သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အရေပြား ညှင်းပေါက်ခြင်း


Tinea Versicolor - skin disease
အရေပြား ညှင်းပေါက်ခြင်း
please wait

No media source currently available

0:00 0:07:01 0:00
တိုက်ရိုက် လင့်ခ်

ကိုယ်ခန္ဓာ အရေပြားပေါ်မှာ ညှင်းပေါက်တဲ့ရောဂါက မြန်မာနိုင်ငံမှာ ဖြစ်တာများလွန်းပြီး၊ မကြာခဏ ပြန်ဖြစ်တတ်တာမို့ အထူး ဂရုစိုက် ကာကွယ်၊ ကုသဖို့ အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

ညှင်းပေါက်ရခြင်း အကြောင်းရင်းက ပုံမှန် အရေပြားချွေးပေါက်မှာရှိနေတဲ့ မှိုပိုးတစ်မျိုးက ပူအိုက်ပြီး အဆီပျံစိုစွတ်လာချိန်မှာ ရောဂါပိုးအသွင် ပြောင်းသွားတာကြောင့်ပါ။ မြန်မာနိုင်ငံက ပူအိုက်စွတ်စိုတဲ့ဒေသဖြစ်ပြီး စိုထိုင်းမှုများတာကြောင့် တနှစ်ပတ်လုံး ညှင်းပေါက်နိုင်ပြီး၊ အထူးသဖြင့် ပူအိုက်လွန်းပြီး အဆီပျံတာများတဲ့ နွေရာသီမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ အဆီများတဲ့ လည်ပင်း၊ ရင်ပတ်၊ ကျောနဲ့ လက်မောင်း နေရာတွေမှာ ညှင်း အများဆုံးပေါက်လေ့ရှိပါတယ်။

ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေ (အသက်၂၀၊ ၃၀ ကျော်) မှာ အဖြစ်များပြီး၊ အသက်ကြီးသူတွေနဲ့ ကလေးတွေမှာတော့ ဖြစ်တတ်ပေမယ့် အဖြစ်နည်းလေ့ရှိပါတယ်။ အထူးသဖြင့် အသားအရေ အဆီပျံတာများသူတွေမှာ ပိုဖြစ်တတ်ပြီး၊ နေပူထဲ အလုပ်လုပ်ရသူတွေမှာ ချွေးထွက်များ၊ အဆီပျံ စိုစွတ်နေတာကြောင့် ပိုဖြစ်လွယ်ပါတယ်။

ရောဂါလက္ခဏာတွေအနေနဲ့ကတော့ အဖြူကွက် သေးသေးလေးတွေအနေနဲ့ အများဆုံးတွေ့ရပြီး၊ အရေပြား အဖတ်နုနုလေးတွေလည်း ကွာလာတတ်ပါတယ်။ အဖြူရောင်အပြင် တခါတရံမှာ ပန်းရောင်၊ အညိုရောင်နဲ့ အမဲရောင် အကွက်လေးတွေအထိ ရောင်စုံတွေ့နိုင်ပါသေးတယ်။ အသားဖြူသူတွေမှာ အဖြူကွက်အနေနဲ့ပေါက်လျှင် မသိသာပေမယ့် မြန်မာလူမျိုးအများစုက အသားညိုသူများတာမို့ အများအားဖြင့် မြင်တာနဲ့ သိသာလေ့ရှိပါတယ်။ ဒါပေမဲ့ အသားဖြူသူတွေမှာ ခရုသင်းဖြူတာနဲ့ခွဲဖို့ မသေချာလျှင်တော့ အသားစခြစ်ယူပြီး ဓာတ်ခွဲစမ်းသပ်ကာ ရောဂါဆုံးဖြတ်နိုင်တာမို့ ဒီလက္ခဏာပြလာလျှင် အရေပြား ဆရာဝန်နဲ့ ပြသင့်ပါတယ်။ အကျီင်္တွင်းနေရာတွေမှာဖြစ်လျှင် အပြင်ကလူတွေအနေနဲ့ မသိသာပေမယ့် မြင်ရတဲ့ မျက်နှာ၊ လည်ပင်းမှာမျိုး ဖြစ်လျှင်တော့ ဒီအကွက်တွေပေါ်နေတာကြောင့် စိတ်အနှောက်အယှက်ဖြစ်ရလေ့ရှိပါတယ်။ ယားယံမှုကတော့ ဖြစ်လေ့မရှိဘဲ၊ တခါတရံ ချွေးအများကြီးထွက်လျှင်သာ ယားချင်သလိုလိုလောက်ပဲ ဖြစ်တတ်ပါတယ်။

