သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးကြိုးပစ်ခံ သေဆုံးရမှု လျှော့ချရေး


Kansas Daily LIfe
Kansas Daily LIfe
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ မိုးကြီးလေကြီး၊ ရေကြီးမှုတွေ ပိုများလာပြီး၊ လျှပ်စီးလက် မိုးကြိုးပစ်တာတွေလည်း ပိုဖြစ်လာနိုင်ချိန်မှာ၊ မိုးကြိုးကြောင့် အသေအပျောက်တွေလည်း များနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။

မြန်မာနိုင်ငံမှာ မြို့တွေမှာထက် ကျေးလက်ဒေသ လယ်ကွင်းထဲမှာ ကွင်းပြင်မှာ အလုပ်လုပ်ရသူတွေ မိုးကြိုး ပိုအပစ်ခံရပြီး၊ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ အမြင့်တက်လုပ်ရသူ (ဥပမာ ကရိန်းစက်မောင်းသူ၊ တယ်လီဖုန်း တာဝါတိုင် တက်လုပ်ရသူ) တွေမှာလည်း ပိုအပစ်ခံရတတ်ပါတယ်။ မိုးကြိုးပစ်ခံရချိန် ချက်ချင်းမှာ သေဆုံးမှု နည်းပါးပါတယ်၊ မိုးကြိုးနဲ့ ကိုယ်နဲ့ တိုက်ရိုက်ထိမှသာ ခုလို ချက်ချင်းသေဆုံးနိုင်ပြီး၊ မိုးကြိုးနဲ့ အခုလို တိုက်ရိုက်ထိဖို့ကလည်း ခဲယဉ်းလွန်းလို့ပါ။ ဒါပေမဲ့ မိုးကြိုးထိတဲ့ တခြားနေရာကတဆင့် လူနာကို လျှပ်စစ်ကူးစက်ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးရတာက ပိုများတတ်ပြီး၊ ရှေးဦးသူနာပြုစုမှု ကောင်းလျှင်တော့ ရှင်နိုင်သူများသွားပါတယ်။ အကြောင်းက ခုလို မိုးကြိုးလျှပ်စီးကူးစက်တာကြောင့် လူနာ ချက်ချင်း နှလုံးခုန်ရပ်၊ အသက်ရှုရပ်၊ သတိလစ်ပြီး သေဆုံးရတာမျိုးက ပိုများတာမို့၊ အရေးပေါ် အသက်ကယ်နည်းနဲ့ ပြုစုပေးနိုင်လျှင်၊ ခဏနေ သွေးပြန်ခုန်၊ အသက်ပြန်ရှုပြီး ပြန်သတိရလာနိုင်လို့ပါ။

မိုးကြိုးလျှပ်စီးဒဏ်ခံလိုက်ရသူကို အသက်ကယ်နိုင်ဖို့ လူနာ လဲကျသွားချိန် ချက်ချင်း ကိုင်တွယ်ပြုစုပေးဖို့ အရေးကြီးပါတယ်။ မိုးကြိုးလျှပ်စီးက လျှပ်စစ်ဓာတ်လိုက်တာလို နောက်တစ်ယောက်ကို ဆက်မကူးစက်နိုင်ဘဲ၊ မိုးကြိုးကြောင့်အပေါ်ကကျလာတဲ့ လျှပ်စီးက လူ့ကိုယ်ခန္တာကို ဖြတ်စီးပြီး၊ မြေကြီးထဲ ချက်ချင်းရောက်သွားတာကြောင့်၊ ခန္တာကိုယ်ထဲ လျှပ်စစ်မကျန်တော့ဘဲ၊ အခုလို ချက်ချင်းကိုင်တွယ် ပြုစုနိုင်တာပါ။ ဒါ့အပြင် ဒီ စက္ကန့်ပိုင်းတွင်း ဖြတ်စီးသွားတဲ့ မိုးကြိုးလျှပ်စီးကြောင့် ခန္ဓာကိုယ်ထဲမှာ အဓိကအားဖြင့်၊ နှလုံးခုန် ခေတ္တရပ်တာ၊ အသက်ရှု ခဏရပ်တာနဲ့ ယာယီသတိလစ်တာ၊ ကြွက်သားနဲ့ အာရုံကြောတွေ ခေတ္တသေပြီး မလှုပ်နိုင်တော့တာ၊ နားမကြားတာတွေ ယာယီဖြစ်တတ်တာမို့၊ အရေးပေါ် အသက်ကယ်နည်း ချက်ချင်းလုပ်ပေးခြင်းဖြင့်၊ လူနာ ခဏနေလျှင် ပြန်ကောင်းလာနိုင်ပါတယ်။

ဒါပေမဲ့ အခုလို အရေးပေါ်အသက်ကယ်မှု ချက်ချင်း မလုပ်ပေးနိုင်ပါက၊ မိုးကြိုးလျှပ်စီးပြီး အစပိုင်းရပ်သွားတဲ့ နှလုံး ပြန်မခုန်နိုင်တော့ဘဲ၊ အသက်ရှု ပြန်မပေါ်နိုင်တော့၊ဘဲ၊ (သို့မဟုတ်) သတိလစ်တာကြောင့် လျှာခေါက် အသက်ရှုလမ်းကြောင်း ဆက်ပိတ်ကာ မလိုအပ်ဘဲ သေသွားနိုင်ပါတယ်။ ဒါကြောင့် လူနာ သတိလစ်နေပြီး၊ လည်ပင်းသွေးခုန်နှုန်းလည်း မတွေ့ရတော့လျှင်၊ CPR လို့ အတိုခေါက်ခေါ်တဲ့ အရေးပေါ်ကယ်တင်မှုအဖြစ် အောက်ခံအမာပေါ်မှာ လူနာကို ပက်လက်လှန်ထားပြီး၊ ရင်ညွန့်အလယ်ကို နှလုံးခုန်နှုန်းအတိုင်း၊ မိမိရဲ့ လက်နှစ်ဖက်ဆုပ်ပြီး အပေါ်က ဖိလိုက်လွှတ်လိုက်နဲ့၊ နောက် လူနာ နှာခေါင်းပိတ်ပြီး ပါးစပ်ထဲ အသက်ရှုမှုတ်သွင်းတာကို ထုံးစံအတိုင်း (အကြိမ် ၃၀ ရင်ညွန့်ဖိပြီးတိုင်း၊ နှစ်ကြိမ် ပါးစပ်တေ့လေမှုတ်သွင်း၊ စုစုပေါင်း တမိနစ် အကြိမ် (၁၀၀) တလှည့်စီ ဆက်တိုက် လုပ်ပေးဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် လူနာ လျှာခေါက် အသက်ရှုလမ်းကြောင်း မပိတ်ဖို့လည်း၊ ဘေးစောင်းအနေအထားနဲ့ ဆေးရုံ အမြန်ပို့ပေးသင့်ပါတယ်။ မိုးကြိုးလျှပ်စီးက အရေးပြားဖြတ်စီးသွားလျှင်လည်း အရေးပြားလောင်တာ ဖြစ်လာပေမယ့် အန္တရာယ်သိပ်မကြီးဘဲ ဆေးရုံရောက်လျှင် ပြန်ကောင်းအောင် စနစ်တကျကုပေးနိုင်ပါတယ်။

မိုးကြိုးအပစ်မခံရအောင် ကာကွယ်ရာမှာ မိုးကြိုးပစ်မဲ့အချိန် ကြိုတင်မခန့်မှန်းနိုင်ပေမယ့်၊ လျှပ်စီးလက် မိုးကြိုးပစ်လာတော့မှာနဲ့ ပစ်လာတာကိုတော့ ချက်ချင်းသိနိုင်တာကြောင့်၊ အမြန် စနစ်တကျ အကာအကွယ်ယူသင့်ပါတယ်။ အများအားဖြင့် မိုးကြီးချိန်၊ တိမ်မိုက်မဲချိန်နဲ့ လေပြင်းတိုက်ချိန်တွေမှာ လျှပ်စီးလက်မိုးကြိုးပစ်နိုင်ခြေ ရှိလာပါတယ်။ အထူးသဖြင့် မိုးကြိုးပစ်ခံရလေ့ရှိတဲ့ နေရာတွေဖြစ်တဲ့ လယ်ကွင်းတွေ၊ ကွင်းပြင်တွေ၊ ဆောက်လုပ်ရေးနဲ့ အမြင့်နေရာတွေမှာ အလုပ်လုပ်သူတွေအနေနဲ့၊ ဒီလျှပ်စီးလက်မိုးခြိမ်းသံ အနီးနားဖြစ်လာပြီဆိုလျှင်၊ အပြင်ထွက် အလုပ်မလုပ်သင့်ပါဘူး။ တကယ်လို့ အပြင်မှာ အလုပ်လုပ်နေရင်း ဖြစ်လျှင်လည်း၊ ချက်ချင်း အလုပ်ရပ်ပြီး၊ ခိုင်ခံ့တဲ့ အဆောက်အဦးထဲ အမြန် ဝင်ခိုသင့်ပါတယ်။ ရေထဲ၊ ကန်ထဲရောက်နေသူတွေ၊ ငါးဖမ်းသမားတွေ၊ လှေနဲ့ သွားနေတဲ့ ရေလုပ်သားတွေအနေနဲ့လည်း၊ အခုလို လျှပ်စီးလက်မိုးခြိမ်းတာ နီးလာချိန်မှာ ကမ်းကိုပြန်ကပ်ပြီး၊ လုံခြုံတဲ့နေရာ ဝင်ခိုအောင်းသင့်ပါတယ်။

