ဖြစ်နိုင်လျှင်တော့ အပူဒဏ်အစကတည်းက မခံရအောင် ပူတဲ့နေရာကိုရှောင်ပြီး၊ အေးတဲ့နေရာမှာပဲ နေသင့်ပါတယ်။
ဥပမာ ကျေးရွာတွေမှာ အရိပ်ကောင်းတဲ့ ဘုန်းကြီးကျောင်းနဲ့ ဘုရားတွေ၊ မြို့ကြီးတွေမှာ အခုနောက်ပိုင်း Aircondition လေအေးစက်ရှိတဲ့ စူပါမားကက် ကုန်တိုက်ကြီး (Supermarket) တွေမှာ၊ ပူလွန်းချိန် ခဏသွားရှောင်တာမျိုး လုပ်နိုင်ပါတယ်။ ဒါ့အပြင် ရေချိုးဖို့ လိုတာမှာလည်း မပူခင် မနက်စောစောနဲ့ အေးလာတဲ့ ညနေမှာသာချိုးပြီး၊ နေ့လည် ပူနေချိန်ကြီး မချိုးသင့်ပါဘူး။ အကြောင်းက အေးအောင်လုပ်ပေးထားတဲ့ ချွေးကိုသုတ်ပစ်လိုက်ပြီး အပူချိန်ထိုးတက်ကာ ဒုတိယအဆင့် အပူဒဏ်ကြောင့်ဖျားတာ (Heat Hyperpyrexia) နဲ့ အပူရှပ်တာ ဖြစ်နိုင်လို့ပါ။
ဒါပေမဲ့ ချွေးဆက်ထွက်နိုင်အောင်တော့ ရေနဲ့ ဆားဓာတ်ပါတာ စားသောက်ပေးသင့်ပါတယ်။ ဒါပေမဲ့လည်း Salt Tablent (ခေါ်) ဆားပါတဲ့ဆေးပြားမျိုးတော့ ဆားပါတာများတာမို့ မသောက်သင့်ပါဘူး၊ အထူးသဖြင့် သွေးတိုးရှိသူတွေမှာ သွေးတက်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါ့အပြင် ဝမ်းလျှောတာအတွက် (ဝမ်းပျက်ချိန်သာ အူမကောင်း မစုပ်နိုင်လို့ အချိုးကျ) အသင့်လုပ်ဓာတ်ဆားထုတ်မျိုးလည်း ဝယ်သောက်ဖို့ မလိုဘဲ။ အိမ်က ရေ၊ ဆားနဲ့ သကြားကို ကိုယ့်ဟာကိုယ်ရောဖျော်ပြီး သောက်နိုင်ပါတယ်။ အဝတ်အစားလည်း အပူမစုပ်တဲ့ အရောင်ဖျော့ဖျော့၊ ဖြစ်နိုင်လျှင် အဖြူရောင်မျိုး ချောင်ချောင်ချိချိ ချည်သားကိုသာဝတ်ပြီး၊ ပူစေတဲ့ ကျပ်ကျပ်တင်းတင်းမျိုး၊ အပူစုပ်ယူတဲ့ အမဲရောင်မျိုး၊ အပူပိတ်နိုင်တဲ့ နိုင်လွန်မျိုးတော့ မဝတ်သင့်ပါဘူး။ ဒါ့အပြင် နေပူထဲ အားကစားနဲ့ အလုပ်လုပ်တာတွေပါ မလုပ်ရပါဘူး။
အသက်အန္တရာယ်ရှိတဲ့ အပူဒဏ်ကြောင့်တက်ခြင်း (Heat Exhaustion) အဆင့်မရောက်ဖို့က၊ ချွေးထွက်များပြီး နုံးခွေကာ မလုပ်ချင်မကိုင်ချင်တဲ့ ဒီပထမအဆင့်ကို ကြိုတင်သတိပြုမိပြီး၊ ကုန်သွားတဲ့ ရေဓာတ်ဆားဓာတ် ပြန်ဖြည့်ဖို့ ရေများများသောက်တာအပြင်၊ ဆားပါတာပါထည့်သောက်ကာ အေးတဲ့နေရာမှာ နားနားနေနေ နေပေးသင့်ပါတယ်။ ဒါမှသာ ဒုတိယအဆင့်ဖြစ်တဲ့ အပူဒဏ်ကြောင့် ဖျားနာခြင်းအဆင့်ကို မရောက်တော့မှာပါ။ အကယ်၍ ချွေးကောင်းကောင်း ဆက်မထွက်နိုင်တော့ဘဲ၊ ဒုတိယအဆင့်ကို ရောက်လာပါကလည်း၊ အရင် ပထမအဆင့်မှာ လုပ်ပေးသလိုပဲ၊ အေးတဲ့နေရာထားပေးတာအပြင်၊ ရေအေးပတ်ပါတင်ကာ၊ အငံဓာတ်ပါတဲ့အရည် ပိုများများပေးသောက်ပြီး၊ မသောက်နိုင်လျှင်လည်း အကြောကနေ ဓာတ်ဆားရည်သွင်းပေးဖို့ လိုပါတယ်။ ဒါမှသာ နောက်ဆုံးအဆင့်ဖြစ်တဲ့ အပူဒဏ်ကြောင့်တက်ခြင်းအဆင့် မရောက်တော့မှာပါ။ တကယ်လို့ ဒီ နောက်ဆုံးအဆင့်ကို ရောက်ခဲ့လျှင်တော့၊ ချက်ချင်းကို အေးတဲ့နေရာရွှေ့ဖို့လိုတာမှာ၊ Air-condition လေအေးစက်ရှိတဲ့နေရာက အကောင်းဆုံးဖြစ်ပေမဲ့ မဖြစ်နိုင်လျှင်တော့၊ ရေအေးအေးစိမ်ပေးတာ၊ ကားရေဖြန်းတာမျိုးနဲ့ ရေအေးအေးဖြန်းပေးတာ စတာမျိုးတွေနဲ့ ချက်ချင်းအေးကျသွားအောင် အမြန်ဆုံးလုပ်ပေးနိုင်ဖို့ အထူးအရေးကြီးပါတယ်။
အပူဒဏ်ကြောင့် တခြားပြဿနာဖြစ်တဲ့ ခရီးသွားတွေအဖြစ်များတဲ့ နေလောင်အပါအဝင် အရေပြားရောဂါတွေအတွက်လည်း၊ အလားတူ အေးတဲ့နေရာတွေမှာ အေးအောင်နေပေးသင့်ပါတယ်။ အပူကြောင့် မိတ်ထွက်ပြီး ယားတာကြောင့် ကုတ်မိလေ့ရှိရာမှာ၊ လက်သည်းထဲက အညစ်အကြေးကနေတဆင့် ပိုးဝင်တာဖြစ်လာလျှင်လည်း Calamine Lotion ဆေးမျိုးကို လူးပေးသင့်ပါတယ်။ အေးအောင်ထားနိုင်ဖို့လည်း ယပ်တောင်ခတ်တာ ပန်ကာဖွင့်တွေလည်း လုပ်ပေးနိုင်ပါတယ်။ Air-condition အခန်းကတော့ အပူဒဏ်ခံနိုင်ဖို့ အကောင်းဆုံးဖြစ်ပေမဲ့၊ လက်တွေ့မှာ တချို့အတွက် ခက်ခဲနိုင်တာမို့ အေးအောင်၊ တခြားနည်းတွေ ကြိုးစားရှာကြံ အသုံးပြုသင့်ပါတယ်။
အဓိကကတော့ ပူနေချိန် အေးအောင်နေနိုင်ဖို့ပါ။ အခုလိုအချိန်မှာ တချို့အနေနဲ့ ရေချိုးရမှာကြောက်တာမျိုး မဖြစ်သင့်သလို၊ အထက်မှာပြောခဲ့သလို နေ့လည်ပူပူကြီးမှာတော့ မချိုးသင့်ဘဲ၊ အပူပြန်ကျအောင် အေးတဲ့အခန်းပြန်ဝင်ပြီးမှ ချိုးတာမျိုး တဆင့်စီသာလုပ်သင့်ပါတယ်။ နောက်ထပ် အထူးသတိပြုသင့်တာကတော့၊ နေပူချိန် အပြင်မှာ အလုပ်လုပ်နေရသူတွေအနေနဲ့၊ နေ့လည်ပူလွန်းချိန် ချက်ချင်းထွက်ပြီး အလုပ်မလုပ်သင့်ပါဘူး။ အေးနေချိန် မနက်ပိုင်းနဲ့ ညနေပိုင်းမှာပဲ လုပ်တာမျိုး၊ ပူနေချိန် မဖြစ်မနေလုပ်ရပါကလည်း အပူဒဏ်ကို တဆင့်စီ ဖြည်းဖြည်းချင်းခံကြည့်ကာ ရေနဲ့ဆားဓာတ်အများကြီးဖြည့်ပြီး လုပ်တာမျိုးနဲ့၊ နုံးလာလျှင်တော့ ဆက်မလုပ်ဘဲ ချက်ချင်းပြန်နားသင့်ပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစားဌာနမှူး၊ ပါမောက္ခ ဒေါက်တာစောဝင်းကို ဆက်သွယ်မေးမြန်းတင်ပြလိုက်ပါတယ်။