ဒူးနာခြင်းရဲ့ အစပိုင်းအဆင့်တွေမှာ အနေအထိုင်ဆင်ခြင်ကာ ကုသမူတွေ မလုပ်နိုင်လျှင်၊ ပိုဆိုးလာပြီး ခွဲစိပ်ရတဲ့အဆင့်တွေကို ရောက်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုနေပါတယ်။
ဒူးနာခြင်း အဆင့် (၁) မှာ ဆေးသောက်ပြီး သက်သာလာချိန်၊ ဒူးကို ထပ်မံ အသုံးပြုမူများကာ၊ အနေအထိုင် မဆင်ခြင်နိုင်လျှင် ဒူးဆစ် စကျဉ်းလာတဲ့ အဆင့် (၂) ကို ရောက်သွားတတ်ပါတယ်။ ဒီ အဆင့် (၂) မှာတော့ နောက်ထပ် ပိုမဆိုးအောင် ပိုသတိထားဖို့လိုလာပြီး၊ အသေအချာ အနားယူကာ၊ ဆရာဝန်ပြသင့်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လေ့ကျင့်ခန်းလုပ်ပြီး၊ ဒူးကို အသုံးပြုတာလည်း လျှော့ချဖို့ လိုလာပါတယ်။ ဒါ့အပြင် အဆင့် (၁) မှာ ကတည်းက လုပ်သင့်တဲ့ အနေအထိုင် ဆင်ခြင်မူတွေကို ပိုသတိထား လုပ်ဖို့လိုရာမှာ ကြမ်းပြင်ပေါ် ဒူးကွေးမထိုင်ဘဲ ကုလားထိုင်နဲ့ထိုင်တာ (ဒူးကို ၉၀ ဒီဂရီထက် ပိုမကွေးမိစေရန်)၊ လှေကားအတက်အဆင်းကိုလည်း အတတ်နိုင်ဆုံး ရှောင်ကျဉ်ကာ မဖြစ်မနေ လိုအပ်မှာသာ တစ်ကြိမ်ပဲလုပ်တာ၊ လှေကားတက်ရာမှာလည်း လက်ကိုင်တန်းကို အားပြုတက်တာ၊ နာနေတဲ့ဒူးနဲ့ စမတက်ဘဲ မနာတဲ့ ဒူးနဲ့စတက်ကာ နာတဲ့ဘက်ကို ဆွဲယူစုံရပ်ပြီး တဆင့်စီတက်တာ၊ ထမင်းစားရာမှာ ထမင်းစားပွဲနိမ့်နိမ့်မှာ ဒူးကွေးထိုင်မစားတာ၊ လ္ဘက်ရည်ဆိုင် စားသောက်ဆိုင်ထိုင်ရာမှာလည်း ခုံအပုနဲ့ မထိုင်ဘဲ ခုံအမြင့်နဲ့ထိုင်တာတွေ လုပ်ပေးဖို့လိုပါတယ်။ ဒူးနာပြီး ရောင်နေချိန်မှာတော့ ဒူးပျက်စီးတာ ပိုမဖြစ်ရအောင် တောင်ဝှေး (သို့မဟုတ်) ဒုတ်ကောက်သုံးတာ၊ အတတ်နိုင်ဆုံး အနားယူတာ၊ ရေခဲကပ်ပေးတာ၊ ကုလားထိုင်နဲ့ ထိုင်ချိန် ဒူးကိုဖြောင့်အောင် ရှေ့ မှာ ခုံတခုထားပြီး ခြေထောက်တင် ထိုင်တာ၊ ညအိပ်ချိန်မှာလည်း ဒူးကိုမကွေးမိစေဘဲ ဖြောင့်နေအောင် ခြေထောက်ကိုဆန့်ပြီး ဖနောင့် (၂)စခုလုံးအောက်မှာ ဖက်လုံး (သို့မဟုတ်) ခေါင်းအုံး ခုပေးကာ ပက်လက်အိပ်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။
အဆင့် (၂) မှာ ကုသမူအနေနဲ့ ဆရာဝန်ပေးတဲ့ အကိုက်အခဲပျောက်ဆေး (ပါရာစီတမော သို့မဟုတ် NSAID ခေါ် Steroid မဟုတ်တဲ့ အရောင်ကျဆေး) တွေသောက်တာအပြင်၊ အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ အရိုးနုအားဆေး Glucosamine ကိုလည်း သောက်သင့်ပါတယ်။ ဒါပေမဲ့ အရိုးနုအားဆေး အာနိသင်က လနဲ့ချီသောက်ပြီးမှ ပြတာမို့၊ ချက်ချင်းနာကျင်တာ မသက်သာစေနိုင်ပါဘူး။ ချက်ချင်းနာကျင်တာ သက်သာဖို့က အနားယူတာနဲ့ အကိုက်အခဲပျောက်ဆေးတွေက လုပ်ဆောင်ပေးပါတယ်။ ဒါ့အပြင် ဒူးထဲ ဆေးထိုးတာကိုလည်း စနစ်တကျ ပိုးသန့်စင်ထားတဲ့နေရာမှာ ခံယူနိုင်ပါတယ်။ ဒါပေမဲ့ ဆီးချိုရောဂါရှိသူ၊ ကူးစက်ရောဂါခံစားနေရသူနဲ့ ဖျားနာနေသူတွေမှာတော့ ဒူးကိုဆေးထိုးတာကနေ ပိုးဝင်လာမှာကို သတိပြုသင့်ပါတယ်။
အထက်ပါ အဆင့် (၂) မှာ စနစ်တကျ ဆင်ခြင်နေထိုင် ကုသမူတွေ မလုပ်နိုင်ခဲ့လျင်တော့၊ ပိုဆိုးလာပြီး အဆင့် (၃) နဲ့ (၄) ကို ရောက်သွားနိုင်ပါတယ်။ ဒီဆိုးလာတဲ့ နောက်ပိုင်းအဆင့်တွေမှာ ဒူးထဲက အရိုးနုတွေ အကုန်လုံးပျက်စီးသွားပြီး အရိုးချင်းသွားထိကာ၊ ကွေးတာဆန့်တာ မလုပ်နိုင်လောက်တဲ့ အခြေအနေရောက်သွားတတ်ပါတယ်။ ဒီအဆင့်မှာ ခွဲစိပ်ပြီး ဒူးခေါင်းအစားထိုး ကုသဖို့ လိုအပ်လာပါတယ်။ ဒီခွဲစိပ်မူက ကုန်ကျစရိတ်များပြီး ခွဲတဲ့ဒဏ်ခံရပေမဲ့၊ အန္တရာယ်တော့ မရှိပါဘူး။
ဒီရောဂါအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်းက အရိုးနဲ့ အရေးပေါ်အထူးကု၊ ပါမောက္ခ ဒေါက်တာမော်မော်ဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။