သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြေဖဝါးအရွတ်ပြားရောင်ပြီး ဖနောင့်နာခြင်း (အပိုင်း - ၂)


ခြေဖဝါးအရွတ်ပြားရောင်ပြီး ဖနောင့်နာခြင်း
ခြေဖဝါးအရွတ်ပြားရောင်ပြီး ဖနောင့်နာခြင်း
တိုက်ရိုက် လင့်ခ်

ခြေဖဝါးအောက်က အရွတ်ပြားကြီးရောင်တာကြောင့်ခြေဖနောင့်နာတာအတွက် ကုသ၊ ကာကွယ်နိုင်တဲ့နည်းမျိုးစုံရှိတယ်လို့ ကျန်မာရေးပညာရှင်တွေက ဆိုပါတယ်။

ခြေဖဝါးအရွတ်ပြားရောင်တာအတွက် ရိုးရိုးရှင်းရှင်း ကုသနည်းကနေစပြီး တစ်ဆင့်ပြီးတစ်ဆင့် ကုသသင့်ပါတယ်။ ပထမအဆင့်အနေနဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ ခြေဖဝါးအပေါ် ထပ်ခါထပ်ခါ ကိုယ်အလေးချိန်ဒဏ်ပိစေတဲ့ အပြုအမူတွေကို ရှောင်ကျဉ်ပြီး အနားယူဖို့လိုပါတယ်။ ဒုတိယဆင့်အနေနဲ့ အရောင်လည်းကျစေတဲ့ အကိုက်အခဲပျောက်ဆေးတွေ (ဥပမာ Diclofenac ၊ Ibuprofen စတာ) ကို သောက်နိုင်ပါတယ်။ ဒါပေမဲ့ ဒီဆေးတွေ သောက်နေချိန်မှာသာ သက်သာစေပြီး၊ အကြောင်းရင်းဖြစ်တဲ့ ဒီခြေဖဝါအရွတ်ပြားရောင်တာကို လျော့မချဘဲ ဆက်နာနေနိုင်ပါတယ်။ ခြေဖဝါးအရွတ်ပြား အရောင်ကျစေနိုင်ဖို့ကတော့ ရေခဲကပ်တာ၊ ရေနွေးကပ်တာတွေကို တစ်ကြိမ်လျှင် (၁၅) မိနစ်ကနေ၊ မိနစ် (၂၀) တစ်နေ့ သုံးကြိမ်၊ လေးကြိမ် လုပ်ပေးသင့်ပါတယ်။ အခုလို မိမိဘာသာ အိမ်မှာလုပ်နိုင်တာတွေကြောင့် မသက်သာလျှင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဆရာဝန်အနေနဲ့ ခြေဖဝါးအရွတ်ပြားရောင်စေတာကို တဖြည်းဖြည်း လျှော့ချပေးနိုင်မယ့်၊ ခြေဖဝါးအရွတ်ပြားကို ဆွဲဆန့်လိုက်ပြန်လျော့လိုက်လုပ်ပြီး အကြောလျှော့ပေးတဲ့ လေ့ကျင့်ခန်းတွေနဲ့ စတင်ကုသပေးနိုင်ပါတယ်။

အခုလို ထိရောက်စေနိုင်တဲ့ ပထမ လေ့ကျင့်ခန်းကတော့ ထိုင်ပြီး ဖြေထောက်ကို ဆန့်ဆင်းထားကာ၊ ခြေချောင်းလေးတွေကို အဝတ်စ၊ မျက်နှာသုတ်ပုဝါ စတာတွေနဲ့ ပတ်ပြီး၊ ခြေချောင်းလေးတွေ ကော့သွားအောင် တစ်ကနေ တစ်ဆယ်ထိရေတွက်ကာ ဆွဲလိုက်၊ ပြန်လျော့ပေးလိုက်လုပ်တာပါ။ ဒုတိယနည်းကတော့ နံရံကို လက်နဲ့တွန်းပြီး ခြေတစ်ချောင်းကို ရှေ့မှာထား၊ နောက်ခြေတစ်ချောင်းကို နောက်မှာထားကာ ဒူးကို ကွေးလိုက် ဆန့်တင်းလိုက်နဲ့ ခြေဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ပေးခြင်းဖြင့် ခြေသလုံးကြွက်သားတွေကို ဖြေလျှော့စေပြီး ဆက်နွယ်နေတဲ့ ခြေဖဝါးအရွက်ပြားကိုပါ အကြောလျှော့ပေးတာပါ။ နောက်တစ်နည်းက အနိမ့်အမြင့်ရှိတဲ့ တုံး (သို့မဟုတ်) တန်းအဆင့် (အုတ်ခဲတစ်ခုစာအမြင့်၊ လှေခါးထစ်အဆင့်လိုမျိုး) ကနေ ခြေဖဝါးအခုံး ကော့သွားအောင် ခြေဖျားထောက်အပေါ် ကော့တင်ပေးလိုက်၊ ခြေဖနောင့်ကို အောက်ပြန်လျှော့ချဆွဲဆန့်လိုက် လုပ်ပေးတာပါ။ ဒါ့အပြင် ခြေဖနောင့်အကြောကြီးကို ဖနောင့်ပြင်နေရာကနေ နှိပ်ပေးတာမျိုး (သို့မဟုတ်) မြန်မာ့နည်းမြန်မာ့ဟန်နဲ့ အုံးမှုတ်ခွက်နင်းတာမျိုးနဲ့လည်း နှိပ်တဲ့သဘော အကြောလျှော့ပေးခြင်းဖြင့် ကောင်းကောင်းသက်သာစေနိုင်ပါတယ်။ အခုလို လေ့ကျင့်ခန်းတွေကို လေ့ကျင့်ခန်းဆိုင်ရာဌာန၊ ဆရာဝန်တွေ၊ ပညာရှင်တွေနဲ့ တစ်ခေါက်လောက် သင်လိုက်လျှင် ကောင်းကောင်း ထိရောက်အောင် လုပ်နိုင်ပါတယ်။

