သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကြီးအပြီး အရေပြားနဲ့ တခြားရောဂါ ကုသမှု


ကလောမြို့မှာရေကြီးမြေပြိုပြီးနောက် ရွှံ့နွံတွေရှင်းလင်းနေရ (စက်တင်ဘာ ၂၆၊ ၂၀၂၄)
ကလောမြို့မှာရေကြီးမြေပြိုပြီးနောက် ရွှံ့နွံတွေရှင်းလင်းနေရ (စက်တင်ဘာ ၂၆၊ ၂၀၂၄)

မိုးကြီးရေကြီးမှု ပြီးဆုံးသွားချိန်မှာ အရေပြားနဲ့ တခြားရောဂါတွေအတွက် ကုသမှု အမြန်ခံယူဖို့ အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးအကြံပြုကြပါတယ်။

မိုးကြီးပြီးရေကြီးတာ ပြန်ကျသွားချိန်မှာ တခြားအမြန်လုပ်စရာတွေ ပုံလာတာကြောင့် ဒီရောဂါတွေကို အလေးမပေးမိဘဲ နောက်ပိုင်း ပိုဆိုးသွားစေနိုင်ပါတယ်။ ရေပြန်ကျသွားချိန်မှာ နုန်းတွေတင်နေတာ ရှင်းရတာ၊ သန့်ရှင်းရေး၊ ပြန်လည်ထူထောင်ရေး၊ ပြန်နေရာချထားရေးတွေ လုပ်ရတာကြောင့်၊ အရေပြားအနာတွေနဲ့ တခြားရောဂါတွေကို ဂရုမစိုက်တာမျိုး ဖြစ်သွားတတ်ပါတယ်။ အဲဒီကနေ ယားနာဝဲတွေ ကူးစက်ပျံ့နှံ့ကုန်တာ၊ အနာတွေ ပိုးဝင်ကုန်တာ Leptospirosis (တိရစ္ဆာန်ဆီးထဲပါတဲ့ ပိုး၊ အရေးပြားထဲဝင်တာ) ဖျားနာမူတွေ ပိုဆိုးသွားစေတာမျိုး မဖြစ်ရအောင်၊ လက်လှမ်းမီသမျှ ပြုစုကုသမှု အမြန်ဆုံး ကုသမှုခံယူသင့်ပါတယ်။ ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာလည်း ဆေးခန်းလေးတွေ ရှိတတ်ပြီး၊ ကုသမှု အမြန်ခံယူနိုင်ပါတယ်။

အခုလို ကုသမှု ခံယူတာမှာလည်းဖြစ်တဲ့ ရောဂါအပေါ် မူတည်ပြီး ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကုသမှုအမျိုးမျိုး ပေးနိုင်ပါတယ်။ ထိခိုက်ပွန်းပဲမှုဒဏ်ရာ အများစုအတွက် ပတ်တီးစီးပေးထားတာ၊ ပိုးသတ်ဆေး ထည့်ပေးတာတွေနဲ့ ပိုးဆက်ဝင်တာမဖြစ်ဘဲ အနာ အမြန်ပြန်ကျက်အောင် ကူညီပေးနိုင်ပါတယ်။ အရေပြား ပိုးဝင်တာမျိုးအတွက်လည်း မှိုပိုးအတွက် မှိုသတ်ဆေး ပေါင်ဒါအမှုန့် ထည့်ပေးခြင်းဖြင့် မှိုပိုးကို သတ်ပေးတာအပြင်၊ ပိုဆိုးစေတဲ့ စွတ်စိုမှုကိုလည်း ခြောက်သွေ့သွားစေပြီး အမြန်သက်သာစေနိုင်ပါတယ်။ ယားနာဝဲရောဂါအတွက်လည်း ဝဲဆေးတွေ ဒေသခံ ဆေးခန်း၊ ဆေးရုံတွေမှာ ရှိထားတတ်တာမို့ ကုသမှု အလွယ်တကူ ရယူနိုင်ပါတယ်။ ဘက်တီးရီးယားပိုး ဝင်တာဖြစ်လျှင်လည်း Antibiotics (ပဋိဇီဝပိုးသတ်ဆေး) နဲ့ ထိရောက်အောင် ကုသပေးနိုင်ပါတယ်။ အရေပြား Allergic (ဓာတ်မတဲ့တာ) ဖြစ်လျှင်လည်း ယားနာဆေးတွေ ပေးနိုင်ပါတယ်။

အခုလို ရေဘေးဒဏ် ခံရသူတွေအတွက်အပြင် ရေကြီးတဲ့ဒေသမှာ သွားကူညီပေးနေသူတွေလည်း ကြိုတင်ကာကွယ်၊ ကုသတာတွေ ခံယူသင့်ပါတယ်။ ရေဘေးကယ်ဆယ်ရေးသမားတွေအပြင် သွားကူညီတဲ့ ကျန်းမာရေးဝန်ထမ်းတွေပါ။ အခုလို ဖြစ်လာနိုင်တဲ့ အရေပြားနဲ့ တခြားရောဂါတွေကနေ ကြိုတင်ကာကွယ်ရေးတွေကို ကြိုတင်သတိပြုလုပ်သင့်ပါတယ်။ အထူးသဖြင့် ပြင်းထန်တဲ့ ကာလဝမ်းရောဂါနဲ့ သွေးလွန်တုပ်ကွေးအတွက်ပါ ကျန်းမာရေး အသိရှိထားပြီး၊ ရေဘေးဒဏ်ခံရသူတွေမှာ ဖြစ်လာလျှင် ကူးစက်ခံရတာ မဖြစ်ရအောင် ကာကွယ်ရေးနည်းလမ်းတွေကို ပိုအလေးထား လုပ်ဆောင်သင့်ပါတယ်။ တကယ်လို့ ဒီရောဂါတွေ မိမိကို ကူးစက်ဖြစ်ပွားလာလျှင်လည်း ပိုဆိုးမသွားအောင် အမြန်ဆုံး ကုသမှု ဆက်ခံယူသင့်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။

Forum

XS
SM
MD
LG