အကြောတက်ရောဂါမှာပါတဲ့ ဇက်ကြောတက်ခြင်း မြန်မာနိုင်ငံမှာ အဖြစ်များလာပြီး၊ အရွယ်မရွေး ဖြစ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။
ရောဂါ ပိုအဖြစ်များလာရတာက နေပုံထိုင်ပုံ ပြောင်းလဲလာတာကြောင့် အဓိကဖြစ်ပြီး၊ ဒီအထဲမှာ အကြာကြီး ခေါင်းငိုက်ပြီး Facebook ကို စိုက်ကြည့်တာ၊ ကိုယ်လက်လှုပ်ရှားမူ နည်းလာတာနဲ့ အိပ်ချိန် မမှန်တာတွေပါပါတယ်။ ဖုန်းနဲ့ကွန်ပြူတာတွေမှာ Facebook အပါအဝင် စာတွေကို မျက်စိနဲ့ခေါင်းငြိမ်ပြီးတောင့်ကာ အကြာကြီး ကြည့်တာကြောင့် ကြွက်သားတွေ ပိုအလုပ်လုပ်ရပြီး၊ အကြောတွေတောင့်ကာ ကိုက်ခဲနာလာကြပါတယ်။ အခုလို ခေါင်းပိုင်းလှုပ်ရှားမူ နည်းသွားတာအပြင်၊ အခြားကိုယ်လက်လှုပ်ရှားမူတွေလည်း ကျောင်းသူကျောင်းသားတွေအပါအဝင် လူအများ မလုပ်၊ နည်းလာပြီး၊ ကျောင်းသူကျောင်းသားများ မုန့်စားဆင်းချိန်မှာ ယခင်လို လှုပ်ရှားကစားကြတဲ့အစား၊ Facebook ကြည့်တာ၊ စာကြည့်တာ များလာပြီး ကျောင်းဆင်းချိန်မှာလည်း ယခင်လို ပြေးလွှားကစားတာ (ဘောလုံးကန်၊ ထုတ်စီးတိုး) အစား၊ ကျူရှင်တက်ရ အချိန်ကုန်နေတာတွေကြောင့် ငြိမ်ပြီးထိုင်ချိန်ဆက်တိုက်များလာပြီး၊ ကြွက်သားအကြောတွေ တောင့်တင်းနာစေပါတယ်။
အိပ်စက်ချိန်ကလည်း ယခင်လို ည စောစော (ည ၉ နာရီ၊ ၁၀ နာရီ) အိပ်ပြီး၊ မနက် စောစော (မနက် ၅ နာရီ၊ ၆ နာရီ) နိုးထရာကနေ၊ ယခုတော့ ညည့်နက် (၁၁ နာရီ၊ ၁၂ နာရီ) အိပ်ပြီး၊ မနက် နောက်ကျထကာ၊ အိပ်ချိန်မမှန်၊ သဘာဝမကျတော့တာကြောင့်၊ တကယ်အိပ်ချိန်နည်းပြီး ကိုယ်တွင်းအကြောတွေတက်ကာ နာကျင်လာတာပါ။ ဒါ့အပြင် စိတ်ဖိစီးမူတွေ မလျော့ချနိုင်တာကြောင့်လည်း တကယ်အိပ်ချိန်ထိခိုက်ပြီး အကြောတက်တာ ဖြစ်လာနိုင်ပါတယ်။
ဒီလိုဖြစ်တာကို ကာကွယ်နိုင်ဖို့အတွက် အထက်ပါဖြစ်စေတဲ့အကြောင်းရင်းတွေကို ဖြေရှင်းဖို့လိုရာမှာ၊ ကွန်ပြူတာနဲ့ ဖုန်းအပါအဝင် စာကြည့်ရာမှာ အာရုံကြောကြွက်သားတွေ ပိုအလုပ်လုပ်ရစေနိုင်တဲ့ ခေါင်းကို ရှေ့ငိုက်ကြည့်တာ၊ နောက်လန်ကြည့်တာမျိုး မဖြစ်စေရန်၊ ဇက်ကို ခန္ဓာကိုယ်ပေါ်မျဉ်းတဖြောင့်တည်း တည့်တည့်ထားကြည့်ဖို့ လိုပါတယ်။ ထိုင်ရာမှာလည်း (၁) နာရီကြာတိုင်း၊ ခဏထလမ်းလျှောက် လှုပ်ရှားပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် ညနေပိုင်း ရုံးဆင်း၊ ကျောင်းဆင်းချိန်တွေမှာ နာရီဝက်၊ (၁) နာရီခန့် လှုပ်ရှားမူလုပ်ပေးခြင်းဖြင့် ကြွက်သားအကြောတွေကို ဖြေလျော့ပေးနိုင်ပါတယ်။ အနည်းဆုံးတော့ ရေချိုးကာနီးမှာ (၁၀) မိနစ်ခန့် ချွေးထွက်အောင် ခုန်ပေါက်လှုပ်ရှား၊ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ပေးသင့်ပါတယ်။ အိပ်ချိန်ကိုလည်း မှန်အောင် စောစော (ည ၁၀နာရီ၊ နောက်အကျဆုံး ၁၁ နာရီ) အိပ်ပြီး၊ မနက် စောစော (မနက် ၆ နာရီ၊ ၇ နာရီ) ထကာ၊ အိပ်ချိန်အနည်းဆုံး (၆) နာရီ၊ (၇) နာရီ ရှိသင့်ပါတယ်။ အိပ်ချိန် (၆) နာရီထက်နည်းသွားလျှင်တော့ အကြောတက်တာဖြစ်ဖို့ များလာပါတယ်။ ည (၁၀) နာရီအိပ်ပြီး၊ မနက် (၅) နာရီ (၆) နာရီ ထနိုင်လျှင်တော့ အသင့်တော်ဆုံးဖြစ်ပါတယ်။ ညည့်နက် (၁) နာရီအထိ စာကြည့်တာ၊ လျှောက်လည်တာလုပ်ပြီး၊ မနက် နောက်ကျ (၉) နာရီလောက်မှ ထလျှင်တော့၊ အကြောတက်တာဖြစ်ဖို့ များသွားပါတယ်။ ဒါ့အပြင် အပြည့်အဝ အိပ်နိုင်အောင် စိတ်ဖိစီးပူပန်မူဖြေလျော့ပြီး စိတ်အေးအေးထား အိပ်နိုင်ဖို့ အရေးကြီးပါတယ်။ စိတ်ပူနေလျှင် အပြည့်အဝ မအိပ်နိုင်ဘဲ၊ အကြောတက်တာဖြစ်ဖို့ များသွားပါတယ်။ စိတ်အေးအေးထားနိုင်ဖို့ တရားစာဖတ်တာ၊ တရားထိုင်တာတွေ လုပ်ပေးနိုင်ပါတယ်။
ရောဂါခွဲခြားဆုံးဖြတ်ဖို့ လက္ခဏာတွေကတော့ လေးဖက်နာလို အဆစ်တွေမှာ နာတာမဟုတ်ဘဲ၊ ကြွက်သားအကြောတွေအပေါ်မှာ နာတာမျိုးဖြစ်ကာ၊ နာတဲ့ ရောတွေကလည်း လေးဖက်နာလို (၄) ခု၊ (၅) ခု၊ (၆) ခု မကဘဲ၊ ကြီးပေါင်းနဲ့ ဂေါက်ရောဂါမှာလို တစ်နေရာမှာသာ မဟုတ်ဘဲ၊ နေရာ (၁၀) ခု ကျော် (ဥပမာ ဇက်ကြောတင်မက၊ လက်ဖျံ၊ လက်မောင်း၊ ပုံခုံးတဝိုက်၊ လက်ပြင် (၂ ) ခုအကြား၊ တင်ပါး၊ ခြေသလုံး စတဲ့) အကြောနေရာတွေ အများအပြားမှာ နာလာတာ ဖြစ်ပါတယ်။
ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ အရိုး၊အကြော၊အဆစ် အထူးကု နဲ့ ဆေးတက္ကသိုလ် (၁) အရိုး၊အကြော၊အဆစ် ဆေးပညာဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာခင်စိုး ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။