သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ရေး အရေးတကြီး အပြည့်အဝ လုပ်ဆောင်ရေး


A volunteer checks the temperature of a man at the entrance of Sittwe Hospital, amid the outbreak of the coronavirus disease (COVID-19), in Sittwe, Rakhine State, Myanmar August 24, 2020. REUTERS/Stringer NO RESALES NO ARCHIVES
A volunteer checks the temperature of a man at the entrance of Sittwe Hospital, amid the outbreak of the coronavirus disease (COVID-19), in Sittwe, Rakhine State, Myanmar August 24, 2020. REUTERS/Stringer NO RESALES NO ARCHIVES
တိုက်ရိုက် လင့်ခ်

အခု (၂) ပတ်ကျော်အတွင်း၊ ကိုဗစ်-19 ပိုးဟာ၊ ရခိုင်ကစ၊ ရန်ကုန်အပြင်၊ တစ်နိုင်ငံလုံးနီးပါး အချိန်တိုတွင်း လျှင်မြန်စွာကူးစက်ပျံ့နံှ့သွားတာမို့၊ အဆုံးဆုံးဖြစ်လာနိုင်ချေအတွက် ကာကွယ်ရေးတွေ အရေးတကြီးလုပ်ဖို့ လမ်းဆုံလမ်းခွ ရောက်နေပြီလို့၊ ကျန်းမာရေးဝန်ကြီးက သတိပေးလိုက်ပါတယ်။

ရခိုင်ကနေ တစ်ကျော့ပြန် ပြန်စဖြစ်လာတဲ့ ကိုဗစ်-19 ပိုး အမျိုးအစားသစ်ဟာ ကူးစက်မူမြန်လွန်းပြီး (ရခိုင်မှာ နေ့ချင်းညချင်းရာနဲ့ချီကူးပြီး) တိုင်းနဲ့ပြည်နယ်အားလုံးနီးပါး ကူးစက်ပျံ နံှ့သွားတာအပြင်၊ လူနေပိုထူထပ်၊ ပိုကူးစက်လွယ်တဲ့ ရန်ကုန်မှာ၊ ဘယ်ကကူးမှန်းမသိတဲ့ ကွင်းဆက်ပြတ်လူနာတချို့ပါ စတွေ့လာတာမို့၊ ကာကွယ်ရေးတွေ ကြိုလုပ်ဖို့ အဓိက အရေးကြီးလာနေပါတယ်။ ဒီကြိုတင်ကာကွယ်ရေးကို အပြည့်အဝ လုပ်ရာမှာ၊ အရင်အဓိကလုပ်လာခဲ့တဲ့ Mask (ပါးစပ်နဲ့နှာခေါင်းစီး) တပ်တာ၊ လက်ဆေးတာတွေကို၊ အခု ပိုစနစ်တကျလုပ်ပြီး၊ လူချင်းခွာခွာနေကာ အိမ်မှာ အဓိကပြန်နေတာအပြင်၊ မျက်နှာအကာနဲ့ လက်အိပ်ကိုပါ စနစ်တကျ သုံးနိုင်လျှင်၊ ပိုထိရောက်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အရေးတကြီး အကြံပြုနေပါတယ်။

