သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးလိပ်ဆေးရွက်ကြီး အန္တရာယ်နဲ့ လူငယ်ကဏ္ဍ


မေလ ၃၁၊ ၂၀၂၄ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ (World No Tobacco Day) ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပ (AP Photo/Lee Jin-man)
မေလ ၃၁၊ ၂၀၂၄ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ (World No Tobacco Day) ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပ (AP Photo/Lee Jin-man)

မေလ ၃၁ ရက်နေ့က ကျရောက်ခဲ့တဲ့ ဒီနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ (World No Tobacco Day) မှာ လူငယ်ထုကာကွယ်ရေး အဓိကထားလာချိန်၊ လူငယ်တွေကိုယ်တိုင်လည်း ဦးဆောင်လှုပ်ရှားလာတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။

အခုလို ဖြစ်လာတာက ကမ္ဘာပေါ်မှာ ၁၃ နှစ်ကနေ ၁၅ နှစ်အထိငယ်တဲ့ ကလေးလူငယ်တွေ ဆေးလိပ်နဲ့ဆေးရွက်ကြီး သုံးစွဲမှုများပြားလာနေလို့ပါ။ ၂၀၂၂ ခုနှစ် စာရင်းတွေအရ ဒီအရွယ်လေးတွေရဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုက တကမ္ဘာလုံးမှာ ၃၇ သန်းဝန်းကျင်ရှိလာပြီး၊ ဥရောပမှာဆိုလျှင်လည်း ခေတ်ပေါ် E-စီးကရက် သုံးစွဲမှုက ဆက်ကျော်သက်အရွယ်တွေရဲ့ ၁၂.၅% ခန့် အထိ ရှိလာချိန်၊ လူကြီးတွေ သုံးစွဲမှုကတော့ ၂% ပဲ ရှိပါတော့တယ်။

အခုလို ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းတွေကို လူငယ်တွေ သုံးစွဲမှုများလာတာကတော့ လူကြီးတွေက ဒီသုံးစွဲမှုအန္တရာယ် ပိုသိလာချိန် လူငယ်တွေမှာ မသိသူတချို့ရှိပြီး၊ လူငယ်သဘာဝ ဆွဲဆောင်ခံရလို့ပါ။ လူငယ်အကြိုက် ခေတ်မီ သစ်ဆန်းလှပပြီး အနံအရသာပါကောင်းတဲ့ E-စီးကရက် ပုံစံသောင်းချီနဲ့ အဓိက ကုမ္ပဏီတွေက ကြော်ငြာဆွဲဆောင်လာနေတာအပြင်၊ လိပ်ထားတဲ့ သမာရိုးကျ ဆေးလိပ် စီးကရက်တွေထက် အငွေ့ထွက်တာနဲ့၊ ဓာတုပစ္စည်းပါတာ နည်းတာကြောင့် အန္တရာယ်ပါနည်းတယ်လို့ ဆွဲဆောင်လာပါတယ်။

ဒါပေမဲ့ E-စီးကရက်တွေမှာ သိပ္ပံနည်းအရ အငွေ့ထွက်တာနဲ့ ဓာတုပစ္စည်းပါတာ နည်းတာမှန်ပေမဲ့ ကျန်းမာရေး အန္တရာယ်နည်းတာတော့ မဟုတ်ပါဘူး။ အကြောင်းက ဆေးလိပ်အစီခံနဲ့ လိပ်တဲ့စက္ကူ မသုံးရတာနဲ့ ဆေးရွက်ကြီး အပိုင်းအစတွေအစား စစ်ထုတ်ထားတဲ့ အရည်ကိုသာ သုံးတာကြောင့် အခုလို အငွေ့နဲ့ ဓာတုပစ္စည်း တစုံတရာ နည်းတာသာဖြစ်ပြီး (ဆေးလိပ်မှာ ဓာတုပစ္စည်း ၆၀၀၀-၇၀၀၀ ပါတာကနေ၊ E-စီးကရက်မှာ ဓာတုပစ္စည်း ၄၀၀၀ ခန့်တော့ပါနေသေးပါတယ်)၊ အဓိက စွဲစေ၊ ကျန်းမာရေး အန္တရာယ်ဖြစ်စေတဲ့ နီကိုတင်းဓာတ်ကတော့ အဓိက ဆက်ပါဝင်နေပါသေးတယ်။

တချိန်တည်းမှာ လူငယ်တိုင်းက ဆေးလိပ်နဲ့ ဆေးလိပ်ကြီး ကုမ္ပဏီတွေရဲ့ ဆွဲဆောင်မှုထဲပါသွားတာ မဟုတ်ဘဲ၊ တချို့လူငယ်တွေက လေ့လာအသိတရား များလာပြီး ဆန့်ကျင်တားမြစ်တာတွေ ဦးဆောင်လုပ်လာတဲ့အထိ ဖြစ်လာပါတယ်။ မကြာခင်က ထိုင်းနိုင်ငံမှာ E-စီးကရက် ထိန်းချုပ်မှုအမိန့်ကို လျှော့ချဖို့ ကုမ္ပဏီတွေဘက်က စည်းရုံးလာချိန်၊ ထိုင်း ဆေးကျောင်းသား အသင်းတစ်ဖွဲ့ကလည်း ထိုင်းဝန်ကြီးချုပ်ကို တွေ့ခွင့်တောင်းပြီး၊ အခုလို လျှော့ချမပေးဘဲ၊ အရင်ချမှတ်ထားတဲ့ ဥပဒေအတိုင်း အရေးယူဆောင်ရွက်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါက တခြားနိုင်ငံက လူငယ်တွေအတွက်လည်း အားကျစရာပါ။

အခုလိုဖြစ်လာတာက WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးပစ္စည်း သုံးစွဲမှုထိန်းချုပ်ရေးစာချုပ် (Framework Convention for Tobacco Control - FCTC) လမ်းညွှန်ချက် (Guidelines) ထဲက ထိန်းချုပ်မှု မူဝါဒနဲ့ ဥပဒေတွေကို စောင့်ကြည့်ပြုပြင်ပေးရေးနဲ့ အရေးယူဆောင်ရွက်ရေး လမ်းညွှန်ချက် ၂ ခုကို နိုင်ငံတကာလူငယ်တွေ လက်တွေ့သုံးလာကြတာပါ။ သက်ဆိုင်ရာ အစိုးရတွေ အုပ်ချုပ်သူတွေအနေနဲ့ ဥပဒေအပြင် အမိန့်ကြော်ငြာစာတွေနဲ့ပါ၊ လူငယ်တွေကို အခုလို ကာကွယ်ပေးဖို့ လူငယ်တွေကိုယ်တိုင် ကြိုးပမ်းမှုကဏ္ဍသစ်လည်း ဖြစ်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက Health Digest ကျန်းမာရေးနှင့်ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဖေါင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။

Forum

XS
SM
MD
LG