အခုလို ခြေဖဝါးအရွတ်ပြား အကြောလျှော့လေ့ကျင့်ခန်းတွေအပါအဝင် အထက်ပါနည်းတွေအားလုံးနဲ့ မသက်သာပါက၊ ဆရာဝန်အနေနဲ့ Steroid (အရောင်ကျဆေး) ထိုးပေးခြင်းဖြင့်လည်း၊ ရောင်ရမ်းမှုကျစေပြီး လနဲ့ချီ သက်သာစေနိုင်ပါတယ်။ အရောင်ကျစေတဲ့ လိမ်းဆေးတွေလည်း အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် လေ့ကျင်ခန်းဆိုင်ရာ ဌာနတွေမှာလည်း အသံလှိုင်း (Ultrasound) နဲ့ ရောင်ရမ်းမှုကျအောင် ကုသပေးနိုင်ပါတယ်။ အခုလို ဆေးတွေကြောင့် အရောင်ကျပေမဲ့ ပြန်ဖြစ်လာပါက အထက်မှာပြောခဲ့တဲ့ ဖြေဖဝါးအရွတ်ပြား အကြောလျှော့လေ့ကျင့်ခန်းတွေနဲ့ ပြန်သက်သာအောင် ပြန်စလုပ်သင့်ပါတယ်။ အများစုအနေနဲ့ (၈၀-၉၀% အထိ) အခုလို ကုသနည်းတွေနဲ့ နှစ်ပတ်ကနေ တစ်လအတွင်း လုံးဝ ပျောက်ကင်းသွားနိုင်ပါတယ်။ အထက်ပါနည်းတွေအားလုံးနဲ့ မသက်သာမှ နောက်ဆုံးအဆင့်အနေနဲ့သာ၊ ခွဲစိပ်မှုလုပ်ပြီး ဖနောင့်ရင်းမှာ သွားတွယ်ထားတဲ့ အရွတ်ပြားကို အနည်းငယ်လှီးထုတ်ကာ ဖြေလျှော့ပေးခြင်းဖြင့် ကုသပေးနိုင်ပါတယ်။

ဒီခြေဖဝါးအရွတ်ရောင်ပြီး ခြေဖဝါးနာတာ မဖြစ်ရအောင် ကာကွယ်နိုင်ဖို့အတွက်တော့ ခြေဖဝါးအရွတ်ပြားကို ထပ်ခါထပ်ခါ ဒဏ်ပိစေနိုင်တဲ့ ကိုယ်အလေးချိန် မများအောင် ထိန်းသိမ်းတာ၊ မတ်တတ်ရပ်ချိန်၊ လမ်းလျှောက်ချိန် မများစေတာ (များသွားလျှင်လည်း ထိုင်ပြီး မကြာခဏနားပေးတာ)၊ မတော်တဲ့ ဖိနပ်၊ မာတဲ့ ဖိနပ်၊ ကြပ်တဲ့ဖိနပ်၊ ဒေါက်မြင့်ဖိနပ်တွေ မစီးတာ၊ ခြေဖဝါးအရွတ်ပြား မတင်းအောင် အထက်မှာပြောခဲ့တဲ့ အကြောလျော့လေ့ကျင့်ခန်းပုံမှန်လုပ်ပေးတာတွေ လုပ်ပေးသင့်ပါတယ်။ဒါပေမဲ့ ဒီခြေဖနောင့်နာဖြစ်ပြီး ပြန်ပျောက်သွားသူတွေမှာတော့ နေပုံထိုင်ပုံ ပြန်မပြုပြင်မိတာ၊ ကိုယ်အလေးချိန် ရုတ်တရက်ပြန်တက်တာ၊ ပြင်းပြင်းထန်ထန် အလုပ်လုပ်မိတာ၊ ခရီးဝေးလျှောက်မိတာတွေကြောင့် အချိန်မရွေး ပြန်ဖြစ်လာနိုင်တာမို့ အခုလို မဖြစ်မိအောင် သတိနဲ့ကြိုတင်ကာကွယ်သင့်ပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အရိုးအထူးကုနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသမှုဌာနက ပါမောက္ခ ဌာနမှူး ဒေါက်တာမော်မော်ဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG