သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တုပ်ကွေးအန္တရာယ်ကြီးသူတွေအတွက် ကာကွယ်ရေး


FILE PHOTO: A child receives a vaccination as part of the start of the seasonal flu vaccination campaign as a preventive measure due to the outbreak of coronavirus disease (COVID-19), in Santiago, Chile March 16, 2020. REUTERS/Ivan Alvarado/File Photo
FILE PHOTO: A child receives a vaccination as part of the start of the seasonal flu vaccination campaign as a preventive measure due to the outbreak of coronavirus disease (COVID-19), in Santiago, Chile March 16, 2020. REUTERS/Ivan Alvarado/File Photo

အခုမိုးတွင်းကာလ မြန်မာနိုင်ငံမှာ ရာသီတုပ်ကွေး ပိုအဖြစ်များလာနေတာကြောင့်၊ အသက်အန္တရာယ်ရှိနိုင်သူလည်း ပိုများလာနိုင်တဲ့အတွက် ကြိုတင်ကာကွယ်ကြဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောနေကြပါတယ်။

တုပ်ကွေးကြောင့် အသက်အန္တရာယ် ထိခိုက်နိုင်သူတွေဖြစ်တဲ့ ပန်းနာရင်ကြပ်ရှိသူ၊ ကလေးငယ် (၅ နှစ်အောက်)၊ သက်ကြီး (၆၅ နှစ်အထက်)၊ ရောဂါအခံရှိသူနဲ့ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးနဲ့ တခြားကာကွယ်ဆေးတွေပါ ထိုးထားသင့်ပါတယ်။ အခုလို ကာကွယ်ဆေး ထိုးထားခြင်းဖြင့် မြန်မာနိုင်ငံမှာ လက်ရှိအတွေ့များနေတဲ့ ရာသီတုပ်ကွေး A အမျိုးအစား အပါအဝင် ပုံမှန် တုပ်ကွေးပိုး ကူးစက်ခံရတာ နည်းအောင်နဲ့၊ ရောဂါဖြစ်လာလျှင်တောင် မပြင်းထန်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဒါပေမဲ့ ရာသီတုပ်ကွေးအပြင် လက်ရှိ နှာစေးချောင်းဆိုး၊ ဖျားနာတာအတွက် နောက်ထပ် အတွေ့များနေတဲ့ အသက်ရှုလမ်းကြောင်း ဗိုင်းရပ်စ်ပိုး RSV အပါအဝင် တခြား အအေးမိ ဗိုင်းရပ်စ်ပိုးတွေကိုတော့ ကာကွယ်ဆေးနဲ့ မကာကွယ်နိုင်ပါဘူး။ ဒီလို မကာကွယ်နိုင်တဲ့ ဗိုင်းရပ်စ်တွေနဲ့ နောက်ဆက်တွဲ ဝင်ရောက်လာနိုင်တဲ့ ဘက်တီးရီးယားပိုးတွေကြောင့် ပိုပြင်းထန်လာနိုင်တာ (ဖျားပြီး ၃ ရက်ကနေ ၅ ရက်ဝန်းကျင်အတွင်း ဝင်လာတတ်ပြီး အဆုပ်အအေးမိ ပိုဖျားလာတတ်တာ) ကိုတော့ အလေးထားစောင့်ကြည့်ဖို့ အရေးကြီးပါတယ်။

အခုလို စောင့်ကြည့်ရာမှာ အသက်အန္တရာယ်ရှိတဲ့ ပြင်းထန်လက္ခဏာတွေကို ကြိုသိထားပြီး၊ တွေ့လာလျှင်တော့ အမြန်ဆုံး ဆေးရုံဆေးခန်ပို့ဖို့ အရေးကြီးပါတယ်။ ပြင်းထန်လက္ခဏာတွေကတော့ အသက်ရှူမြန်လာတာ၊ အသက်ပြင်းပြင်း ရှူရတာကြောင့် နံရိုးအောက်ပိုင်း ရင်ဘတ်ချိုင့်ဝင်လာတာ၊ အစာမဝင်တော့တာ (ကလေး နို့မစို့တော့တာ၊ အရည်မသောက်တော့တာ)၊ အော့အန်လာတာ၊ မှိန်းလွန်းတာ၊ နိုးရခက်တာ၊ အောက်ဆီဂျင်ကျလာတာ (SPO2 ၉၄ အောက်) နဲ့ နောက်ပိုင်း အရေးပေါ်အဆင့်မှာ တက်တာ၊ သတိလစ်တာ၊ လျှာ၊ နှုတ်ခမ်းတွေ ပြာလာတာ စတာတွေပါ။ အသက်ရှူနှုန်းမြန်တာက ၂ လ အောက်ကလေးတွေမှာ တစ်မိနစ်ကို အသက်ရှူတဲ့အကြိမ် ၆၀ နဲ့ အထက်ကျော်လာတာ၊ ၂ လ နဲ့ ၁ နှစ်ကြားကလေးတွေအတွက် တစ်မိနစ် အကြိမ် ၅၀ နဲ့ အထက်ကျော်လာတာနဲ့၊ ၁ နှစ်ကနေ ၅ နှစ်ကလေးတွေမှာ အကြိမ် ၄၀ နဲ့ ကျော်လာတာတွေပါ။

ဒါကြောင့် တုပ်ကွေးရောဂါ ကူးစက်မခံရအောင် အစထဲက ကြိုတင်ကာကွယ်ထားနိုင်လျှင် အကောင်းဆုံးပါ။ ဒီအတွက် ကိုဗစ်ကာကွယ်ရေးတုန်းကလို လူစုလူဝေးရှောင်တာ၊ လက်မကြာခဏဆေးတာ၊ Mask ပါးစပ်နဲ့ နှာခေါင်းစည်းတပ်တာအပြင်၊ အိမ်ထဲ ဆေးလိပ်မသောက်တာ၊ ထင်းမီးသွေးနဲ့ချက်တာ (မီးခိုးထွက်ပြီး ပိုဖြစ်နိုင်စေတာကြောင့်) လျှော့ချရှောင်ကျဉ်တာတွေ လုပ်ပေးသင့်ပါတယ်။ ကလေးငယ်တွေကိုလည်း အနည်းဆုံး ၆ လ အထိ မိခင်နို့တိုက်တာ၊ အာဟာရကောင်းကောင်းကျွေးတာတွေ လုပ်ပေးသင့်ပါတယ်။

အခုလို ကာကွယ်တဲ့ကြားက တုပ်ကွေးနဲ့ တခြားနှာစေး ချောင်းဆိုးဖျားနာတာ ဖြစ်လာလျှင်လည်း အစပိုင်း မပြင်းထန်ခင်မှာ အိမ်မှာနားနေပြီး၊ အဖျားကျအကိုက်အခဲ သက်သာဆေး (ပါရာစီတမော) သောက်တာ၊ နွေးနွေးထွေးထွေးထားပေးတာ (ပူလောင်အိုက်စပ်အောင်တော့ မထားသင့်)၊ ရေများများသောက်ပေးတာတွေ လုပ်ဆောင်သင့်ပါတယ်။ နို့စို့ကလေးငယ်တွေကိုလည်း နို့ဆက်တိုက်ပြီး အာဟာရနဲ့ရေ ကောင်းကောင်းဆက်တိုက်ကျွေးကာ၊ လေကောင်းလေသန့်ရအောင် လုပ်ပေးသင့်ပါတယ်။ အများစု မပြင်းထန်သူတွေကတော့ အခုလို ပြုစုကုသမှုတွေနဲ့ ၃ ရက်ကနေ ၅ ရက်ဝန်းကျင်အတွင်း ပြန်ကောင်းသွားလေ့ ရှိပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိိုင်ဖို့ ကိုဝင်းမင်းက ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစားဌာနမှူး၊ ပါမောက္ခ ဒေါက်တာစောဝင်းကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG