သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အားကစားနဲ့ ရုတ်တရက်သေဆုံးခြင်း (အပိုင်း-၂)


အရေးပေါ်ပြုစု သူနာပြုကုသနည်း (Photo credit: St John Ambulance Australia (VIC)
အရေးပေါ်ပြုစု သူနာပြုကုသနည်း (Photo credit: St John Ambulance Australia (VIC)
တိုက်ရိုက် လင့်ခ်

အားကစားလှုပ်ရှားမှုကြောင့် နှလုံးထိပြီး၊ ရုတ်တရက် သေဆုံးမူမဖြစ်ရအောင် အရေးပေါ်ပြုစုကုသမူ ချက်ချင်းပေးပြီး၊ ဆေးရုံ အမြန်ပို့သင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

အားကစားသမားတွေအနေနဲ့ အားကစားလှုပ်ရှား ကစားနေချိန်မှာ နှလုံးထိသွားပြီး၊ ရုတ်တရက် လဲကျ၊ ပြန်မထနိုင်ဖြစ်သွားချိန်မှာ အတူကစားနေသူ၊ ဒိုင်လူကြီး၊ ပရိဿတ်နှင့် ဆေးအဖွဲ့တို့က၊ ဖြစ်တဲ့နေရာမှာ ချက်ချင်း အရေးပေါ်ပြုစု ကုသမူလုပ်ပေးနိုင်လျှင်၊ လူနာအသက်ရှင်ဖို့ (၅၀)% ပိုများသွားပြီး၊ အရေးပေါ်ပြုစုကုသမူ မလုပ်ပေးနိုင်လျှင် ရှင်နိုင်ဖို့ (၁၆)% သာရှိပါတယ်။ လူနာ နှလုံးခုန်ရပ် (မေးအောက်ရှိ လည်ပင်းသွေးကြော သွေးခုန်နှုန်းဖြင့်စမ်းနိုင်) ပြီး၊ အသက်ရှုရပ်ကာ၊ သတိလစ်သွားလျှင် ဒီ အရေးပေါ်ပြုစုကုသမူ ချက်ချင်းလုပ်ပေးဖို့ အရေးကြီးပါတယ်။ CPR (Cardiopulmonary Resuscitation) အရေးပေါ်ပြုစုကုသမူပေးဖို့ လူနာကို ပက်လက်လှန်ထားပြီး၊ မာကျောတဲ့နေရာကိုရွှေ့ကာ၊ ရင်ဘတ်အလယ်ရှိ ရင်ညွှန့်ရိုးအပေါ်နားကို အကြိမ် (၃၀) နှိပ်ပြီး၊ လူနာနှာခေါင်းကိုပိတ်ကာ ပါးစပ်ထဲ (၂) ကြိမ် လေမူတ်သွင်းဖို့ လိုပါတယ်။ ရင်ဘတ်ကို ဖိပြီးနှိပ်တဲ့ နှုန်းထားကတော့ တစ်စက္ကန့် (၂) ကြိမ်ခန့် (သို့မဟုတ်) တစ်မိနစ်လျှင် အကြိမ် (၁၀၀) မှ (၁၂၀) အတွင်း ဖြစ်ပါတယ်။ ရင်ဘတ်ကို ဖိပြီးနှိပ်တဲ့ပုံကလည်း လက်နှစ်ဖက်ကို ချိတ်ကာ၊ တတောင်ဆစ်ကို ဖြောင့်တန်းထားပြီး၊ လက်ဖနောင့်ဖြင့် ဖိကာနှိပ်ပေးရတာပါ။

