြီး ဖြစ်လာကာ၊ လက်သည်း၊ ခြေသည်း အခြေကနေ လက်သည်း၊ ခြေသည်း အသစ်ထွက်တာနှေးလာတာတွေ ဖြစ်တတ်ပါတယ်။ ဆီးချိုရောဂါဖြစ်လာပါက လက်သည်း၊ ခြေသည်းတွေ ဝါကျင့်ကျင့်အရောင်ဖြစ်လာပြီး လက်သည်း၊ ခြေသည်း အောက်ခြေမှာ နီသလို ပြာသလို ပုံမှန်မဟုတ်တဲ့အနေအထား တွေ့ရတတ်ပါတယ်။ သွေးအားနည်းရောဂါဖြစ်လာလျှင်လည်း လက်သည်း၊ ခြေသည်း အရောင် ဖြူဖျော့ဖျော့ဖြစ်လာပြီး၊ တချို့မှာ လက်သည်း၊ ခြေသည်းအခုံး မညီညာတော့ဘဲ ခွက်သွားတဲ့အထိ ဖြစ်နိုင်ပါတယ်။

လက်သည်းကိုက်တာကလည်း အဖြစ်များပြီး၊ ကလေးတွေမှာ အကိုက်များကာ၊ လူကြီး တချို့လည်း လက်သည်း ကိုက်တတ်ပါတယ်။ လက်သည်းကိုက်တာက လက်သည်းရောဂါဖြစ်တာ မဟုတ်ဘဲ၊ စိတ်လှုပ်ရှားတာနဲ့ စိတ်ပူပန်မှုများတာကို ပြတာပါ။ ဒါပေမဲ့ လက်သည်းကိုက်တာကြောင့် လက်သည်းပုံစံပျက်တတ်ပြီး၊ ရောဂါပိုးတွေလည်း လက်သည်းကနေ ပါးစပ်၊ ပါးစပ်ကနေ လက်သည်း အပြန်ပြန် အလှန်လှန် ကူးစက်တတ်ပါတယ်။ လက်သည်းကိုက်ရာမှာ ထွက်လာတဲ့ တံတွေးမှာပါတဲ့ အစာချေ အင်ဇိုင်းတွေက အသားကို တိုက်စားပြီး၊ လက်သည်းဘေးနား အရေပြားတဝိုက် လက်သည်းပန်းကုံးတွေမှာ အနာတွေဖြစ်စေတတ်ပါတယ်။ အခုလို လက်သည်းကိုက်တာ ဆက်မဖြစ်အောင် ကာကွယ်နိုင်ဖို့ ကလေးတွေအတွက် အနံ့အရသာဆိုးတဲ့ (ဥပမာ အရသာ ခါးတဲ့) လက်သည်းဆိုးဆေးနဲ့ ဆေးရည်တွေ လူးပေးနိုင်ပါတယ်။ ဒါပေမဲ့ ကလေးမှာရော လူကြီးမှာပါ စိတ်လှုပ်ရှားမှု၊ စိတ်ပူပန်မှုများလွန်းလျှင်တော့ စိတ်ရောဂါဆရာဝန်နဲ့ ပြသသင့်ပါတယ်။