ကုသရာမှာတော့ အဓိက မှိုသတ်တဲ့ လိမ်းဆေးတွေနဲ့ ကုပြီး၊ လိုအပ်လျှင် သောက်ဆေးတွဲသောက်နိုင်ပါတယ်။ လိမ်းဆေးပုံစံအမျိုးမျိုးဖြစ်တဲ့ ဆပ်ပြာရည်၊ လူးဆေးဆီ (cream)၊ လူးဆေးရည် (lotion) နဲ့ ပေါင်ဒါမှုန့် (powder) တွေအပြင်၊ မှိုသတ်တဲ့ စားဆေးတွေကိုလည်း အပြင်ဆိုင်တွေမှာ အလွယ်တကူဝယ်ယူ သုံးစွဲနိုင်ပါတယ်။ အကောင်းဆုံးလိမ်းဆေး သုံးနည်းကတော့ ဆပ်ပြာရည်နဲ့ ရေမချိုးခင် လူးပေးပြီး၊ (၃) မိနစ် (၄) မိနစ်ထားကာ ရေချိုးချလိုက်ပြီး၊ နောက် အရေပြားခြောက်အောင်သုတ်ကာ၊ မှိုသတ်ပေါင်ဒါမှုန့်လိမ်းပေးတာဖြစ်ပါတယ်။

လူးဆေးဆီနဲ့ လူးဆေးရည်တွေက မြန်မာနိုင်ငံမှာ ပူအိုက်လွန်းတာမို့ ချွေးထွက်များပြီး ဆက်စိုစွတ်နေကာ စေးကပ်ကပ်နဲ့ နေရထိုင်ရခက်ပြီး ထိရောက်မှု နည်းနိုင်တာကြောင့်၊ အရေးပြားလဲခြောက်စေတဲ့ မှိုသတ်ပေါင်ဒါမှုန့်က ပိုသင့်တော်ပါတယ်။ ညှုင်းပေါက်တာ များလွန်းပြီး လိမ်းဆေးတစ်ခုထဲနဲ့ မနိုင်ရင်တော့ သောက်ဆေးပါတွဲသောက်သင့်ပါတယ်။ စနစ်တကျ ကုသမှုခံယူလျှင် ဒီညှင်းမှိုပိုးက တစ်ပတ် နှစ်ပတ်ခန့်အတွင်း သေသွာပြီး အဖတ်ကွာပြီး ပြန်ကောင်းသွားပေမယ့် အရေပြားအရောင် အလိုလို ပုံမှန်ပြန်ဖြစ်လာအောင်တော့ လအနည်းငယ် (၂ လ၊ ၃ လခန့်) စောင့်ရလေ့ရှိတတ်ပါတယ်။

ကာကွယ်ရေးဟာလည်း ကုသမှုလိုပဲ တန်းတူအရေးပါပါတယ်။ ညှင်းပေါက်တာက မြန်မာနိုင်ငံမှာ တနှစ်လုံး ဖြစ်နိုင်တာအပြင် ကူးစက်လွယ်ပြီး၊ ပြန်ဖြစ်တာလဲ လွယ်လို့ပါ။ ကာကွယ်ရေးအနေနဲ့ တကိုယ်ရေသန့်ရှင်းမှုက အထူးအရေးကြီးပါတယ်။ တကိုယ်ရေသန့်ရှင်းရေး ဆိုရာမှာ ဆပ်ပြာနဲ့ အသေအချာပွတ်တိုက် ပုံမှန် ရေချိုးပြီး၊ အရေပြားခြောက်အောင်သုတ်ပေးတာကို အဓိက ဆိုလိုတာပါ။ ဒါ့အပြင် ချွေးခြောက်လွယ်တဲ့ ချည်ထည် (Cotton) များတဲ့ အဝတ်တွေကို အဓိက ဝတ်သင့်ပါတယ်၊ ချွေးခြောက်လွယ်လျှင် ညှင်းစဖြစ်ဖို့၊ ပြန်ဖြစ်ဖို့ ခက်လို့ပါ။ ချည်ထည်မဟုတ်တဲ့ အသားတွေ ဝတ်လျှင်တော့ ချွေးအမြဲနီးပါး စိုစွတ်နေပြီး ညှင်းပေါက်လွယ်၊ ပြန်ဖြစ်လွယ်ပါတယ်။ နောက် စွတ်ကျယ်နဲ့ အတွင်းခံ အမြဲဝတ်ထားတာလဲ မကောင်းပါဘူး။ အပြင်က ခြောက်နေပေမဲ့ အတွင်းမှာ ချွေးနဲ့ဆက်စိုနေနိုင်လို့ပါ။ အဲ့ဒီအစား စွတ်ကျယ်အပိုယူသွားပြီး၊ စွတ်ကျယ်နဲ့ အတွင်းခံ လဲပေးကာ၊ ချွေးသုတ်တာ လုပ်ပေးသင့်ပါတယ်။ အထူးသဖြင့် ချွေးထွက်များသူတွေမှာ ချွေးသုတ်ပေးဖို့ အထူးအရေးကြီးပါတယ်။

သိသင့်သိထိုက်တဲ့ ဒီအရေးပြားရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG