မှတ်ဉာဏ်ကျရောဂါကာကွယ်ဖို့ ရောဂါတချို့မဖြစ်အောင်နဲ့ စားသောက်နေထိုင်ပုံ ပြောင်းတာအပြင်၊ နောက်ထပ်ဆောင်ရန်ရှောင်နဲ့ ဖြစ်လာလျှင်လည်း ကြိုသိနိုင်တာရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။
မှတ်ဉာဏ်အသုံးပြုမှုနည်းသူတွေမှာ ဒီရောဂါ ပိုဖြစ်နိုင်ချိန်မှာ၊ မှတ်ဉာဏ်စူးစိုက်ရတဲ့ တရားထိုင်တာ (Meditation) မျိုးကတော့ ကာကွယ်ပေးနိုင်တာ တွေ့ထားပါတယ်။ အပြင်လောကမှာလည်း အခုလို တရားထိုင်တာကြောင့် သက်တော်၊ ဝါတော်ရှည်ပြီး မှတ်ဉာဏ်ဆက်ကောင်းတဲ့ ဖုန်းတော်ကြီးတွေ တွေ့နေရသလို၊ ဆေးပညာသုတေသနတွေအရလည်း တရားထိုင်သူတွေမှာ ဒီရောဂါ အဖြစ်နည်းတာ တွေ့ရှိထားပါတယ်။ ဆေးသုတေသနတွေအရ တရားထိုင်တဲ့သူတွေမှာ မှတ်ဉာဏ်ကို အားကောင်းစေတဲ့ ဦးနှောက်တစ်ရှူး (Gray Matter) တွေပိုများတာကို တွေ့ရှိထားပြီး၊ မှတ်ဉာဏ်ဆိုင်ရာ ဆေးစစ်ဆေးချက်တွေမှာလည်း တရားထိုင်သူတွေမှာ ဦးနှောက်မှတ်ဉာဏ်ပိုကောင်းတာကို တွေ့ထားပါတယ်။
အခုလို တရားထိုင်တာတခုတည်းမှာ အာရုံစူးစိုက်ထားတာက အကျိုးရှိပေမဲ့၊ အလုပ်ပေါင်းစုံ တချိန်တည်းပေါင်းလုပ်တာကတော့ မှတ်ဉာဏ်ထိခိုက်နိုင်ပါတယ်။ အကြောင်းက လူသားတွေရဲ့ ဦးနှောက်ဟာ အလုပ်မျိုးစုံးကို တချိန်ထဲမှာပေါင်းလုပ်ဖို့ (Multitasking) ပြင်ပေးထားတာ မဟုတ်လို့ပါ။ အထူးသဖြင့် နောက်ပိုင်း လူငယ်တွေမှာ ခေတ်မီဆက်သွယ်ရေးကိရိယာတွေ (လက်ကိုင်ဖုန်း၊ ကွန်ပြူတာ၊ တီဗီ) အသုံးပြုနေချိန်မှာ တခြားအလုပ်တွေ (စာဖတ်တာ၊ စကားပြောတာ၊ နားထောင်လေ့လာတာ၊ အိမ်စာလုပ်တာ စတာ) ကို တပြိုင်ထဲ ပေါင်းလုပ်တတ်ပေမဲ့၊ ဒါက ဦးနှောက်မှတ်ဉာဏ်ထိခိုက်စေတာ တွေ့ရှိထားပါတယ်။ ဒါကြောင့် တရားထိုင်သင့်ပေမဲ့၊ အခုလို အလုပ်မျိုးစုံတချိန်ထဲ ပေါင်းလုပ်တာ မလုပ်သင့်ပါဘူး။
အခုလို ကာကွယ်နိုင်တာတွေရှိပေမဲ့၊ တကယ်လို့ ဒီမှတ်ဉာဏ်လျော့ရောဂါ ဖြစ်လာခဲ့လျှင်လည်း ကြိုသိနိုင်တဲ့ တင်ကြိုလက္ခဏာတွေ ရှိပါတယ်။ ဒီလက္ခဏာတွေထဲ ပုံမှန်လုပ်နေကျတွေကို ချက်ချင်းမလုပ်တတ်တော့တာ၊ နီးစပ်တဲ့ဆွေမျိုး နံမည်မေ့သွားတာနဲ့ သုံးချင်တဲ့ စကားလုံးရှာရခက်လာတာ၊ ပြောပြီးမေးပြီးသားကို ထပ်ထပ်ပြောလာ၊ မေးလာတာတွေလည်း ပါပါတယ်။ ဥပမာ အနောက်နိုင်ငံတွေမှာ နေ့စဉ်လုပ်တဲ့ ဖိနပ်ကြိုး မစီးတတ်တော့တာ၊ မိမိနဲ့ နီးစပ်တဲ့ တူတူမ၊ မြေး နာမည် မေ့သွားတာ၊ အတိအကျ ပြောချင်တဲ့စကားလုံးရှာမရဘဲ ဝေဝေဝါးဝါး စာလုံးသုံးလိုက်ရတာ၊ ပြောပြီးသားအကြောင်းနဲ့ ချိန်းထားတဲ့အချိန်ကို ထပ်ခါထပ်ခါ ပြောမိ၊ မေးမိတာ၊ စကားပြောနည်းသွားတာမျိုးတွေပါ။ အခုလို လက္ခဏာတွေပေါ်လာလျှင် ဆရာဝန်ပြသင့်ပါတယ်။
ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Kaiser Santa Clara (ကိုင်ဇာ စန်တာကလျာ) အထွေထွေဆေးရုံကြီးက၊ သက်ကြီးရောဂါ အထူးကုသမားတော်ကြီး ဒေါက်တာမျိုးမင်းအောင် ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။