ကိုဗစ်-19 ကမ္ဘာ့ကပ်ရောဂါပိုးက အသက်ရူလမ်းကြောင်းကနေ ကူးစက်တာကို အသေအချာတွေ့ရှိလာရတာမို့၊ အရေးကြီးဆုံးက အသက်ရူလမ်းကြောင်းကို ကာပေးမယ့်၊ Mask (ပါးစပ်နဲ့နှာခေါင်းစီး) ကို စနစ်တကျတပ်ဖို့ပါ။ ဒီနည်းက အလွန်ထိရောက်ပါတယ်၊ အခုလို ကာကွယ်ထားတဲ့ ဆေးရုံအရေးပေါ်ဌာန ဝန်ထမ်းတွေ၊ ပိုးရှိသူတွေနဲ့ အနီးကပ် တွေ့ရတာတောင်မှ အခုချိန်ထိ ပိုးကူးမခံရသေးပါဘူး။ ဒါကြောင့် မိမိအနေနဲ့တွေ့ဆုံရတဲ့၊ အခြားဘယ်သူဖြစ်ဖြစ် ဒီပိုးရှိကောင်း ရှိနိုင်တယ်လို့ အဆိုးဆုံးအခြေအနေကိုမှန်းပြီး၊ အခြားသူ (၁) ဦး (၂) ဦးနဲ့တွေ့လျှင်တောင်၊ နောက် အပြင်ထွက်ရာမှာ လူအများကို မရှောင်နိုင်တဲ့ ဈေး၊ စတိုးဆိုင်နဲ့ ဘတ်စကား ရထားနေရာမျိုးတွေမှာလည်း၊ မဖြစ်မနေ Mask တပ်ဖို့ အရေးကြီးလာပါပြီ၊ ဒါနဲ့ပဲ ကိုယ့်ကိုမကူးအောင် လုပ်ပေးနိုင်မှာပါ။ ဒီ Mask အမျိုးအစားအတွက်တော့၊ N-95 အဆင့်မြင့်အမျိုးအစား တပ်စရာမလိုပါဘူး။ ရိုးရိုး Surgical Mask (ခွဲစိတ်ခန်းသုံး) နဲ့ အဝတ်နဲ့ ချုပ်ထားတဲ့ Mask တွေနဲ့၊ နှာခေါင်းနဲ့ပါးစပ်ကို ကားထားနိုင်လျှင် အဆင်ပြေပါတယ်။

ဒါပေမဲ့ ပါးစပ်နဲ့ နှာခေါင်းအပြင် မျက်လုံးကတစ်ဆင့်လည်း ပိုးဝင်လာနိုင်တာမို့၊ မျက်နှာတဝိုက်ကို လက်နဲ့ မပွတ်မိစေအောင် သတိထား၊ အလေ့အကျင့် ဖြစ်လာအောင်ကြိုးစားယူပြီး၊ Mask ရဲ့ မျက်နှာပြင် အပြင်ဖက်ကိုလည်း မထိမိ၊ မကိုင်မိဖို့ အထူးအရေးကြီးပါတယ်။ အကြောင်းက Mask ရဲ့ အပြင်ဖက် မျက်နှာပြင် (အရောင်ရင့်ဖက်) မှာ ပိုးတွေကပ်နေနိုင်ပြီး၊ အလွယ်တကူ ကူးစက်သွားစေနိုင်လို့ပါ။ Mask တပ်ထားချိန်မှာ၊ အနည်းငယ် နေရထိုင်ရ ကြပ်တည်းတာ (သို့မဟုတ်) အကျင့်ပါနေတာကြောင့်၊ ဒီ Mask အပြင်ဖက်ပိုင်းကို သွားကိုင်ပြီး နေရာအပြောင်းအရွေ့ ့လုပ်မိတတ်တာမို့၊ မလုပ်မိဖို့ အထူးသတိထားသင့်ပါတယ်။ Mask ကို နေရာရွေ့ဖို့လိုအပ်လာလှင် (ဥပမာ - အစာစား၊ ရေသောက်ချိန်မျိုး အပြောင်းအလဲလုပ်ဖို့) လည်း၊ ကြိုးနေရာကသာ ကိုင်သင့်ပါတယ်။ နားကနေ ကြိုးကိုကိုင် ဖြုတ်ပြီး စားနိုင်၊ သောက်နိုင်ပါတယ်။ ဒါပေမဲ့ Mask အပြင်ဖက်ကို ကိုင်ဖြုတ်တာ၊ နဖူးပေါ်တင်ထားတာ၊ မေးစေ့အောက်ချထားတာနဲ့၊ နားမှာချိတ်ထားတာတွေ မလုပ်သင့်ပါဘူး။ Mask ကို ချွတ်ရာမှာလည်း ကြိုးကသာကိုင်ပြီး အသာအယာ၊ မျက်စိပါပိတ်ထားပြီးချွတ်ကာ၊ တစ်ခါသုံး Surgical Mask ဆိုလျှင်၊ အဖုံးပါတဲ့ အမှိုက်ပုံးထဲ ချက်ချင်းလွှင့်ပစ်သင့်ပါတယ်။ အကြောင်းက ကြမ်းကြမ်းတမ်းတမ်း ဖြန်းကနဲ တုန်ခါသွားအောင် ဆွဲချွတ်မိလျှင်၊ အပြင်မှာကပ်နေတဲ့ ပိုးတွေလွင့်စင်ထွက်ပြီး၊ အသက်ရူလမ်းကြောင်းထဲ အနီးကပ်ဝင်သွားနိုင်လို့ပါ။ အဝတ် Mask ကိုတော့ ချက်ချင်း ဆပ်ပြာနဲ့လျှော်ပြီး ခြောက်အောင် အနည်းဆုံး တစ်ရက်ထားကာ၊ ပြန်သုံးနိုင်ပါတယ်။

နောက်တစ်ခုထပ်လုပ်နိုင်တာက ဖြစ်နိုင်လျှင် မျက်နှာအကာ (Face Shield) ပါ Mask နဲ့အတူ တွဲတပ်ထားတာပါ။ ဆေးရုံဝန်ထမ်းတွေအတွက်တော့ ဒါက မရှိမဖြစ်ပါ။ အကြောင်းက ပိုးအရေအတွက် အများကြီးရှိနိုင်တဲ့ လူနာ ချောင်းဆိုးတာမျိုး၊ အနီးကပ် ပြုစုကုသရတာမျိုးမှာ၊ အလွယ်တကူ ကူးနိုင်တာကို ကာကွယ်ပေးနိုင်လို့ပါ။ ဒါ့အပြင် မျက်နှာအကာ တပ်ထားခြင်းဖြင့်၊ မျက်စိအပါအဝင် မျက်နှာတဝိုက်ကို လက်နဲ့ မပွတ်မိ၊ မထိမိအောင် ကာကွယ်ပေးပြီးသား ဖြစ်သွားတာမို့ ပိုထိရောက်ပါတယ်။ ဒါပေမဲ Mask ကို ဖြစ်သလို ချွတ်ထား၊ အတင်အချလုပ်သလို၊ မျက်နှာအကာကိုလည်း ခေါင်းပေါ်တင်ထားတာ၊ ဘေးမှာချွတ်ထားတာတွေ မလုပ်သင့်ပါဘူး။ အလားတူပဲ မျက်နှာအကာရဲ့ အပြင်မျက်နှာပြင်မှာ ပိုးကပ်နေနိုင်ပြီး၊ အလွယ်တကူ အနီးကပ် ကူးသွားနိုင်လို့ပါ။ သုံးပြီးလျှင် မျက်နှာအကာကို အသေအချာ ပြန်ဆေးပြီး ခြောက်အောင်ထား၊ နောက်ပြန်သုံးနိုင်ပါတယ်။

ဒါ့အပြင် လူအများသွားတဲ့ ဈေးလိုမျိုး အများသူငှာ ကိုင်ရတဲ့ ပစ္စည်းတွေကို ကိုင်ဖို့ရှိလာလျှင်၊ ဒီပစ္စည်းတွေကိုင်အပြီး အိမ်ပြန်ရောက်လျှင် (သို့မဟုတ်) မျက်နှာကို ပြန်မထိခင်၊ မိမိကိုယ်ပိုင်ပစ္စည်းတွေ ပြန်မထိခင် လက်ဆေးဖို့ပါ။ ရေ၊ ဆပ်ပြာ ချက်ချင်းမရနိုင်လျှင်၊ လက်ဆေးရည် (Hand Gel / Sanitizer) ဗူးလေးကို၊ ကိုယ်နဲ့အတူ အမြဲဆောင်ထားကာ လက်ပြန်ဆေးသင့်ပါတယ်။ နောက်တစ်ခု တိုးလုပ်နိုင်တာက၊ ဖြစ်နိုင်လျှင် ဒီပစ္စည်းတွေ မကိုင်ခင် လက်အိပ် (Glove) စွပ်ပြီး ကိုင်တွယ်တာပါ။ ဒါပေမဲ့ Mask နဲ့ မျက်နှာအကာမှာလိုပဲ၊ လက်အိပ်ရဲ့ အပြင်ဖက်မျက်နှာပြင်မှာ ပိုးတွေကပ်နေနိုင်တာမို့၊ လက်အိပ်စွပ် အခြားပစ္စည်းတွေကိုင်ပြီးလျှင်၊ မျက်နှာနဲ့ အခြားကိုယ်ပိုင်ပစ္စည်းတွေကို သွားမထိဘဲ၊ မိမိကိုယ်ပိုင်နေရာ ပြန်ရောက်မှာသာ၊ ချက်ချင်း စနစ်တကျ အတွင်းကနေနှိုက် တစ်ဖက်စီ ပြောင်းပြန်လှန်သွားအောင် ချွတ်သင့်ပါတယ်။ အကြောင်းက လက်အိပ်အတွင်းဖက်မှာ ပိုးမရှိလို့ပါ။ ပထမတစ်ဖက် လက်အိပ်ရဲ့ လက်ကောက်ဝတ်နေရာမှာ၊ အခြားလက်တစ်ဖက်နဲ့ အတွင်းသားကို နှိုက်ပြီး၊ အတွင်းသား အပြင်လန်၊ အပြင်သားအတွင်းထဲ ဝင်သွားအောင် စချွတ်ပြီးမှ၊ ဒီချွတ်ပြီးသား လက်အိပ်အတွင်းသား အပြင်ရောက်လာတဲ့ဖက်ကို ကိုင်ပြီး၊ နောက်လက်အိပ်တစ်ဖက်ကို အလားတူ လက်ကောက်ဝတ် အတွင်းသားနေရာကနှိုက်ပြီး၊ ပြောင်းပြန်ဖြစ်သွားအောင်၊ တဖြည်းဖြည်း ချွတ်ယူနိုင်ပါတယ်။ ပြီးလျှင်တော့ ချက်ချင်း အဖုံးပါတဲ့ အမိူက်ပုံးထဲ လွှင့်ပစ်ပြီး၊ လက်ချက်ချင်းပြန်ဆေးပါ။

နောက်ဆုံးအရေးကြီးတာကတော့ ကူးစက်မူတွေ အလွန်ပျံ့နံှ့နေချိန်မှာ ပိုပြီးလူချင်းခပ်ခွာခွာနေကာ၊ အတတ်နိုင်ဆုံး အိမ်မှာနေတာ (Home Stay) တွေကို၊ အရင် ရောဂါစဖြစ်ချိန်တုံးကထက် ပိုပြီးပြန်လုပ်ပေးဖို့ပါ။ ရောဂါကူးစက်သူများလာတာမို့၊ အရင်ထက် လူကြားထဲမှာ ပို အကူးခံရနိုင်ချေများလာနေလို့ပါ။ အခုအချိန်မှာ လူစုလူဝေးတွေကို လုံးဝ ရှောင်ကျဉ်ပေးဖို့ အထူးအရေးကြီးနေပါပြီ။

ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနရဲ့ ပါမောက္ခ ဌာနမှူး ဒေါက်တာမော်မော်ဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။

==Unicode==









XS
SM
MD
LG