မိုးကြိုးပစ်ခံရနိုင်တဲ့ မြင့်မားတဲ့ အဆောက်အဦးတွေမှာလည်း မိုးကြိုးလွှဲတွေ မဖြစ်မနေ တပ်ထားဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် လျှပ်စီးလက် မိုးခြိမ်းနေချိန် အိမ်ထဲနေစဉ်မှာလည်း၊ အိမ်ဘေးနံရံတွေကို မီနေတာ၊ အိမ်တိုင်တွေကို ကိုင်ထားတာမျိုး၊ အိမ်ထဲက လျှပ်စစ်ပစ္စည်းတွေနဲ့ နီးတဲ့နေရာနဲ့ စိုစွတ်တဲ့နေရာတွေမှာ ကပ်နေတာမျိုးမဟုတ်ဘဲ၊ အိမ်အလယ် ခြောက်သွေ့ရာမှာ အကာအကွယ်ယူနေသင့်ပါတယ်။ မိုးကြိုးလျှပ်စီးက အိမ်ဘေးနံရံနဲ့ တိုင်တွေကနေ ဖြတ်စီးပြီး မြေကြီးထဲ ဝင်သွားချိန်မှာ မထိခိုက်ရအောင်ပါ။ အလားတူ လျှပ်စီးလက် မိုးခြိမ်းချိန်မှာ ဟင်းလင်းပြင်တဝိုက် အဝေးပြေး လမ်းပေါ်မှာမျိုး ကားမောင်းနေလျှင်လည်း၊ ဘေးမှာ ဝင်ခိုစရာမရှိလျှင်၊ ကားကိုရပ်ပြီး၊ ခြောက်သွေ့တဲ့ ကားခုံပေါ်ထိုင်ကာ၊ ဘေးတံခါးတွေနဲ့ မထိဖို့ လိုပါတယ်။ လျှပ်စီးက အလားတူ ကားနံရံကိုဖြတ် ကားဘီးကတဆင့် မြေကြီးထဲ စီးဝင်သွားမှာမို့ပါ။ တကယ်လို့ ဘေးမှာ ဝင်ခိုဖို့ ကားလည်းမရှိ၊ အဆောက်အဦးလည်းမတွေ့ရတဲ့ ကွင်းပြင်မှာဆိုလျှင်တော့၊ ချက်ချင်း မှောက်ချတာ မလုပ်သင့်ပါဘူး။ မြေကြီးနဲ့ထိထားတဲ့ လျှပ်စီးနိုင်တဲ့နေရာ ခန္ဓာကိုယ်မှာ ပိုများသွားပြီး၊ ဒဏ်ရာပိုပြင်းသွားနိုင်လို့ပါ။ ဒါကြောင့် အခုလို လျှပ်စစ်ဖြတ်စီးနိုင်တဲ့ မြေနဲ့ထိတဲ့နေရာ နည်းနိုင်အောင် ခြေဖျား (သို့မဟုတ်) ခြေဖနောင့်စုပြီး မြေကြီးပေါ်ထိကာ၊ ဒူးကွေး ထိုင်ချပြီး၊ ဒူးပေါ် လက်ပိုက်ကာ၊ ကိုယ်ကို ကုန်းထားသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသမှုဌာနက ပါမောက္ခ ဌာနမှုး ဒေါက်တာမော်မော်ဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG