သုံးရလွယ်ကူစေသည့် Link များ

သွေးပြန်ကြောဆိုင်ရာ ခြေထောက်အနာ ခွဲစိပ်ကုသမှုနဲ့ ကာကွယ်ရေး

  • ကိုဝင်းမင်း

သွေးပြန်ကြောတွေ အားနည်းပြီးဖြစ်တဲ့ ခြေထောက်အနာတွေဟာ အချိန်တော်တော်နဲ့ မပျောက်ဘဲဖြစ်တတ်ပြီး၊ ခွဲစိပ်မှုတွေ လိုအပ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုပါတယ်။

ဒီလိုအနာတွေကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ ခြေတောက်အတွင်း သွေးပြန်ကြောကနေ အပြင်သွေးပြန်ကြောကို သွေးပြန်ကန်ထွက်တာကို ပိတ်မပစ်နိုင်လျှင် ပတ်တီးစီးကုသတာနဲ့ ဆေးထည့်တာတွေနဲ့ အနာပြန်မကောင်းနိုင်တာကြောင့် ဒီသွေးပြန်ကန်တဲ့နေရာကို ပိတ်ပေးဖို့နဲ့ အနာပြန်ကောင်းစေဖို့ ခွဲစိပ်ကုသမှု လိုအပ်ခြင်း ဖြစ်ပါတယ်။

ခွဲစိပ်နိုင်တဲ့နည်းတွေကတော့ ဒီသွေးပြန်ကန်တဲ့ နေရာတွေဖြစ်တဲ့ အတွင်းနဲ့အပြင် သွေးပြန်ကြောအကြားဘားတွေကို ချည်ပြီး ပိတ်ပစ်တာနဲ့ ပေါင်ရင်းနေရာအတွက် အတွင်းနဲ့အပြင် သွေးပြန်ကြောတွေကို ချိတ်တဲ့ဘားကို ဖြစ်တောက်ပစ်တာ၊ နောက် ဖြစ်လာတဲ့ အနာတွေသန့်အောင် အညှိုတွေဖယ်ပစ်ပြီး အနာသစ်ဖြစ်အောင် လုပ်ပေးပြီး အနာဖေးတက်စေတာ၊ အနားဖေးတက်လာချိန်မှာလည်း အနာကြီးပါက အသားအရေးပြား အစားထိုးပေးတာတွေ ဖြစ်ပါတယ်။

ခြေထောက်အနာတွေကို ဖြစ်စေတဲ့ သွေးပြန်ကြောတွေ အားနည်းတာက မျိုးရိုးရာဇဝင်ရှိထားသူတွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ ဖြစ်ဖို့များတာမို့ ဂရုပြု စောင့်ကြည့်သင့်ပါတယ်။ သွေးပြန်ကြော အားနည်းတာဖြစ်လာပြီးလျှင်လည်း ခြေထောက်အနာတွေဖြစ်တဲ့ အဆင့်ထိမရောက်အောင် ကာကွယ်နိုင်ဖို့အတွက် ခြေထောက်မြှောက်ပေးပြီး ပြန်ကန်လာတဲ့ သွေးတွေ ခန္ဓာကိုယ်ထဲ ပြန်စီးသွားအောင် မကြာခဏလုပ်ပေးတာ (အထူးသဖြင့် ညအိပ်ချိန်) သွေးအသွားအလာမှန်အောင် လမ်းလျှောက်ပေးတာ (အထူးသဖြင့် ထိုင်ပြီး မတ်တပ်ရပ်ပြီး အလုပ်လုပ်ရသူများ)၊ ပတ်တီးစီးကုသမှုလုပ်ပေးတာ (Stocking စွပ်တာအပါအဝင်)၊ လဲလျောင်းအနားယူပေးတာနဲ့ ခြေချောင်းလေးတွေကို သန့်ရှင်းအောင်ဆေးကြောပေးတာတွေ လုပ်ပေးသင့်ပါတယ်။

ခြေထောက်အနာတွေ ဖြစ်မလာမီ ခြေထောက်သွေးပြန်ကြော အားနည်းတာကို စောစောစီးစီးကြိုသိနိုင်တဲ့ လက္ခဏာတွေကတော့ ခြေထောက်က သွေးတွေပြန်မတက်နိုင်ဘဲ အိုင်လာတာကြောင့် ခြေထောက်သွေးကြောတွေ ဖောင်းလာတာ၊ ခြေထောက်ညောင်းတာ၊ နာတာ၊ ကိုက်တာဖြစ်ပြီး လမ်းမလျှောက်ချင်တာ၊ ခြေထောက်ကို ကိုင်ရိုက်ထားသလို ခံစားရတာတွေ ဖြစ်ပါတယ်။ အခုလို လက္ခဏာတွေပြလာလျှင် ခြေထောက်သွေးပြန်ကြော အားနည်းမှုရှိမရှိ ကြိုတင် စစ်ဆေးသင့်ပါတယ်။ စောစောသိပြီး ကုသမှုခံယူခြင်းအားဖြင့် ဆိုးရွားပြီး ပျောက်ဖို့ခက်တဲ့ ခြေထောက်အနာတွေဖြစ်တဲ့ အဆင့်မရောက်အောင် ကောင်းကောင်းကာကွယ်နိုင်ပါတယ်။

ဒီရောဂါအကြောင်း ပြည့်ပြည့်စုံစုံ ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က နှလုံးခွဲစိပ် အထူးကုဆရာဝန်ကြီး၊ နှလုံးနှင့်သွေးကြောရောဂါ ခွဲစိပ်ကုဌာန အငြိမ်းစားပါမောက္ခ ဌာနမှူး ဒေါက်တာခင်မောင်အေး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG