မြန်မာနိုင်ငံက တင်သွင်းလာတဲ့ စည်သွပ်ဗူးနဲ့ မုန့်ဟင်းခါးအနှစ်တချို့ဟာ တရားမဝင်ဖြစ်ပြီး မစားသုံးကြဖို့ အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာန (USDA)၏ အစာဘေးကင်းရေးနဲ့ စစ်ဆေးရေးဌာန (FSIS) က သတိပေးတားမြစ်လိုက်ပါတယ်။
အခုလို ထုတ်ပြန်ချက်အပေါ် အမေရိကန်ရောက် မြန်မာတွေအပြင် မြန်မာနိုင်ငံကနေ လူကြုံပို့သူတွေနဲ့ စားသုံးသူတွေပါ သိထားသင့်တာတွေ ရှိတယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။ ပထမအချက်ကတော့ ဒီစားကုန်တွေမှာ ကပ်ထားတဲ့ စာညွှန်း (Label) ထဲ ဘာပစ္စည်းတွေပါတယ်လို့ ရေးထားတာ အတိအကျကို ဖတ်သင့်ပါတယ်။ ဒီစာညွန်းမှာ ရေးထားတာနဲ့ ဗူးအိတ်အထဲမှာ ပါတာ မကိုက်ညီလျှင်တော့ အန္တရာယ် ရှိနိုင်ပါတယ်။
စားကုန်ပါ စာညွှန်းက အရေးပါတာကြောင့် အမေရိကန်မှာ ကောင်းမွန်တဲ့ စားကုန်ထုတ်လုပ်မှုဖြစ်ရေး ဘာတွေ ထည့်ရေးသင့်တာကို သင်တန်းပေးထားပါတယ်။ အဓိကအားဖြင့် ပါဝင်တဲ့ အသား၊ ငါး၊ အငန်၊ အချိုဓာတ်၊ အသားမှုန့်၊ အချိုမှုန့်၊ ကြက်သွန်ဖြူ။ ကြက်သွန်နီ၊ ဂျင်း၊ ဆီအမျိုးအစား စသည်ဖြင့် ပါဝင်တဲ့ပစ္စည်း (Ingredients) ပမာဏတွေကို အတိအကျ ဖော်ပြပေးရပါတယ်။
အခုသတိပေးထားတဲ့ မြန်မာစားကုန်တွေ တရားဝင်ခွင့်ပြုချက် မရှိတာကြောင့် မသုံးစွဲဘဲ စွန့်ပစ်ဖို့နဲ့ ဝယ်ထားတဲ့ ဆိုင်ပြန်အပ်ဖို့ ဒီစိုက်ပျိုးရေးဝန်ကြီးဌာန အစာဘေးကင်းရေးနဲ့ စစ်ဆေးရေးဌာနက တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ ဒီစားကုန်တွေထဲမှာ ကျန်မားရေးထိခိုက်နိုင်တဲ့ အန္တရာယ်ရှိပစ္စည်းတွေ ပါတယ်လို့တော့ မဖော်ပြထားပါဘူး။ အခုလို အန္တရာယ်ရှိမရှိကိုကတော့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) က စစ်ဆေးရတာပါ။
အမေရိကန် FDA အစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့အနေနဲ့ အမေရိကန်ထုတ် စားကုန်တွေကို စစ်ဆေးပြီး ခွင့်ပြုချက်ပေးပါတယ်။ ပါဝင်တဲ့ အသား၊ ငါး၊ ဆီ၊ အချိုစတဲ့ ပစ္စည်းတွေပမာဏအပြင် ဒီပစ္စည်းတွေရဲ့ ကြာရှည်ခံသက်တမ်းနဲ့ သိုလှောင်သင့်တဲ့ အပူ အအေး၊ စားသင့်တဲ့ပမာဏ စတာတွေကိုပါ ထည့်သွင်းပြီး ခွင့်ပြုလေ့ရှိပါတယ်။ ဒါပေမဲ့ တင်သွင်းစားကုန်တွေအတွက်တော့ ကျန်မားရေးထိခိုက်တာ တိုင်ကြားမှုမရှိလျှင် စစ်ဆေးတာနည်းပါတယ်။
လက်ရှိတော့ အခုမြန်မာစားကုန်တွေမှာ အန္တရာယ်ရှိပစ္စည်းတွေ ပါတယ်လို့ အမေရိကန် FDA က ကြေညာတာ မရှိသေးတာမို့၊ မစွန့်ပစ်ချင်သူတွေ သတိနဲ့စားဖို့ ကျွမ်းကျင်သူတွေက အကြံပြုနေပါတယ်။ ပမာဏ အများကြီးတကြိမ်တခါထဲ မစားဘဲ နည်းနည်းစီ ခွဲစားကာ၊ ဖျားနာ၊ မအီမသာ ဖြစ်တာမျိုး ပုံမှန်မဟုတ်တာ ခံစားရလျှင်တော့ ဆရာဝန်ပြ ဆက်အကြောင်းကြားသင့်ပါတယ်။ ဆိုင်ပြန်အပ်သူရှိလျှင်လည်း ဆိုင်တွေက ပြန်လက်ခံပေးသင့်ပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့က အစာအာဟာရပညာရှင်နဲ့ အပြည်ပြည်ဆိုင်ရာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာခင်မာချို, ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။
https://www.fsis.usda.gov/recalls-alerts/fsis-issues-public-health-alert-ineligible-meat-and-poultry-products-illegally-0
Forum