အမေရိကန်သမ္မတ ထရမ့်က စစ်ဗိုလ်ချုပ်ကြီးတွေကို ဖြုတ်လိုက်တာဟာ အရင်က မလုပ်ခဲ့ဖူးတဲ့ ကိစ္စ မဟုတ်ပါဘူးလို့ ကာကွယ်ရေးဝန်ကြီး Pete Hegseth က အခိုင်အမာ ပြောလိုက်ပါတယ်။
ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌအဖြစ်ကနေ လေတပ်ဗိုလ်ချုပ်ကြီး CQ Brown Jr ကို ဖယ်ရှားလိုက်တာနဲ့ ပတ်သက်လို့ Fox News တနင်္ဂနွေနေ့ အစီအစဥ်မှာ ဟက်ဆဂ်က ခုလို ပြောလိုက်တာပါ။
"သမ္မတဟာ သူ့ရဲ့ အဓိကကျတဲ့ အမျိုးသားလုံခြုံရေး အကြံပေးအဖွဲ့ကို ဖွဲ့စည်းရမှာပါ။ ဒီလို အပြောင်းအလဲတွေ လုပ်ခဲ့ကြတဲ့ သမ္မတတွေ အများကြီးရှိပါတယ်" လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။
ဗိုလ်ချုပ်ကြီး Brown ကို လေတပ်ဦးစီးချုပ်အဖြစ် ထရမ့်ကပဲ ၂၀၂၀ မှာ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးဘရောင်းဟာ ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌနေရာကို ရရှိတဲ့ ဒုတိယမြောက် လူမည်းလည်း ဖြစ်ပါတယ်။
ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌနေရာကို ထရမ့်က လေတပ် ဒုတိယဗိုလ်ချုပ်ကြီး Dan "Razin" Caine ကို ခန့်ထားလိုပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးကိန်းဟာ ဒီဇင်ဘာလက အငြိမ်းစား ယူသွားခဲ့တာပါ။ အငြိမ်းစားယူပြီး ဗိုလ်ချုပ်ကြီးတယောက်ကို ဘာလို့ ခန့်ထားရသလဲဆိုတာကတော့ မရှင်းသေးပါဘူး။
DEI ခေါ် လူမျိုးကွဲပြား၊ တန်းတူညီမျှနဲ့ အားလုံးပါဝင်ရေးကို ထောက်ခံတဲ့ စစ်အရာရှိကြီးတွေကို ရာထူးက ဖယ်ရှားမယ်လို့ ထရမ့်နဲ့ ဟက်ဆဂ်တို့က ရှင်းရှင်းပြောထားပြီး ဖြစ်ပါတယ်။ ဒီလို ဖယ်ရှားခြင်းအားဖြင့် တိုက်ခိုက်ရေး ပိုအားကောင်းလာမယ်လို့ အစိုးရကတော့ ပြောပါတယ်။
Forum