လက်သည်၊ ခြေသည်း ပြဿနာတွေက အဖြစ်များပြီး လူတိုင်းနီးပါး ဖြစ်တတ်တာမို့၊ လက်သည်း၊ ခြေသည်းတွေကို ဂရုတစိုက် ထိန်းသိမ်းသင့်ပါတယ်။ အခုလို ဂရုစိုက်ထိန်းသိမ်းရာမှာ လက်သည်း၊ ခြေသည်းတွေကို ပုံမှန်သန့်ရှင်းပေးပြီး ခြောက်အောင် ထားသင့်ပါတယ်။ ရေစိုနေလျှင် ရောဂါပိုးဝင်လာတတ်လို့ပါ။ လက်သည်း၊ ခြေသည်း ညှပ်ရာမှာလည်း ပျော့သွားစေပြီး ညှပ်ရလွယ်ကူအောင် ရေနဲ့စိမ်ညှပ်တာ အထူးသဖြင့်မာတဲ့ ခြေမခြေသည်းအတွက် ရေနွေးဆားစိမ်ညှပ်တာတွေ လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် လက်သည်း၊ ခြေသည်း ထိပ်ကို ဝိုင်းဝိုင်းကွေးကွေးပုံစံမျိုး မညှပ်သင့်ဘဲ၊ တည့်တည့်ပုံစံသာ ညှပ်သင့်ပါတယ်။ ဝိုင်းဝိုင်ကွေးကွေးပုံစံ ညှပ်မိပါက လက်သည်း၊ ခြေသည်း ထောက်ကန်မှု အားနည်းပြီး၊ လက်သည်း၊ ခြေသည်း စိုက်ဝင်တာနဲ့ ခြေစွယ်၊ လက်စွယ်ငုပ်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဖြောင့်ဖြောင့်၊ တည့်တည့် ပုံစံ ညှပ်ခြင်းဖြင့် လက်သည်း၊ ခြေသည်း ထောက်ကန်မှု အားကောင်းပြီး၊ လက်သည်း၊ ခြေသည်းစိုက်ဝင်တာနဲ့ လက်စွယ်၊ ခြေစွယ်ငုပ်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အထူးသတိထားသင့်တာ တစ်ခုကတော့ လက်သည်း၊ ခြေသည်း အခြေနားက ပါးပါး အရေပြား အဖတ်လေး (Cuticle) ကို မခြစ်ပစ်ဖို့ပါ။ လက်သည်း၊ ခြေသည်း အလှပြင်ဆိုင်တချို့နဲ့ လမ်းဘေးက လက်သည်း၊ ခြေသည်းညှပ်တဲ့ဆိုင်တွေအနေနဲ့ ဒီ ပါးလွှာတဲ့ အရေပြားဖတ်လေးကို ခြစ်ထုတ်ပစ်တတ်ပါတယ်။ အခုလို ခြစ်ထုတ်ပစ်တာကြောင့် ဒီအရေပြားနေရာလေး ထူလာပြီး၊ ထပ်ခါ ထပ်ခါ ဆက်ခြစ်ပေးနေရတာအပြင်၊ ဒီခြစ်ထားတဲ့ နေရာအဟလေးကနေ ရောဂါပိုးတွေ ဝင်လာတတ်ပါတယ်။ ဒါ့အပြင် လက်သည်း၊ ခြေသည်းညှပ်ပြီးချိန်မှာ ချောအောင် ညှိုတတ်သူတွေအနေနဲ့လည်း၊ သိပ်ကြမ်းကြမ်း တံစဉ်းမျိုးကို မသုံးဘဲ၊ နုတဲ့ တံစဉ်းမျိုးကိုသာ သုံးသင့်ပါတယ်။ လက်သည်း၊ ခြေသည်းကြားကို ချွန်တဲ့ သံချောင်း၊ ပင်အပ်ငယ်လေးတွေနဲ့ ထိုးကလိ ကလော်ထုတ်တာတွေလည်း မလုပ်သင့်ပါဘူး။ ရောဂါပိုးဝင်သွားနိုင်တာအပြင်၊ ခြေစွယ်၊ လက်စွယ်ငုပ်တတ်လို့ပါ။ လက်သည်းနီ၊ ခြေသည်းနီ ဆိုးရာမှာလည်း လက်သည်း၊ ခြေသည်း အပေါ်နေရာမှာသာ ဆိုးပြီး၊ အောက်နဲ့ဘေးက လက်သည်း၊ ခြေသည်းအခြေနဲ့ အရေပြားပန်းကုန်းတွေကို မထိမိဖို့ အရေးကြီးပါတယ်။ အကြောင်းက ဒီဆိုးဆေးတွေမှာ ဓာတုပစ္စည်းတွေပါပြီး၊ နောက်သုံးဖို့လိုတဲ့ လက်သည်း၊ ခြေသည်းဖျက်ဆေးကလည်း လက်သည်း၊ ခြေသည်းတွေကို ခြောက်သွေ့စေတာကြောင့်၊ လက်သည်း၊ ခြေသည်းနားတဝိုက်နဲ့ လက်သည်း၊ ခြေသည်းအရေပြားပန်းကုံးလေးကို ထိခိုက်ပျက်စီးသွားစေပြီး ရောဂါပိုးဝင်စေနိုင်လို့ပါ။

ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG