သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံမှာ ဆိုးဝါးလှတဲ့ ရေဘေးဒဏ်ကို လူထောင်သောင်းများစွာ ကြုံတွေ့ခံကြရပြီး Post Traumatic Stress Disorder (ခေါ်) စိတ်မချမ်းမြေ့ဖွယ် အနိဌာရုံတွေမှ ရရှိတဲ့ စိတ်သောကဝေဒနာ စိတ်ဒဏ်ရာဒဏ်ချက်တွေကို အနည်းနဲ့အများ ခံစားနေရတယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက သုံးသပ်ပြောဆိုကြပါတယ်။

ဒီလို စိတ်ဝေဒနာဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေကို ဖြစ်စေတဲ့ အဓိက အကြောင်းအရာ (၄) ချက်မှာ ရေဘေးဒုက္ခအတွင်း ဆုံးရှုံးပျက်စီးသွားခဲ့တဲ့ ကျန်းမာရေး၊ လူမှုဆက်ဆံရေး၊ စီးပွားရေး နဲ့ ဂုဏ်သိက္ခာတွေကြောင့် ဖြစ်တယ်။ စိတ်ကျစိတ်ရောဂါဝေဒနာ ဘယ်အချိန်မှာ ဖြစ်မှန်း သိဖို့ခက်ခဲပြီး၊ မမျှော်လင့်တဲ့ အနိဌာရုံမှ ရရှိတဲ့ စိတ်ဒုက္ခဝေဒနာကို စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည် အားနည်းသူတွေမှာ ဖြစ်ပေါ်လာရင် ကာကွယ်ဖို့ မလွယ်ကူပါဘူး။

ဒါပေမဲ့ ရောဂါလက္ခဏာ ရှိတယ်လို့ သိထားခဲ့ရင် ဆေးရုံ၊ ဆေးခန်းပြကာ၊ ပိုဆိုးမသွားအောင်တော့ စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ ပံ့ပိုးအားပေးဖို့၊ စားဝတ်နေရေး၊ ပြန်လည်ထူထောင်ရေးတွေကို ဝိုင်းဝန်းကူညီပေးဖို့အပြင် အားပေးနှစ်သိမ့်ပေးပြီး၊ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေလည်း ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး လုပ်ပေးဖို့ အရေးကြီးပါတယ်။

သိသာတဲ့ ရောဂါ အရိပ်လက္ခဏာတွေကတော့ အိပ်မပျော်တာ၊ စိတ်ကျဝမ်းနည်းတာ၊ တခြားအကြောင်းအရာတွေအပေါ် စိတ်ဝင်စားမှု လျော့နည်းလာတာ၊ တကိုယ်ရည်သန့်ရှင်းမှုတွေ မလုပ်ချင်တော့တာ၊ ခိုကိုးရာမဲ့ စိတ်ခံစားမှု ဖြစ်ပေါ်လာတာ၊ ကလေးတွေဆို စိတ်ဂနာမငြိမ် ပြုမှုလာတာ၊ အကြောက်လွန်ကဲနေတာ၊ ကြုံတွေ့ခဲ့ရတဲ့ အနိဌာရုံ အိမ်မက်ဆိုးတွေ ဆက်မက်နေတာ၊ ထိတ်လန့်ကြောက်ရွံ့ နေတာ၊ မေ့လျော့လာတာ၊ အရင်လို တက်တက်ကြွကြွမရှိတော့တာ၊ ဒေါသပေါက်ကွဲ အဖြစ်လွယ်တာ၊ မျှော်လင့်ချက်တွေ လျော့နည်းလာတာ (ဥပမာ၊ အလုပ်ကိစ္စ၊ အိမ်ထောင်ရေး၊ ပညာရေးတွေမှာ အရင်လို တက်တက်ကြွကြွမရှိတော့တာ)၊ ကြုံသလိုနေ၊ ဖြစ်သလိုစား အနေအထိုင် ပျက်စီးယိုးယွင်းလာတာတွေ ဖြစ်ပါတယ်။

ဒီအတွက် ရေဘေးဒဏ် ကြုံတွေ့ခံစားနေရသူတွေကို စားဝတ်နေရေး၊ ပြန်လည်ထူထောင်ရေးတွေ ကူညီလုပ်ပေးရာမှာ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး၊ စီးပွားရေး စတာတွေကို ကူညီလုပ်ဆောင်ပေးတဲ့အပြင် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ပြုစုပျိုးထောင်ပေးဖို့၊ အားပေးကူညီပံ့ပိုးပေးဖို့၊ စိတ်ဒဏ်ရာဒဏ်ချက်တွေ သက်သာအောင် ကုသပေးဖို့ အထူးအရေးကြီးပါတယ်။ အခုလို စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးနှစ်သိမ့် အားပေးနိုင်သူတွေရှိဖို့အတွက် မိခင်နဲ့ ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများအသင်းတို့မှ စိတ်ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု နားလည်ကျွမ်းကျင်သူတွေအပြင်၊ ပြည်နယ်နဲ့တိုင်းတွေမှာရှိတဲ့ စိတ်အထူးကုဌာနတွေမှတဆင့် ကျေးလက်ဒေသရှိ ကျန်းမာရေးဝန်ထမ်းတွေကို အခြေခံ စိတ်ကျန်းမာရေးဆိုင်ရာ သင်တန်းတွေ ပို့ချထားပါတယ်

ဆေးပေးကုသဖို့ လိုအပ်လာရင်တော့ ပေါ်လာတဲ့ လက္ခဏာအပေါ် မူတည်ပြီး ဆေးပေးရတာ ဖြစ်ပေမယ့်၊ အဓိကအားဖြင်တော့ စိတ်ငြိမ်ဆေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကျဆင်းရင် သောက်သုံးရတဲ့ ဆေးဝါးတွေကိုပေးပြီး ကုသနိုင်ပါတယ်။ ဒီရောဂါ ရရှိခံစားရတာကို အချိန်မီ ကုသမှုတွေ မရရှိရင်တော့ အခြေအနေ ပိုဆိုးသွားနိုင်ပြီး ကိုယ့်ကိုယ်ကို သတ်သေတာ၊ လူတွေနဲ့ ဆက်ဆံမှု စိတ်ကုန်ပြီး၊ လူတော မတိုးတော့တာ၊ လူဖြစ်ရှုံးမှု စိတ်ခံစားမှုတွေ ဖြစ်သွားနိုင်တာမို့ အဲဒီအခြေအနေ မဖြစ်အောင် အားလုံးက ဝိုင်းဝန်းကူညီ တားဆီးကာကွယ်ပေးဖို့ အရေးကြီးပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ဆေးတက္ကသိုလ် (၁) စိတ်ကျန်းမာရေး ပညာဌာန အငြိမ်းစား ပါမောက္ခ၊ ဌာနမှုးနဲ့ ဦးနှောက်အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာရောဂါ အထူးကု ဒေါက်တာစပ်စိုင်းလုံ ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG