သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နွေပူလာချိန် ဝမ်းလျှောဝမ်းပျက်ရောဂါ ကာကွယ်ပြုစုရေး


နွေရာသီ ပူလာချိန်မှာ ရေလည်း ရှားလာတာကြောင့် တကိုယ်ရည်နဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေးအားနည်းလာပြီး ဝမ်းလျှောဝမ်းပျက်ရောဂါ ပိုဖြစ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။

အခုလို အချိန်မှာ ဝမ်းရောဂါတွေ ပိုဖြစ်ရခြင်းကတော့ ရေ၊ အစာ၊ လက်နဲ့ အိမ်သာ မသန့်တာကြောင့်မို့ သန့် (၄) သန့် လုပ်ပေးဖို့ အရေးကြီးပါတယ်။ ပထမဆုံး ရေသန့်ဖို့အတွက် စက်ရုံထုတ် သောက်ရေသန့်သောက်တာ၊ တကယ်လို့ သောက်ရေသန့် မဝယ်နိုင်လျှင် မရနိုင်လျှင်တော့ ရေကို ကျိုချက်သောက်သင့်ပါတယ်။ အထူးသဖြင့် စစ်ဘေးရှောင်ဒေသတွေမှာ သောက်ရေသန့်ရဖို့ အခက်အခဲ ရှိနိုင်ပါတယ်။ ဒါ့အပြင် သုံးရေအတွက်လည်း ကလိုရင်း ဆေးခတ်ပြီး သုံးသင့်ပါတယ်။

အစားအစာအတွက်လည်း အသေအချာ ကျက်အောင်ချက်ပြီး၊ ပူပူနွေးနွေး စားသင့်ပါတယ်။ အထူးသဖြင့် အသားတွေကို သေသေချာချာ ကျက်အောင်ချက်ပြုတ်ပြီး၊ ပူနေတုံးအချိန်မှာ စားသင့်ပါတယ်။ နွေအပူရှိန်ကြောင့် သိမ်းဆည်းပြီးစားတာက ပုပ်သိုးဖို့လွယ်တာကြောင့်လည်း ပါပါတယ်။

တချို့အသီးအရွက်တွေကို အစိမ်းစားလျှင်လည်း ရေနဲ့ စင်ကျယ်အောင်ဆေးပြီးမှသာ စားသင့်ပါတယ်။ ဒါ့အပြင် နွေမှာပူတာကြောင့် တချို. သစ်သီးတွေအမှည့်လွန်ပြီး အညစ်အကြေးသယ်နိုင်တဲ့ ယင်ကောင်တွေလည်း နားထားနိုင်တာမို့ အမှည့်လွန်တွေကို မစားဘဲ ရှောင်ကျဉ်သင့်ပါတယ်။

တချိန်ထဲမှာ အစာကိုင်မဲ့ လက်ကိုလည်း သန့်ရှင်းစေဖို့ အရေးကြီးတာမှာ အဆင့်ဆင့်ရှိပါတယ်။ အစားအသောက် ပြင်ဆင်ချိန်၊ စားဖို့ အစာကို မကိုင်တွယ်ခင်အချိန်တွေမှာ လက်ကို ဆပ်ပြာနဲ့ အသေအချာ စင်ကြယ်အောင် ဆေးကြောသင့်ပါတယ်။ ဒါ့အပြင် အိမ်သာသုံးပြီး ပြန်ထွက်လာချိန်မှာလည်း အလားတူ လက်ကို သန့်စင်သွားအောင် ဆေးပေးသင့်ပါတယ်။ တချိန်ထဲမှာ အညစ်အကြေး သယ်လာနိုင်တဲ့
ယင်ကောင်တွေ အစာတွေကို လာမနားအောင်လည်း ဖုံးအုပ်ထားပြီး၊ ယင်နားမိခဲ့လျှင်လည်း နှမျောပြီး စားတာမျိုး မလုပ်သင့်ပါဘူး။

ဒါ့အပြင် အိမ်သာသန့်ဖို့လည်း အရေးကြီးတာမှာ ယင်လုံအိမ်သာအပြင်၊ အညစ်အကြေး သန့်ရှင်းအောင်ဆေးနိုင်တဲ့ ရေလောင်းအိမ်သာပါဖြစ်နိုင်လျှင် ကောင်းပါတယ်။ ဒါပေမဲ့ စစ်ဘေးရှောင်ဒေသတွေမှာ၊ တောတောင်တွေထဲမှာ ရောက်နေသူတွေအတွက်ကတော့ အခုလို ယင်လုံ၊ ရေလောင်းအိမ်သာဖြစ်ဖို့ အခက်အခဲရှိနိုင်ပါတယ်။ အခုလို အခက်အခဲရှိလျှင်လည်း အညစ်အကြေးစွန့်ပြီးလျှင် ယင်မနားအောင် ပြန်ဖုံးအုပ် ပေးထားခဲ့သင့်ပါတယ်။ အထူးသဖြင့် ကလေးသူငယ်တွေစွန့်တဲ့ အညစ်အကြေးကို အခုလို စနစ်တကျဖြစ်ဖို့ ပိုသတိပြုကူညီပေးသင့်ပါတယ်။

ကာကွယ်တဲ့ကြားက ဝမ်းရောဂါ ဖြစ်လာခဲ့လျှင်လည်း လက္ခဏာအဆင့်လိုက် ပြုစုကူညီပေးသင့်ပါတယ်။ ဝမ်းသွားကြိမ်များပြီး၊ ပျို့အန်တာ၊ ဗိုက်နာတာ၊ အချွဲနဲ့သွေး ပါလာတာတွေမှာ၊ ရေဓာတ်ဆားဓာတ် ဆုံးရှုံးနိုင်တာမို့ သောက်ရေသန့်များများ တိုက်တာအပြင် ဓာတ်ဆားပါဖျော်ပြီး တိုက်ပေးသင့်ပါတယ်။ ဝမ်းသွားတာနဲ့ အန်တဲ့အကြိမ်များလွန်းပြီး မသောက်နိုင်တော့တာ (သို့) ဆုံးရှုံးတဲ့ ရေနဲ့ဆားဓာတ် ပမာဏကို သောက်တာနဲ့ ပြန်မဖြည့်ပေးနိုင်လျှင်တော့ အသက်အန္တရာယ်ကြီးတဲ့ သွေးလန့်တဲ့အဆင့် မရောက်မီ၊ သွေးကြောကနေ ဓာတ်ဆားရည်သွင်းနိုင်ဖို့ ဆေးရုံဆေးခန်း အမြန်ပို့ပေးသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက မြန်မာနိုင်ငံထဲ နိုင်ငံတကာဖွံဖြိုးရေးအဖွဲ့တွေနဲ့ ကျန်းမာရေးပညာပေးပါ တွဲလုပ်ခဲ့တဲ့ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာအိကလျာမိုး ကို ဆက်သွယ်မေးမြန်းပြီး တင်ပြလိုက်ပါတယ်။

Forum

XS
SM
MD
LG