အခုလိုလုပ်ပေးနေချိန်မှာ AED (Automated External Defibrillator) အလိုအလျှောက် နှလုံးပြန်နှိုးစက် ရောက်လာလျှင်၊ စက်ကိုသုံးပြီး နှလုံးပြန်ခုန်လာအောင် လုပ်ပေးနိုင်ပါတယ်။ ထိရောက်မူအားကောင်းတဲ့ ဒီ AED စက်က သုံးရလွယ်ကူတာမို့ ဆေးရုံမရောက်နိုင်ခင်၊ အရေးပေါ် ကားမရောက်လာခင် လူတိုင်း အသုံးပြုနိုင်ပါတယ်။ စက်မှာပါတဲ့ စတစ်ကာအပြား (၂) ခုကို ရင်ဘတ် ဘယ်၊ညာ တဖက်စီမှာ ကပ်ထားပြီး၊ စက်က စ စစ်ဆေးဖို့အတွက်၊ ရင်ဘတ်ဖိတာကို ရပ်ခိုင်းလျှင် ခဏ (၁၀ စက္ကန့်ခန့်) ရပ်ထားကာ၊ နောက်မှ ရင်ဘတ်ဖိ၊ လေမူတ်သွင်းတာတွေကို ပြန်စတွဲလုပ်နိုင်ပါတယ်။ စက်ကနေ လျှပ်စစ် ရှော့ခ် ရိုက်ခိုင်းလျှင်လည်း၊ ရှော့ခ် ရိုက်တဲ့ ခလုပ်ကိုနှိပ်ပေးပြီး၊ ရင်ဘတ်ဖိ၊ လေမူတ်သွင်းတာကို နားထားရပါမယ်။ စက်ကနေ လျှပ်စစ်ရှော့ခ် မရိုက်ခိုင်းလျှင်တော့ ရင်ဘတ်ဖိ၊ လေမူတ်သွင်းတာကို ဆက်လုပ်နိုင်ပါတယ်။ ရှော့ခ်ရိုက်ပြီး ချက်ချင်းနှလုံး ပြန်ခုန်လာနိုင်သလို၊ ပြန်မခုန်လာလျှင်လည်း၊ စက်က ညွှန်ကြားတဲ့အတိုင်း နောက်တစ်ကြိမ် ထပ်ရှော့ခ်ရိုက်ဖို့ လိုပါတယ်။ ဒီ AED စက်ကို အောင်းဆန်းကွင်းနှင့် သုဝဏ္ဏကွင်းကဲ့သို့ ပြိုင်ပွဲကျင်းပတဲ့ အားကစားကွင်းတွေရဲ့ ဆေးခန်းတွေမှာ သွားယူနိုင်ပါတယ်။ ဒါ့အပြင် လူစည်ကားတဲ့ စတိုးဆိုင်ကြီးတွေ၊ ဟော်တယ်တွေနဲ့ ပုဂ္ဂလိကဆေးခန်းတွေမှာလည်း ဒီစက်တွေ ရှိနိုင်ပါတယ်။

အမြန်ဆေးရုံပို့နိုင်ဖို့ အရေးပေါ်နံပါတ်တွေကိုခေါ်ပြီး အရေးပေါ်လူနာတင်ကား အကူအညီတောင်းသင့်ပါတယ်။ မြန်မာနိုင်ငံမှာ အရေးပေါ်နံပါတ် (၁၉၂) ကို မကြာခင် အသုံးပြုနိုင်ဖို့ အစိုးရဖက်က ကြိုးပမ်းနေချိန်မှာ၊ အားကစားကွင်းနဲ့ နီးစပ်တဲ့ လူမူရေးအသင်းအဖွဲ့တွေရဲ့ အရေးပေါ်လူနာတင်ယာဉ်အကူအညီတောင်း နံပါတ်တွေကို အသင့်ဆောင်ထားကာ၊ အများသိအောင် အားကစားကွင်းထဲ ရေးပြထားသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အရေးပေါ်အထူးကုနဲ့ ရန်ကုန်ဆးရုံကြီး အရေးပေါ်ဌာနက ပါမောက္ခ ဌာနမှူး ဒေါက်တာမော်မော်ဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG